Kachinnews
မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့် အစိုးရ ကြား ပြည်တွင်းစစ် ပြဿ နာကို ဖြေရှင်းနိုင်သော ‘နည်းလမ်း တံခါး ယခုထိ မဖွင့်သေးဘူး’ ဟု ပြောနိုင်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO ပြောလိုက်ပါသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အားလုံး ကြိုးပမ်းနေချိန်မှာဘဲ အစိုးရတပ်မတော်က KIO ဗဟိုဌာနချုပ်နယ်မြေ အပါအဝင် ကချင်ဒေသ KIA တပ်မဟာ ရှစ် ခု တိုင်းမှာ ထိုးစစ်ဆင် တပ်အင်အားများ ပို့ဆောင်နေဆဲ အခြေအနေ ရှိနေကြောင်းကို ယနေ့ အောက်တိုဘာ ၂၅ KIO အဖွဲ့ (၅၆) နှစ်ပြည့်နေ့မှာ အဖွဲ့ ဥက္ကဌ Lanyaw Zawng Hra ၏ မိန်းခွန်းမှာ ပြောသည်။
KIO အနေနှင့် ‘နိုင်ငံရေးပြဿ နာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းမည်’ ဟု ခံယူထားသည့် မူဝါဒ အတိုင်း သြဂုတ် ၃၁ မှ စက်တင်ဘာ ၃ ရက်နေ့အထိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်သော ‘ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ’ ကို ကိုယ်စားလှယ် ၂၄ ဦး နှင့် တက်ရောက်ခဲ့သည်ဟု ပြောသည်။
ယခုကဲ့သို့ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် ညှိနှိုင်း နေချိန် အစိုးရတပ် မှ သြဂုတ် ၁၆ ရက် KIO ဌာနချုပ်နယ်မြေကို အင်အား အလုံးအရင်းနှင့် စတင်တိုက်ခိုက်ခဲ့ပြီး နောက်ရက် သြဂုတ် ၁၇ တွင် KIA လှုပ်ရှားတပ်ရင်း ၂၅၂ ၏ ရှေ့တန်း စခန်း ၁ ခုကို သိမ်းပိုက်လိုက်သည်ဟု ပြောသည်။
အစိုးရက နိုင်ငံရေးဆွေးနွေးပွဲလုပ်ရန် ပုံဖော်နေစဉ် တစ်ဖက်မှာ အစိုးရတပ်မတော်က စစ်ရေးအရ ထိုးစစ်ဆင်မှုများကို အရှိန်မြှင့်ပြုလုပ်လာသည်ဟု ပြောသည်။
ရွေးကောက်ပွဲ မဲစွယ်စည်းရုံးစဉ် က ‘စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်အောင် အတူ တည်ဆောက် ရန်’ ပြောဆိုခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ ကလည်း သူ့ အာဏာတည်မြဲရေးအတွက် မြန်မာ့ တပ်မတော်၏ ထိုးစစ်ဆင်နေမှုများကို တားဆီး ပိတ်ပင်ခြင်းမျိုး မလုပ်သည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် မ ရေးထိုးသော KIO အပါအဝင် အဖွဲ့များကို ငြိမ်းချမ်းရေး မလိုလားသူများ ဟု အပြစ်တင် ပြောဆိုနေကြောင်း KIO ဥက္ကဌ က ဆိုသည်။
တပ်မတော်က KIO ဌာနချုပ်ကို စစ်ရေးအရ ဆုတ်ကိုင်နိုင်အောင်ကြိုးစားနေပြီး ရည်ရွယ်ချက်က KIO ကို NCA လက်မှတ် ရေးထိုးစေပြီးနောက် DDR ဟုခေါ်သော လက်နက်ဖြုတ်သိမ်းရေး နည်းလမ်း ဖြင့် တော်လှန်ရေး အဖွဲ့များကို စစ်ရေးနှင့် အပြတ်ချေမှုန်းရန် ဖြစ်သည်ဟု ပြောထားသည်။
ထို့အပြင် တပ်မတ်ာက သမိုင်းစဉ်ဆက် ကချင်ပြည်နယ်တွင် အတူ နေထိုင်လာခဲ့သည့် ရှမ်းမျိုးနွယ်စု နှင့် ကချင် မျိုးနွယ်စုကြား၊ ကချင်မျိုးနွယ်စု အတွင်းကြား သွေးခွဲမှုများဖြစ်အောင် လက်နက်တပ်ဆင် ပေးသည့်အပြင် ကချင်ဒေသ ကျေးရွာများတွင် လူ့အခွင့်အရေး ချိုးဖောက်သည့် လုပ်ရပ်အများအပြား ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုပါသည်။
ယခုကဲ့သို့ တပ်မတော်၏ လုပ်ရပ်များကို NLD အစိုးရက အရေးယူ တားမြစ်ခြင်း မရှိသည့်အပြင် တပ်မတော်ကို အခွင့်အရေးပေး ကာကွယ် ပြောဆို မှုများ ရှိနေသည့်အတွက် ‘အစိုးရ နှင့် တပ်မတော် တစ်သားတည်း ပူးပေါင်း နေသည့်ပုံစံ’ ဖြစ်နေသည်ဟု ဖော်ပြထားသည်။
အခြေအနေများကို သုံးသပ်ကြည့်သလောက် ‘တပ်မတော် နှင့် အစိုးရ ပူးပေါင်းပြီး လူဦးရေ နည်းပါးလွန်းသည့် တောင်ပေါ်နေ ဌာနေ လူမျိုးစုများကို အမြစ်ဖျက် ချေမှုန်းနိုင်ရန် လုပ်ဆောင်လာနေသည်ကို အားလုံး သိမြင် နားလည် သင့်ကြောင်း’ ပြောထားခြင်း ဖြစ်သည်။
ယခုလို စစ်ရေးအရ ဖိအားပေးခံနေရချိန် မှာလည်း ကချင်အမျိုးသားများ သာမက ပြည်နယ်တွင်း နေထိုင်ကြသော အခြား ဌာနေ တိုင်းရင်းသား လူမျိုးစု အားလုံးကြား အချင်းချင်း ရိုင်းပင်းကူညီ ကြရန် လိုအပ်ကြောင်း ပြောပါသည်။
ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကို ၁၉၆၀ အောက်တိုဘာ ၂၅ ရက်နေ့ ကချင်ပြည်နယ်ခွဲ (Kachin Sub-state) ယခု ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရန်ကုန် တက္ကသိုလ်မှ ကချင်ကျောင်းသား တစ်စုမှ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ ၅၆ နှစ်ပြည့်ပြီ ဖြစ်သည်

No comments:
Post a Comment