Wednesday, October 5, 2016

ချမ်းအေးသာစံမြို့နယ် တရားရုံးကို ရှေ့ပြေးတရားရုံး(Pilot Court)အဖြစ် အောက်တိုဘာ ၁ရက်က စတင်သတ်မှတ်

အောင်ကိုဦး

အမှုများ လျှင်မြန်မှန်ကန်စွာ စစ်ဆေး ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ် တရားရုံးအား ရှေ့ပြေးတရားရုံး(Pilot Court)အဖြစ် သတ်မှတ်ကာ စစ်ဆေးသွားမည်ဟု ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးစိန်ကြည်က အောက်တိုဘာလ ၄ ရက်တွင် မဇ္ဈိမ ကိုပြောသည်။

ရှေ့ပြေးတရာရုံး(Pilot Court)ကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ မန္တလေးတိုင်း ဒေသကြီးတွင် ပထမဆုံး အ နေဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးကို သတ်မှတ်ကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

"မန္တလေးတိုင်းမှာတော့ ကျွန်တော်တို့ ဒီတရားရုံးက ပထမဆုံးပဲ။ ကြန့်ကြာနေတဲ့ အမှုတွေကို ပထမဆုံး စစ်ဆေး ဆောင်ရွက်သွားမယ်။ ဒီလို လုပ်ခြင်းအားဖြင့် အမှုတွေ အလျှင်မြန်ဆောင်ရွက် ပေးနိုင်မယ်ဆို အမှုရင်ဆိုင်နေတဲ့ သူတွေ အနေနဲ့ ကုန်ကျစရိတ်လည်း သက်သာမယ်။ တရားရုံးတွေကိုလည်း ပိုမိုယုံကြည်လာမယ်။ အားလုံးပူးပေါင်း ဆောင်ရွက်ရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ် " ဟု ချမ်းအေးသာစံမြို့နယ်၊ တရားသူကြီး ဦးစိန်ကြည်က ပြောသည်။

ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ကြန့်ကြာနေသည့် အမှုပေါင်း ၅၀ ကျော်ရှိကာ ထိုအမှုများကို အောက်တိုဘာလမှ စတင်၍ နိုဝင်ဘာလအထိ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီး အမှုသစ်များကို ဒီဇင်ဘာလ မှစတင်စစ်ဆေး သွားမည်ဖြစ်သည်ဟုလည်း ဦးစိန်ကြည်က ဆိုသည်။

"ပထမဆုံး ကြန့်ကြာအမှုတွေ စစ်ဆေးဖို့လုပ်နေတယ်။ အဲဒါတွေပြီးမှ အမှုသစ်ကို စစ်ဆေးမယ်။ အခုရှေ့နေတွေ ဥပဒေ အရာရှိတွေနဲ့ တိုင်ပင်နေတယ်။ တရားစွဲဆိုရေးအဖွဲ့တွေနဲ့ရောပေါ့။ တရားစွဲဆိုရေး အဖွဲ့တွေက အရေးကြီးတယ်။ နာ ကြင်စေမှုတွေ ဆေးစာရဖို့တို့ လက်ရေးလက်မှတ်တွေအတွက် ဓါတုဗေဒဌာနတို့ကတော့ ဘယ်နေ့၊ ဘယ်ရက်တွေ ဆောင်ရွက်ပေးနိုင်မလဲ။ ဒါတွေကိုညှိုနှိုင်းပြီး ရက်တွေသတ်မှတ်ပေးသွားမယ် "ဟု ဦးစိန်ကြည်က ပြောသည်။

ထိုသို့ ညှိုနှိုင်းဆောင်ရွက်ပြီးပါက လျင်မြန်သည့်အမှုကို ရက်ပေါင်း ၉၀ ၊ ပုံမှန်အမှုကို ရက်ပေါင်း ၁၈၀နှင့် ရှုပ်ထွေးသည့် အမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် အမှုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးကျော်မင်းထွန်းက "အခု လို လုပ်တာကောင်းပါတယ်။ အမှုတွေအတွက် ကြန့်ကြာမှု မရှိဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ကောင်း ပါတယ်။အခုမှ စလုပ်တာဆိုတော့ ရှေ့နေတွေ အနေနဲ့ အခက်အခဲတော့ နည်းနည်းရှိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အခုလိုလုပ်တာက ရုံးချိန်တိကျရမယ်။ တစ်ချို့က ဒီတရားရုံးမှာလည်း အမှုက ရှိတယ်။ တစ်ချို့ ရှေ့နေက ရုံးချိန် မလာနိုင်တာတွေဖြစ်တယ်။ အခုဟာကတော့ အဲလိုလုပ်လို့မရတော့ဘူး။ ပိုတိကျသွားတယ် "ဟု ပြောသည်။

အမွေမှုရင်ဆိုင်နေရသူ တစ်ဦးကလည်း "ကျွန်မတို့ကတော့ အမှုကို မှန်မှန်ကန်ကန်နဲ့ အမြန်ဆုံး ဆောင်ရွက် ပေးမယ်ဆိုတော့ စောင့်ကြည့်ရမှာပဲ။ တရားရုံးဆိုတာကတော့ သိတဲ့အတိုင်းပဲ "ဟု ပြောသည်။

ရှေ့ပြေးတရာရုံး(Pilot Court)အဖြစ် ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၌ ချမ်းအေးသာစံမြို့နယ်တရားရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာမြို့နယ် တရားရုံး၊ မွန်ပြည်နယ်တွင် မော်လမြို့နယ် တရားရုံး၊ မကွေးတိုင်းဒေသကြီးတွင် မကွေးမြို့နယ် တရားရုံးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့နယ် တရားရုံးတို့ကို သတ်မှတ်ခဲ့ကြောင်း သိရသည်။

No comments: