Tuesday, October 18, 2016

တစ်နှစ်အတွင်း NCA အကောင်အထည်ဖော်မှု အားနည်းနေသေးဟု ကေအဲန်ယူ ဥက္ကဋ္ဌပြောဆို

စောထွန်းလင်း


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ် (NCA) လက်မှတ်ထိုးမှု တစ်နှစ်ပြည့်ပြီးဖြစ်သော်လည်း စာချုပ်ပါအချက်များ အကောင်အထည်ဖော်မှုအ ပိုင်း အားနည်းနေသေးသည်ဟု ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး စောမူတူးစေး ဖိုးက နေပြည်တော်ရှိ MCC I ခန်းမ၌ ယနေ့ပြုလုပ်သည့် NCA တစ်နှစ်ပြည့် အခမ်းအနားတွင် ပြောဆိုလိုက် သည်။

၎င်းက “တစ်နှစ်တာ ကာလအတွင်း NCAနှင့် အညီနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို စတင်ပြုလုပ်နိုင်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံကျင်းပနိုင်ခြင်းတို့ကြောင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ သံတမန်ရေး ထောက်ခံမှုတွေရရှိခဲ့သော်လည်း NCA အကောင်အထည်ဖော်မှုတွေမှာ အားနည်းမှုတွေ ရှိနေ သေးတယ်ဆိုတာ သတိပြုဖို့ လိုအပ်ပါတယ်” ဟု အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

ထို့အပြင် NCA စာချုပ်အကောင်အထည်ဖော်ရာ၌် ပြည်ထောင်စုအဆင့်တွင် နှစ်ဖက်မူဝါဒဆိုင်ရာ ဆွေးနွေး ညှိနှိုင်း အကောင်အထည် ဖော်နိုင်သော်လည်း ပြည်နယ်အဆင့်ကဏ္ဍတိုင်းတွင် NCA အကောင်အထည်ဖော်ရာ တွင် အကန့်အသတ်များရှိနေသလို အားလုံးပါဝင်သည့် ဖြစ်စဉ်ဖြစ်အောင် အားလုံးကြိုးပမ်းသွားရမည်ဖြစ်သည် ဟုလည်း ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဆက်ပြောသည်။

ယနေ့(အောက်တိုဘာ ၁၅ရက်)တွင်ပြုလုပ်သည့် NCA တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားသို့  နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NCAလက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်းပြည်ပ ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး အခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ်နှင့် ကေအဲန်ယူ ဥက္ကဋ္ဌတို့က အသီးသီးမိန့်ခွန်းပြောကြားခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုစင်တာ ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က “အခု NCA ထိုး တာတစ်နှစ်ကြာပြီ။ တစ်နှစ်ကြာပြီဆိုပေမဲ့လည်း မထိုးသေးတဲ့ အဖွဲ့တွေ တစ်ခုမှထပ်ပြီးတော့ မထိုးသေးတာ အင်မတန်မှာဝမ်းနည်း စရာကောင်းပါတယ်။ အဲ့တော့ ကျမပြောချင်တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးဟာ ဘယ်သူတွေက ပိုပြီးသဘောထားကြီးနိုင်သလဲ၊ ဘယ်သူတွေက ပိုပြီးခွင့်လွှတ်သည်းခံနိုင်လဲ၊ နိုင်ငံရဲ့အနာဂတ်ကို အတိတ်ထက်ပိုပြီးတန်ဖိုးထားနိုင်သလဲ ဆိုတာကို ပြိုင်ကြပါလို့ ကျမက ပြောချင်ပါတယ်”ဟု မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့သည်။

NCAတွင် မပါဝင်သေးသည့် တိုင်းရင်းသားအဖွဲ့များ အားလုံးပါဝင်လာအောင် အစိုးရနှင့် တပ်မတော်တို့မှ သ ဘောထားကြီးစွာဖြင့် မူဝါဒပိုင်းအချို့ဖြေလျှော့ပေးရန်၊ နိုင်ငံမြောက်ပိုင်း ဒေသတွင်အင်အားသုံးဖြေရှင်းသည့် နည်းလမ်းကိုရှောင်ရှားရန်၊ စာချုပ်လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် မတော်တဆထိတွေ့မှုများကို နားလည် နိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိ ထိတွေ့မှုများမဖြစ်အောင် လုပ်ဆောင်သွားရန် စာချုပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များကိုယ်စား ကေအဲန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး တိုက်တွန်းပြောဆိုသည်။

နှစ်ပေါင်း ၇၀နီးပါး သက်တမ်းရှိပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးအရ ဖြေရှင်းရမည့် ပြဿနာဖြစ်သည်ကို NCA တွင် ပါဝင်သည့် အဖွဲ့အားလုံးလက်ခံထားသလို NCA စာချုပ်ပါ အချက်များသည် တိုင်းရင်းသားများတင်ပြချက်အပေါ် နိုင်ငံတော်ဘက်က ညှိနှိုင်းပေးခဲ့သည့် အချက်များဖြစ်ကာ NCAကို ကျော်လွန်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို သွားနေခြင်းသည် မသင့်တော်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

NCA စာချုပ်ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်နေ့ တွင် နေပြည်တော်ရှိ MCC II ခန်းမ၌ လက်မှတ်ထိုးခဲ့ပြီး တစ်နှစ်တာကာလအတွင်း စာချုပ်လက်မှတ်ထိုးထား သည့် တိုင်းရင်းသားအဖွဲ့များနှင့် တပ်မတော်တို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားမှုအချို့ ရှိနေသေးကြောင်း သိရသည်။

No comments: