Wednesday, October 5, 2016

ပအိုဝ်းမီဒီယာအား ပအိုဝ်းပါတီ PNO မှ တရားစွဲဆိုမှု အမိန့်ချတော့မည်ဟုဆို

ယိင်းတိုင်း


ပအိုဝ်းပါတီတခုဖြစ်သော PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ပအိုဝ်း ဂျာနယ် တစ်စောင်ဖြစ် သော ခမ်းစားငေါင်း The People’s Voice ဂျာနယ်အား အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားရာ လာမည့်အပတ်တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်း ဂျာနယ် တစ်စောင်ဖြစ် သော ခမ်းစားငေါင်း The People’s Voice ဂျာနယ်အား PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ပြီးခဲ့သည့်နှစ် ၂၀၁၅ ဂျူလိုင်လ ၃၀ ရက်နေ့က သျှမ်းပြည် တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်တရားရုံးတွင် စတင်တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

” သူတို့ဖော်ပြတဲ့ဆောင်းပါးနဲ့ ကျနော်တို့အဖွဲ့က အမြင်ချင်းတိုက်ဆိုင်မှုမရှိလို့တရားစွဲတာပါ ။ တရားဥပဒေအတိုင်း ပဲသွားတာအကောင်းဆုံးဖြစ်လိမ့်မယ် ” ဟု နောင်တရားမြို့နယ် PNO မှ ဒုဥက္ကဌ တစ်ဦးဖြစ်သော ဦးခွန်သောင်းတင် ကပြောသည် ။

အမိန့်အား အောက်တိုဘာလ ၂၂ ရက်နေ့တွင် အပြီးသတ်ချမှတ်မည်ဟုကြားသိရကြောင်း လည်း PNO ဘက်ကပြောပါသည်။

ခမ်းစားငေါင်း (The People’s Voice ) ဂျာနယ် မှ ၂၀၁၅ မေလ ၃ ရက်နေ့ထုတ် အမှတ်စဉ် ၁၈ တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သော ဦးအောင်ခမ်းထီ ၏ ရ၉ နှစ်ပြည့်(မွေးနေ့) ရှင်ပြု ၊ ဘုရားထီးတော်တင်လှူ ပူဇော်ပွဲ အတွက်ဟုဆိုကာ PNO တံဆိပ်ရိုက်နှိပ်ထားသောအမိန့်စာနှင့် အတူ လက်ဖက်ခြောက်အချော (သို့မဟုတ်) တစ်အိမ်လျှင်ငွေ တစ်ထောင်ကျပ် နှုန်းဖြင့် ကောက်ခံသည့် ကိစ္စနှင့် ပတ်သက်၍ “ဒီလိုကိစ္စမျိုးကို အဘကြားသိပါရဲ့ လား ” ဟူသောဆောင်းပါးတစ်ပုဒ်ရေးသား ရာမှ နောင်တရားမြို့နယ် PNO ဒုဥက္ကဌ တစ်ဦးဖြစ်သော ဦးခွန်သောင်းတင် က တရားလိုပြု တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု (The People’s Voice ) ဂျာနယ်မှ လက်ရှိတရားရင်ဆိုင်နေ ရသော အယ်ဒီ တာချုပ် ခွန်သန်းအောင် နှင့် အယ်ဒီတာ ခွန်ရာဇာတို့ကရှင်းပြသည် ။

” ကျနော်တို့အနေနဲ့ ကတော့ ကိုယ့်အခြေအနေကိုကိုယ်ယုံကြည်တယ် ၊ ကိုယ့်အရေး အသားကို တာဝန်ယူတယ် ၊ ဒါဟာအသရေဖျက်တာမဟုတ်ဘူးဆိုတာ ယုံကြည်တယ် ။ ဒီအပေါ်မှာ တရားသူကြီးအနေနဲ့ တည့်တည့် မတ်မတ်သာဆုံးဖြတ်မယ်ဆိုရင်ကျနော်တို့်က ဒီအမှုကနေ ကျွတ်လွတ်နိုင်ပါတယ် ။ တကယ်လို့ တရားရေးမဏ်ဏ္ဍိုင်တည့်မတ်မှု မရှိဘူး ဆိုရင်လဲ ကျနော်တို့အခြေအနေကသူတို့လက်ထဲမှာပဲရှိပါတယ် ” ဟု ခွန်သန်းအောင်ကပြော သည် ။

သျှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၊ ပြည်သူ့စစ်အဖွဲ့ အစည်းများ အများအပြားရှိသည့် ရှိသည့်အတွက် မီဒီယာသမားများ အနေဖြင့်လုံခြုံမှုမရှိခြင်း ၊ သတင်းအမှန်တစ် ခု တင်ပြရန်အတွက် မီဒီယာသမားများအနေဖြင့် လွတ်လွတ်လပ်လပ် ရဲရဲဝံ့ဝံ့ မလုပ်ရဲသည့် အပိုင်းများ ရှိနေသည်ဟု Taunggyi Youths Center မှ ခွန်ခေတ်စံက သုံးသပ်သည် ။

” ဒီလိုဝေဖန်တဲ့မီဒီယာ တွေကို သူတို့ဖိနှိပ်ချင်တယ် ၊ ပပျောက်စေချင်တယ် ဒါသူတို့ရဲ့ ရည်ရွယ်ချက်။ မီဒီယာသမားမှမဟုတ်ဘူး ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းတွေလဲ ပအိုဝ်းဒေသမှာလှုပ်ရှားလို့မရအောင်နည်းမျိုးစုံနဲသူတို့ပိတ်ပင်တယ် ” ဟု ၄င်းကဆိုသည် ။

PNO မှ တရားစွဲဆိုထားသည့် ကိစ္စနှင့် ပတ်သက်၍ ပအိုဝ်း လူမှုအဖွဲ့အစည်းအသိုင်းအဝိုင်း များက ပအိုဝ်းဒေသများတွင် သတင်းလွတ်လပ် ခွင့် နှင့် ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ပြောဆိုကြသည် ။

” မီဒီယာဆိုတာ လူထုရဲ့အသံကို အဓိကသယ်ဆောင်ရမှာ ဒါဟာလူထုဆီကနေထွက်တဲ့အသံ ၊ လိမ်ပြောတာ စွပ်စွဲပြီးပြောတာလဲမဟုတ်ဘူး ။ လူထုဆီက ထွက်လာတဲ့အသံကို သတင်း မီဒီယာအနေနဲ့ဖော်ပြပေးတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆို ပြသပိုင်ခွင့်ပဲလေ ကျမတို့ ပအိုဝ်းဒေသမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိဘူးလို့မြင်တယ် ၊ လူတစ်စုကပဲ ကြီးစိုး နေတယ် ” ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂ မှ မကြယ်စင်ကဝေဖန်ပြောဆိုသည်။

” အပြောင်းအလဲမှာ ပွင့်လင်းမြင်သာမှုရှိအောင် ဒီစတုတ္ထမဏ်ဏ္ဍိုင်အနေနဲ့ တစ်ဖက်က ပိုက်ဆံကောက်တဲ့ ကိစ္စကိုထောက်ပြတဲ့သဘောကို တရားစွဲတယ်ဆို တော့ ဒါအမှုမမြောက်ဘူး ၊ တရားမျှတမှုမရှိဘူး ၊ သတင်းလွတ်လပ်ခွင့်မရှိဘူးလို့မြင်တယ် ” ဟု ပင်လောင်းမြို့နယ် ၊ရေဦး ကျေးရွာ နေထိုင်သူ ဦးခွန်ဇော်ဟိုက် ကထပ်မံပြောဆိုသည် ။

ယင်းအမှုနှင့် ပတ်သက်၍ အောက်တိုဘာလ (၃) ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည် ဟု သိရသော်လည်း ပင်လောင်းတရားရုံးမှ အောက်တိုဘာ (၁၁) ရက်နေ့သို့ ရက်ရွှေ့လိုက်ကြောင်းသိရသည် ။

ခမ်းစားငေါင်း (The People’s Voice ) ဂျာနယ်မှ တရားရင်ဆိုင်နေရသော အယ်ဒီတာနှစ်ဦးမှာ ပင်လောင်းတရားရုံးသို့ ရုံးချိန်းပေါင်း ၃၆ ကြိမ်တက်ခဲ့ရပြီး ၊ ပုဒ်မ ၅၀၀ အသရေဖျက်မှု မြောက် ပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ်ငွေဒဏ် ပေးဆောင်နိုင်ဖွယ် ရှိကြောင်း ၄င်းတို့၏ တရား လွှတ်တော်ရှေ့နေ ဦးခွန်စိန်ဝင်း ကရှင်းပြသည် ။ ခမ်းစားငေါင်း (The People’s Voice ) ဂျာနယ်သည် တောင်ကြီးမြို့တွင်အခြေစိုက်ပြီး ၂၀၁၃ ခုနှစ် တွင်စတင်ထုတ်ဝေကာ တစ်လတစ်ကြိမ် ပအိုဝ်း ဘာသာဖြင့် တစ်လလျှင် အစောင်ရေ သုံးထောင်ထုတ်ဝေဖြန့်ချီကာ သျှမ်းပြည်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနီးတစ်ဝိုက်မြို့နယ် ၁၀ မြို့နယ် ဖြန့်ဝေလျှက်ရှိသည် ။

No comments: