Tuesday, October 18, 2016

မောင်တောမြို့နယ်မှ ပိတ်မိနေသည့် INGO ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်း ၁ဝဝ ကျော်အား ဘေးလွတ်ရာသို့ ဆက်လက်ပို့ဆောင်

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ပိတ်မိနေသည့် INGO ဝန်ထမ်းများနှင့် အစိုးရဌာနဆိုင်ရာဝန်ထမ်း ၁ဝဝ ကျော်အား တပ်မတော်ရဟတ်ယာဉ်ဖြင့် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ဆက်လက်ပို့ဆောင်နေသည်ဟု တပ်မတော်က ထုတ်ပြန်သည်။

မောင်တောမြို့နယ် တောင်ပြိုဝဲကျေးရွာအပါအဝင် အနီးရှိကျေးရွာများမှ INGO ဝန်ထမ်းများအပါအဝင် ကျောင်းဆရာ၊ ဆရာမများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြားဌာနများမှ ဝန်ထမ်း စုစုပေါင်း ၁၁၅ ဦးအား အောက်တိုဘာလ ၁၅ ရက်နေ့တွင် တပ်မတော် ရဟတ်ယာဉ် ၂ စီးဖြင့် စစ်တွေနှင့် ဘူးသီးတောင်မြို့ပေါ်သို့ ပို့ဆောင်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“အထက(၄)ကျောင်းမှာ ကျောင်းဆရာ၊ ဆရာမတချို့ရောက်ကြပါတယ်။ မောင်တောကနေ ရဟတ်ယာဉ်နဲ့ရောက်ရှိကြတာလို့ ပြောပါတယ်”ဟု စစ်တွေမြို့ခံ ကိုတင်ငြိမ်းဦးက နိရဉ္စရာသို့ ပြောသည်။

မောင်တောအကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် မောင်တောခရိုင်အတွင်း ပိတ်မိနေသည့် အစိုးရဝန်ထမ်းများကို အောက်တိုဘာလ ၁၃ ရက်နေ့မှစတင်ကာ တပ်မတော်ရဟတ်ယာဉ်များဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့ပေးနေခြင်းဖြစ်သည်။

“ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးဘူး။ အရမ်းကြောက်တာပဲ”ဟု ရဟတ်ယာဉ်ဖြင့် ဘူးသီးတောင်မြို့ပေါ်သို့ ပို့ဆောင်ခြင်းခံရသူ မူလတန်းပြဆရာမ ဒေါ်ခင်သန္တာက နိရဉ္စရာသို့ ပြောသည်။

အဆိုပါဝန်ထမ်းများအနေဖြင့် ယင်းတို့တာဝန်ကျရာဒေသသို့ ပြန်လည်တာဝန်ထမ်းဆောင်ရမည်ဆိုပါက လုံခြုံရေးတင်းကျပ်စွာချထားပေးပါမည်ဟု သက်ဆိုင်ရာလူကြီးမင်းများက လက်မှတ်ထိုးကတိခံပေးမှသာ ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်းလည်း အဆိုပါဝန်ထမ်းများက ဆိုသည်။

No comments: