Thursday, October 20, 2016

ကချင် တိုက်ပွဲ ပို ပြင်းထန် လာနိုင်ဟု KIA ဆို

Kachinnews


ကချင်ပြည်နယ်သို့ မြန်မာ အစိုးရတပ် စစ်အင်အား ဆက်လက် တိုး၍ ပို့ဆောင် နေခြင်းကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် တိုက်ပွဲ ပို ပြင်းထန် လာနိုင်ကြောင်း KIA ဘက်မှ ပြောပါသည်။
နှစ်ဖက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသော ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် KIA အမာခံ စခန်းများ ရှိရာ Nhkram Bum တောင် နှင့် Lai Hpawng Bum တောင် သို့ ယမန်နေ့ည က စစ်ကူ အမြောက်အများ ထပ်၍ ရောက်ရှိလာသည်ဟု ဆိုသည်။

လိုင်ဇာ ဗဟိုဌာနချုပ် ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြား ရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူက ယခုလို ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

“သူတို့ဘက် မနေ့ညကလည်း နေရာအနှံ့ တပ်အင်အားတွေ ဖြည့်ထားတာတွေ့ရတယ်။ အဲဒါတွေကို ပြန်ရုတ်သိမ်းဖို့ အခြေအနေလည်း မရှိတဲ့အတွက် တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်။ အဲကြောင့် ကျနော်တို့ လည်း သတိထားနေတယ်။”

ဗဟိုဌာနချုပ် Laiza နှင့် Laisin Bum လုံခြုံရေးအတွက် စစ်ရေး မဟာဗျူဟာ အရ အရေးပါသော KIA လှုပ်ရှားတပ်ရင်း DND D ၂၅၂ ၏ Nhkram Bum တောင် စခန်းများနှင့် KIA တပ်ရင်း (၃) Lai Hpawng Bum တောင် စခန်းများ ကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ယခု ရက်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။

ယမန်နေ့ည ကလည်း Nhkram Bum မှ Gidon စခန်းကို တပ်မတော်က လက်နက်ကြီးများနှင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သည်။ ယခုကဲ့သို့ ပစ်ခတ်မှုမှာ နေ့စဉ် ဖြစ်ပွားနေသည်ဟု ဒုဗိုလ်မှုးကြီး နော်ဘူက ပြောပါသည်။

လွန်ခဲ့တဲ့ တပတ်ကျော် အောက်တိုဘာ ၁၁ ရက်နေ့မှာ တပ်မတော် MIG ၂၉ ဂျက်တိုက် လေယာဉ် ၂ စီး က ယင်း တောင် နှစ်တောင်ရှိ KIA စခန်းများကို လေးကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့သည်။

ယခုလို တပ်မတော်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှု လုပ်ရပ်သည် “စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ်ထွန်းရေးကို ဖျက်ဆီးနေခြင်း” နှင့် “ပြည်တွင်း စစ်မီးကို ပိုမိုကြီးထွား ပြန့်နှံ့လာစေရန် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်” ဟု KIO ဗဟိုကော်မတီက အောက်တိုဘာ (၈) ရက်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

No comments: