Wednesday, December 31, 2008

နေပြည်တော် အာဆီယံကောင်စစ်ဝန်ရုံးဆောက်ဖို့ကြံစိုက်ခင်းတွေသိမ်း

ခိုင်မင်း/ ၃၁ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော်ဒေသတွင်း ပါဝင်သော ပြန်ကပြေး၊ တောက်ထိန်နှင့် လက်ပံခါးလှ ကျေးရွာများမှ ကြံစိုက်ခင်းဧက (၁,၀၀၀) ကို အာဏာပိုင်များက သိမ်းယူလိုက်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။

ယင်းသို့ သိမ်းယူရခြင်းမှာ အာဆီယံနိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ရုံး တည်ဆောက်ရန် အတွက်ဟု သိရပြီး ဒီဇင်ဘာလလယ်ခန့်က အဆိုပါ ကျေးရွာများမှ ကြံတောင်သူများကို ဆင့်ခေါ်ကာ ကြံစိုက်မြေများကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ကြံစိုက်ခင်းများအတွင်း သို့ ၀င်ရောက်ခြင်း၊ ကြံခုတ်ခြင်းများ မပြုလုပ်ကြရန်လည်း အမိန့်ဖြင့် တားမြစ်ခဲ့သည်ဟု ဆိုသည်။

“အစကတည်းက သတင်းသဲ့သဲ့တော့ ကြားရတယ်။ အခုလောက် မြန်မြန်ကြီး ဖြစ်လာမယ်မထင်ဘူး။ ကျနော်တို့က အခုချိန်ဟာ ကြံရာသီဖြစ်လို့ သိမ်းမယ်ဆိုရင်လည်း ကြံတွေခုတ်ပြီးမှ သိမ်းပါလို့ မေတ္တာရပ်ခံကြည့်သေးတယ်။ ဒါအထက်အမိန့် မရဘူးလို့ ပြောတယ်။ အခုဟာက ကိုယ်စိုက်ခဲ့တဲ့ ကြံတောင် ကိုယ်မပိုင်တော့ဘူး ဖြစ်သွားတယ်။ တဧကကို ကြံစိုက်နိုင်ဖို့ ထယ်ခ၊ ထွန်ခ၊ ပျိုးခတွေ နည်းတာမဟုတ်ဘူး။ ဒီနှစ်အတွက် စရိတ်တွေ ပြန်မရတော့ဘူး” ဟု လက်ပံခါးလှ ကျေးရွာမှ ကြံတောင်သူတဦးက ပြောသည်။

ယခုအခါ အာဏာပိုင်များက သိမ်းယူထားသည့် ကြံစိုက်ခင်းများကို မြေထိုးစက်ဖြင့် ရှင်းလင်းလျက်ရှိရာ ဒေသခံ ကြံတောင်သူများမှာ နှမြောသဖြင့် စိတ်မချမ်းမသာဖြစ်လျက် ရှိကြောင်း သိရသည်။

ယခုတည်ဆောက်မည့် အာဆီယံနိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ရုံးကြီးကို တရုတ်နိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုက တာဝန်ယူဆောက်မည်ဟုလည်း သတင်း ရရှိသည်။


နေပြည်တော် စက်မှု (၁) ၀န်ထမ်းများထံမှအဓမ္မကောက်ခံငွေ ၀န်ကြီးပြန်ပေး

NEJ / ၃၁ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော် အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်ခံ အရာထမ်း၊ အမှုထမ်းများထံမှ လစဉ် အဓမ္မကောက်ယူခဲ့သည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းကြေး ငွေများကို ၀န်ကြီး ဦးအောင်သောင်းက ရုတ်တရက် အားလုံး ပြန်ပေးသဖြင့် ၀န်ထမ်းများ အံ့သြနေကြသည်ဟု စုံစမ်းသိရသည်။

မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းကြေးငွေများကို လစဉ် ကျပ် (၃၀၀) ပေးရမည်ဆိုပြီး အဓမ္မကောက်ခံခဲ့သည့်အပြင် မှန်မှန်ပေးပါမည်ဆိုပြီး ၀န်ထမ်းများက လက်မှတ်ထိုးပေးခဲ့ရသဖြင့် ၀န်ထမ်းအများစု မကျေမနပ်ဖြစ်ခဲ့သည်ဟု ၀န်ထမ်းတဦးက ပြောသည်။

ဒီဇင်ဘာလဆန်းပိုင်းက အဆိုပါ ကောက်ခံငွေများကို ၀န်ကြီး ဦးအောင်သောင်းက ရုတ်တရက် အားလုံး ပြန်ပေးသဖြင့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်သည့်သဘောလားဟု ၀န်ထမ်းများအကြား ပြောဆိုနေ ကြသည်။

မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး သတိပေး

NEJ/ ၃၁ ဒီဇင်ဘာ ၂၀၀၈



ယနေ့ မြန်မာ့နိုင်ငံရေးကိုကြည့်လျှင် မိမိ မြန်မာနိုင်ငံထွက် မုန့်ပြားသလက်လေးကိုပင် ညီညီညွတ်ညွတ် တစားပွဲတည်းထိုင်ပြီး အတူမစားနိုင်သည့်အဖြစ် ရောက်နေသည်မှာ ၀မ်းနည်းစရာကောင်းသည်ဟု သက်တော် (၉၀) ကျော် မန္တလေးမြို့ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။

မြန်မာပြည်သူများအတွက် ၂၀၀၉ နှစ်ဆန်း သြ၀ါဒကထားမြွက်ကြားပါရန် ခေတ်ပြိုင်မှ လျှောက်ထားရာ ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ယခုကဲ့သို့ မိန့်ကြားခြင်းဖြစ်သည်။

ပရိတ်ကြီးနိဒါန်းလာ သမဂ္ဂါ ဆိုသည့်အတိုင်း ညီညီညွတ်ညွတ်ရှိကြရန် ဆရာတော်ဘုရားကြီးက တိုက်တွန်းလိုက်သည်။ ယင်းသို့ ညီညွတ်ရေး ဆုံးမခြင်းကိုပင် အချို့က နိုင်ငံရေးလုပ်သည်ဟု ဆရာတော်ကြီးအပေါ် အထင်မှားနေကြောင်းကိုလည်း ယခုကဲ့သို့ မိန့်ကြားသည်။

“ဒါကြောင့် ဘုန်းကြီးကတော့ မန္တလေးမှာ တခါတခါ ပြောပါတယ်။ တို့က ညီညွတ်ရေးပြောဟော မင်းတို့ အဲဒါ နိုင်ငံရေးထင်နေ ခက်တယ်ကွလို့။ ဘယ်သူ့ရယ်လို့မဟုတ်ဘူး အဲဒါတွေ တခါတခါ ထည့်ပြောဖူးတယ်။ ညီညွတ်ရေးလုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီးတော့ နိုင်ငံရေးလုပ်မှာပေါ့ကွလို့။ ရုံးတွေဘာတွေ ထိုင်ရအောင် လုပ်မှာပေါ့ကွလို့။ လူထွက်ပြီးတော့လည်း နိုင်ငံရေးမလုပ်ပါဘူးလို့။ သင်္ကန်းဝတ်နဲ့လည်း နိုင်ငံရေးလုပ်တာမှုတ်ဘူး။ ညီညွတ်ရေးပြောတာကွလို့။ ညီညွတ်ရေးနဲ့ နိုင်ငံရေးနဲ့ ကွဲပြားဖို့ အရေးကြီးတယ်လို့။ အမေအဖေနဲ့ သားသမီးတည့်အောင်ပြောနေတာ မင်္ဂလာတရားနဲ့ နိုင်ငံရေးတရားနဲ့ မတူဘူးကွလို့။ တို့ကတော့ ဘယ်ပါတီ ကောင်းစားပါစေ၊ ဘယ်သူကတော့ တက်ပါစေ၊ ဘယ်သူက ထိပ်တန်းကျပါစေ။ တို့ကတော့ မျှတတယ်ကွလို့” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

သို့သော် မြန်မာ့နိုင်ငံရေးမှာ စစ်အစိုးရနှင့် အတိုက်အခံ ယခုထိ ညီညွတ်ပုံမရဟု ဆရာတော်ကြီးက ယူဆသည်။ စားပွဲထိုင်ပြီး မဆွေးနွေးနိုင်ဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို ရည်ညွှန်းပြီး “အကုန်လုံး ညီညီညွတ်ညွတ်နဲ့ စားပွဲကြီးတခုပေါ်မှာ နှစ်ဘက်က တက်ရင် ဟိုဘက် (၄) ယောက် ဒီဘက်က (၄) ယောက် လက်ဖက်ရည်သောက်နေတာ၊ ပေါင်မုန့်အတူစားနေတာ တို့က ကြိုက်တာပါ။ မုန့်ပြားသလက် အတူတူစားနေတာ ကြိုက်တာပါ။ ခုတော့ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို လူ (၈) ယောက် (၉) ယောက် ၀ိုင်းမစားနိုင်တဲ့အဖြစ်ရောက်နေရတာ အဲဒါဝမ်းနည်းတာပါကွလို့။ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို စားကြည့်စမ်းပါ ညီညီညွတ်ညွတ်နဲ့။ အချင်းချင်းကွာ” ဟု ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ကြီးက တိုက်တွန်းလိုက်သည်။

မန္တလေးမြို့ ဘုန်းကြီးကျောင်းများမှ လိုင်စင်မဲ့ကားများ သိမ်းသည့်အချိန်တွင် ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယကျောင်းမှ ကားများကိုလည်း စစ်အစိုးရ သိမ်းယူထားရာ ယခုထိ ပြန်မပေးသေးကြောင်း ဆရာတော်က အမိန့်ရှိသည်။ နိုင်ငံခြားရေဒီယိုအချို့နှင့် ဆရာတော်ကြီး တချိန်က မေးမြန်းလျှောက်ထားချက်အချို့နှင့် ပတ်သက်ပြီး စစ်အစိုးရကို ပုတ်ခတ်သည်ဟု အစွပ်စွဲခံရမှုများနှင့် ပတ်သက်၍လည်း “မင်းကို တို့က ပုတ်ခတ်တာမဟုတ်ဘူး။ အစိုးရကို ပုတ်ခတ်တာမဟုတ်ပါဘူး၊ အစိုးရကို တို့က မြှင့်တင်တာပါ။ အစိုးရကို တို့က ဂုဏ်ပြုတာ။ ကံနဲ့တောင်တူတဲ့မင်း။ မင်းနဲ့တူတဲ့ကံ။ ကံမင်းပြုက ခံရရှာသည်။ အဲတော့ ကံက မင်းနဲ့တူလိုက်၊ ဆရာနဲ့တူလိုက်၊ အဖေနဲ့တူလိုက်၊ အမေနဲ့တူလိုက်၊ ဘာနဲ့တူလိုက်၊ ညာနဲ့တူလိုက်နဲ့။ ဒီလိုဆိုရင် ကံက ဘယ်ကစဖြစ်တာလဲ။ ကံဘယ်က စပေါ်တာလဲ။ ကံမင်းပြုတာ ခံရရှာသည်။ ကံဟာ ဘယ်ကဖြစ်ကုန်ကြဟု တွေးဆသောခါ ကံဖြစ်ရာသည် ကိုယ်သာပြုသည့်အမှုတည်း--တဲ့” ဟု ဆရာတော်က ရှင်းပြသည်။

(ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် လျှောက်ထားမေးမြန်းချက် အပြည့်အစုံ)


၁၁ မီးဝိုင်းနေသည့် ဗိုလ်ချုပ်မှူးကြီး

အောင်ဇော်

မြန်မာ့ အရေးကို စိတ်ဝင်စားသည့် သံတမန်များ နိုင်ငံခြားသား မိတ်ဆွေများနှင့် ကျနော် စကားစမြည် ပြောဖြစ်သည့် အခါတိုင်း မြန်မာပြည် နိုင်ငံရေးနှင့် ဗေဒင်၊ ယတြာ၊ အင်းအိုင်ခလှဲ့၊ လက်ဖွဲ့တို့ စပ်ဆက်နေပုံကို မဖြစ်မနေ ထည့်ပြောဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များ အားလုံး အင်းအိုင်၊ လက်ဖွဲ့၊ ယတြာများကို မည်မျှ ယုံကြည်အားထားကြောင်း အားလုံး သိပြီးဖြစ်သည်။

ပြီးခဲ့သည့် သမိုင်းကို ပြန်သုံးသပ်ကြည့်မည် ဆိုလျှင် မြန်မာစစ်ဗိုလ်ချုပ်များက ၎င်းတို့၏ အရေးကြီးလှသော အစီအစဉ်များကို ပြဿဒါး၊ ရက်ရာဇာ တွက်ချက်ကာ အကွက်ကျကျ စီမံဆောင်ရွက်သည်ချည်းဖြစ်သည်။

ဦးနေဝင်းလက်ထက်တွင် ၉ ဂဏန်းကို အဓိကထား သုံးစွဲလေ့ရှိကြောင်း မှတ်မိကြလိမ့်ဦးမည်။ ၎င်းလက်ထက်က ပိုက်ဆံ ထုတ်ဝေရာတွင် ပေါင်းလျှင် ၉ ဂဏန်းရသည့် ၄၅ ကျပ်တန်များ၊ ၉၀ တန်များကို ကြိုတင်မကြေညာဘဲ ရုတ်တရက် ထုတ်ဝေခဲ့ဖူးသည်။

ယခု ၂၀၀၉ ခုနှစ်ဝင်ခါနီးအချိန်တွင် ဗိုလ်ချုပ်များ စိတ်ဝင်စားသည့် ကိန်းဂဏန်းက ၁၁ ဖြစ်နေသည်ကို တွေ့ရသည်။ ၁၁ ဂဏန်းကို ဘာကြောင့် စိတ်ဝင်စားခဲ့သလဲဆိုသည်ကို အတိအကျ ပြောရခက်လှသော်လည်း ကောလာဟလမျိုးစုံကတော့ ထွက်နေခဲ့သည်။

စက်တင်ဘာလက အကျဉ်းသား ၉၀၀၂ ဦးကို လွှတ်ပေးခဲ့သည့် သာဓကက အထင်ရှားဆုံးဖြစ်၏။ ၉၀၀၂ ကို ပြောင်းပြန်လှန်လျှင် ၂၀၀၉ ဖြစ်မည်၊ ၎င်းဂဏန်းစဉ်ကို ပေါင်းလိုက်ပါက ၁၁ ရသည်မဟုတ်ပါလား။ ၎င်း၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် တခုခုတော့ရှိရမည်ဟု လူအများက ကောလာဟလ ပြောဆိုနေကြပြန်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကျနော်လည်း ဗေဒင်ဆရာတယောက်ကို မေးကြည့်မိသည် “ဒီ ကိန်းဂဏန်း၏ နောက်ကွယ်တွင် ဗိုလ်ချုပ်များ၏ အယူသီးသော စွဲလမ်းမှုများ ရှိနေသလား” ဆိုသော အချက်ကို စိတ်ဝင်စားမိသောကြောင့် ဖြစ်၏။

ကျနော့်အသိ ဗေဒင်ဆရာက “သူတို့နံပတ်တွေက ဘယ်တော့မှမမှန်တတ်ဘူး။ သတင်းစာထဲက ကိန်းဂဏန်း တွေက ယတြာတွေ၊ ဗေဒင်တွေပေါ်မှာ အခြေခံတာ။ ၉၀၀၂ ယောက်လွှတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ တကယ် လွှတ်တာက ၃၊ ၄၊ ၅ ဒါဇင်လောက်ပဲ ဖြစ်ချင်ဖြစ်မှာ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

၁၁ ဂဏန်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းပါသည်။ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသား များကို ထောင်ချသည့် နှစ်အရေအတွက်ကိုပဲ ကြည့် .. ။ ၆၅ နှစ် .. ပေါင်းလျှင် ၁၁ ရသည်။ ထောင်ဒဏ် ချမှတ်သည့် လက ၁၁ လပိုင်း၊ တချို့ အမှုများကို အမိန့်ချမှတ်ချိန်က နံနက်ခင်း ၁၁ နာရီဟုပင် ပြောကြသည်။

ထို့ကြောင့် ကျနော်က “ဘာကြောင့် ၁၁ ဂဏန်းကိုမှ သုံးနေရတာလဲ” ဟု ယခင်က နေပြည်တော်နှင့် နီးစပ်ခဲ့ဖူးသည့် ဗေဒင်ဆရာကို မေးခွန်းဆက်ထုတ် လိုက်သည်။

သူက မြန်မာ့ရိုးရာ ယုံကြည်မှုထဲတွင် “၁၁ မီး” ဆိုသည့် အချက်ရှိသည်ကို မမေ့သင့်ကြောင်း၊ စစ်ဗိုလ်ချုပ်များ လည်း ၁၁ မီးငြိမ်းစေရန် ၁၁ ဂဏန်းဖြင့် ယတြာချေခြင်းဖြစ်နိုင်ကြောင်း ကျနော့်ကို ပြောပြသည်။
ပူပြင်းလွန်းသော ထို မီး ၁၁ ခုကို စစ်ဗိုလ်ချုပ်ကြီးများက ငြှိမ်းသတ်နေကြခြင်း ပေလော။ ကျနော် တွေးမိသည်မှာ .. စစ်ဗိုလ်ချုပ်ကြီးများက ၁၁ မီးကို သူတို့ကိုယ်သူတို့ မလောင်ကျွမ်းရအောင် ငြှိမ်းသတ် လေလေ .. ပြည်သူလူထုက ထိုမီးများ လောင်ကျွမ်းလေလေ ဖြစ်လေမည်လား .. ဟူ၍ဖြစ်သည် ..။

မြန်မာစစ်ဗိုလ်ချုပ်များ ယတြာချေသည့် အလုပ်နှင့် ပတ်သက်၍ ရှေ့တွင်လည်း သာဓကများစွာရှိခဲ့ဖူးသည်။

ဦးနေဝင်းလက်ထက်တွင် ရန်ကုန်သားသတ်သမားဟူ၍ နာမည်ကြီးခဲ့သော ဗိုလ်ချုပ်စိန်လွင်က တိုင်းပြည်ရှေ့ရေးကို လှမ်းမျှော် ကြည့်ရှုရန်အတွက် ပြက္ခဒိန်တော်ခန်းများကို ဗေဒင်လက္ခဏာဆရာများဖြင့် တိုင်ပင်၍ ဖွင့်လှစ်ဆောင်ရွက် ခဲ့သည်။

ဦးနေဝင်းကိုယ်တိုင်ပင် ၎င်းဖြုတ်ချခဲ့သည့် ရာထူးရှင်များနေရာတွင် မည်သူ့ကိုပြန်လည်ခန့်အပ်ရမည်ကို ဗေဒင်လက္ခဏာ ဆရာများနှင့် တိုင်ပင်ပြီးမှ ဆောင်ရွက်လေ့ရှိသည်။ မြန်မာစစ်ဗိုလ်ချုပ်များက အစဉ်အဆက် ဆိုသလို ဗေဒင်လက္ခဏာ ဆရာများ၊ ပရောဟိတ်များကို ၎င်းတို့ အာဏာတည်မြဲရေးအတွက် အသုံးချခဲ့ သည်သာမက ထိုဗေဒင်လက္ခဏာ ဆရာများ၊ ဘိုးတော်များကို ၎င်းတို့အနီးတွင် အပါးတော်မြဲအဖြစ် ထားသည်။

၂၀၀၂ ခုနှစ်က ဦးနေဝင်း၏ မြေးများကို ဖမ်းဆီးထောင်ချစဉ် ၎င်းမိသားစုကိုးကွယ်သည့် ဘိုးတော် အောင်ပွင့်ခေါင်ကိုပါ ထိန်းသိမ်းလိုက်သည်။ ၎င်း ဘိုးတော်က ထိုစဉ်အချိန်က ထိပ်သီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ အာဏာပြုတ်ကျရေးအတွက် အစီအမံများ ပြုလုပ်ပေးခဲ့သည်ဟု သတင်းကြီးသည်။

အလားတူ အဖြစ်အပျက်တခု ၂၀၀၄ ခုနှစ်က ဖြစ်ခဲ့ပြန်သည်။ ထိုစဉ်က အာဏာကျဆုံးကာ ထိန်းသိမ်း ခံခဲ့ရသော ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်အတူ ၎င်းကိုးကွယ်သည့် ဘိုးတော်သန်းလှပါ ထိန်းသိမ်းခံခဲ့ရ၏။ ယခုနောက်ပိုင်းတွင် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ၎င်း၏မိသားစုသည် သူတို့ လွတ်မြောက်ရေး အတွက် ဗေဒင်၊ ယတြာများကို ဆက်လက်စီမံလျှက် ရှိသည်ဟု ကြားသိရသည်။

ယခုနှစ်ဆန်းပိုင်းက ကျနော်ကြားသိရသည့် အတည်ပြုချက်မရယူနိုင်သော သတင်းတခုရှိသေး၏။ ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်က ၎င်း၏နေအိမ်တွင် သံဃာတော် ၉ ပါးကို ဆွမ်းကပ်ရန် ခွင့်တောင်းခဲ့သည် ဟူသော သတင်း ဖြစ်သည်။ သို့ရာတွင် လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများက သံဃာတော် ၉ ပါး ဆွမ်းကပ်ရန် ခွင့်မပြုဘဲ ၃ ပါးသာ ခွင့်ပြုခဲ့သည်ဟု သိရသည်။ အကြောင်းမှာ သံဃာ ၉ ပါး ဆွမ်းကပ်ရန် ခွင့်တောင်းခြင်းမှာ ယတြာ ချေခြင်းသာ ဖြစ်သည်ဟု လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများက ယုံကြည်သောကြောင့်ဖြစ်ကြောင်း ကြားသိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုသည်လည်း ဗေဒင်၊ ယတြာများကို အလွန်အမင်း ယုံကြည်သည်ဟု သတင်း ထွက်ပေါ်လျှက်ရှိသည်။

မြန်မာပြည်နိုင်ငံရေးနှင့် ပတ်သက်၍ တောင်သူလယ်သမားများ ရင်းနှီးနေသည့် အသုံးအနှုန်း ၂ ခုရှိ၏။ ပထမ တခုက ကြက်ဆူပင်ဖြစ်ပြီး နောက်တခုက “နေကြာ” ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၀၇ ခုနှစ်အတွင်း ပဲခူးတိုင်းတွင် နေကြာပင်များ စိုက်ပျိုးခိုင်းခဲ့သည်။ သူ “ကြာကြာနေရရန်” အတွက် ယတြာဖြစ်သည်ဟု အများက ပြောကြသည်။

ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီတို့ မြန်မာပြည်သို့ လာရောက်တိုင်း နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးနှင့် သွားရောက်မတွေ့ဆုံမီ ရွှေတိဂုံဘုရားရှိ ဆင်းတုတော်တဆူကို သွားရောက်ဖူးမြော်ကြည်ညိုရသည်ဟု ကြားဖူးသည်။

ကျောက်စိမ်းနှင့် ထုလုပ်ထားသော ထိုဆင်းတုတော်ကို မည်သည့် ပြည်သူ တစုံတဦးမျှ မြင်ဖူးခြင်း မရှိပေ။ ထိုဆင်းတုတော်၏ မျက်နှာမှာ ဗုဒ္ဓ၏ မျက်နှာတော်နှင့် လုံးဝ မတူဘဲ ဗိုလ်ချုပ်မှူးကြီး၏ မျက်နှာတော် အတိုင်း တထေရာတည်း ထုလုပ်ထားသည်ဟု စစ်တပ် အသိုင်းအဝန်းမှ ကြားသိရ၏။ ထိုဆင်းတုတော်ကို ကုလ အကြီးအကဲများအား သွားရောက် ကြည်ညိုဖူးမြော်ခိုင်းခြင်းမှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ဗေဒင်လက္ခဏာ သဘောအရ နာမ်နှိမ်လိုက်ခြင်းသာ ဖြစ်သည်ဟု ဗေဒင်လက္ခဏာ ဆရာများက ယုံကြည်ကြသည်။

နောက်ဆုံးကြားသိရသည့် သတင်းအရ မစ္စတာ ဂန်ဘာရီ မြန်မာပြည်သို့ လာရောက်တိုင်း သူ့ကိုထားမည့် မည်သည့် အစိုးရဧည့်ဂေဟာ၊ ဟိုတယ်မှာမဆို သူနေမည့် အခန်း၏ မျက်နှာကျက်တွင် မီးနေသည် ထဘီစကို ကပ်ထားသည်ဟု သိရသည်။ ထိုသို့ ပြုလုပ်ခြင်းသည်လည်း ကုလသမဂ္ဂလုပ်မည့် မည်သည့်ကိစ္စမဆို၊ မည်သည့် ခရီးစဉ်မဆို အောင်မြင်ခြင်းမရှိဘဲ ပျက်ပြားအောင် နာမ်နှိမ်သည့် သဘောဟု နေပြည်တော် သတင်းရပ်ကွက်က ယုံကြည်ကြသည်။

စစ်ဗိုလ်ချုပ်ကြီးများ နာမ်နှိမ်သည့်ကိစ္စက အနည်းဆုံးတော့ မစ္စတာ ဘန်ကီမွန်းနှင့် မစ္စတာ ဂန်ဘာရီတို့ အပေါ်တွင် အောင်မြင်သည်ဟု ဆိုရပေလိမ့်မည်။

အောင်ဇော်၏ Than Shwe, Voodoo and the Number 11 ကို ဆီလျှော်အောင် ပြန်ဆို ရေးသားသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,31St,2008

( 24 )Syracuse woman reunited with mother after Myanmar cyclone

( 23 )Images of Kachin State 2008

( 22 )Myanmar native reunites with mother in CNY

( 21 )ပြည်သူနှင့် လွတ်လပ်ရေးအကြောင်း အဖွဲ့ချုပ်တွင် ဆွေးနွေး

( 20 )Multi-purpose cyclone shelters needed


( 19 )နိုင်ငံရေး အကျဉ်းသူ မထားထားသက်ကို ခန္တီးထောင်ပြောင်း

( 18 )Doctors Without Borders Releases 11th Annual "Top Ten" List

( 17 )ပြည်သူနှင့် လွတ်လပ်ရေးအကြောင်း အဖွဲ့ချုပ်တွင် ဆွေးနွေး

( 16 )Win Tin Denies NLD Divided Over 2010 Election

( 15 )နိုင်ငံရေး အကျဉ်းသူ မထားထားသက်ကို ခန္တီးထောင်ပြောင်း

( 14 )Burmese Migrants Earning, Learning in Thailand

( 13 )နာဂစ်အလွန် သောက်သုံးရေ ရှားပါမှုစတင်

( 12 )နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့် ပေးမည်ဟု သတင်းများထွက်ပေါ်လာ

( 11 )Junta Determined to 'Guide' 2010 Polls

( 10 )ပြည်သူနှင့်လွှတ်လပ်ရေး

( 9 )Korsang, a surprising deportee haven

( 8 )The Stories We Missed in 2008

( 7 )Japanese film festival to be held in Myanmar early next year

( 6 )A year of death and destruction

( 5 )UN General Assembly isn’t the right Forum

( 4 )ဆန္ဒပြသူ အဖွဲ့ချုပ်လူငယ် ၉ ဦး ပြည်သူ့လွှတ်တော်ရှေ့အရောက် အဖမ်းခံရ

( 3 )Nine protesters arrested in Myanmar

( 2 )9 Burma activists held over Suu Kyi protests

( 1 )မြန်မာ့ဒီမိုကရေစီရေး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရ

Tuesday, December 30, 2008

အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက်ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို

NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၈


ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၇) ဦးခန့် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။

အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။

မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ နောက်ပိုင်းလွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။ လမ်းလျှောက်ဆန္ဒပြသူဦးရေကို အချို့ကလည်း (၉) ဦးရှိသည်ဟု ပြောဆိုသည်။


အားတင်းထားပါ

ကေတီဦး

မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲဟာ ဘာလိုလိုနဲ့ နှစ်ပေါင်း ၂၀ တောင် ကြာညောင်းခဲ့ပါပြီ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးကစလို့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေးလမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်း ကြိုးစားခဲ့ကြတာပါ။

၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးမှာလဲ ပြည်သူလူထုအားလုံး တခဲနက် ပါဝင်တောင်းဆိုခဲ့ကြတာ အထင်အရှားရှိပါတယ်။

ပြည်သူလူထုက ဆိုးရွားလှတဲ့၊ ညံ့ဖျင်းလှတဲ့ လူနေမှု၊ အုပ်ချုပ်ရေးစနစ်ဟောင်းကို ပိုမိုကောင်းမွန်တဲ့ လူနေမှု အုပ်ချုပ်ရေးစနစ်သစ် တခုနဲ့ အစားထိုးဖို့ ဘယ်လိုပင် တောင်းဆိုသော်လည်း Army autocracy ပုံစံကိုသာ အလိုရှိတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ တချက်ကလေးမှ အလျှော့မပေးခဲ့တာလည်း အများအသိပါပဲ။ ဒါကလဲ အဆန်းတကျယ်တောဖြင့် မဟုတ်ရပါဘူး။ ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရက်စက်ကြမ်းတမ်းတဲ့ အုပ်စိုးသူ လူတန်းစားတို့ရဲ့ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အများပြည်သူ မည်မျှ ဒုက္ခရောက်ပါစေ၊ ဆင်းရဲကြပ်တည်းနေပါစေ အလျှော့မပေးဘူး။ တော်လှန်ပုန်ကန်မှုကို ကန့်သတ်မယ်၊ ချုပ်ချယ်မယ်၊ ဖိနှိပ်မယ်ဆိုတာတွေဟာ အစွန်းရောက် အာဏာရှင်တို့ရဲ့ လက်သုံးလုပ်ရပ်တွေသာ ဖြစ်ပါတယ်။


ဒီလို ဆိုးရွားကြမ်းတမ်းတဲ့သဘောရှိတဲ့ အာဏာရှင်တို့ရဲ့ သဘောထားကို ချေဖျက်တိုက်ပွဲဝင်ကြရမဲ့ တော်လှန်ရေးသမားတွေ အတွက်တော့ သူတို့ရဲ့ ဖိနှိပ်မှုတွေကို ဂရုစိုက်စရာမလိုဘူးလို့ ထင်မြင်မိပါတယ်။ ဖိနှိပ်မှုဆိုတဲ့ စကာလုံးဟာ အာဏာရှင်တို့ရဲ့ လက်သုံးစကားဖြစ်သလို တော်လှန်ရေးဆိုတာဟာလဲ ဖိနှိပ်ခံ ပြည်သူ၊ ဖိနှိပ်မှုကို မလိုလားသူ၊ လွတ်လပ်ရေးကို မြတ်နိုးသူတို့ရဲ့ စကာလုံးသာ ဖြစ်ပါတယ်။

ပြင်သစ်ပြည်မှာ ပြင်သစ်တော်လှန်ရေး မဖြစ်မီက အော်တိုကရေစီဘုရင်စနစ် ထွန်းကားခဲ့ပါတယ်။ ပြင်သစ်ဘုရင် လူဝီ (၁၄) က "ဘုရင်နှင့် တိုင်းပြည်သည် ခြားနားခြင်းမရှိ၊ ငါသည် ဘုရင်ဖြစ်သည်၊ ထို့ကြောင့် ငါသည် တိုင်းပြည်ဖြစ်သည်”ဟု ဆိုခဲ့ပါတယ်။ အခုလဲ မြန်မာ နအဖစစ်အစိုးရဟာ သူတို့ရဲ့ အသုံးချခံ စစ်တပ်ဖွဲ့ဝင်တွေကို “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” လို့ ပြောနေတယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ "နိုင်ငံတော် နိုင်ငံတော်” ဆိုတဲ့ စကာလုံးကို ရေလဲသုံးပြီး တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေကို လက်ခုပ်ထဲက ရေလို သဘောထားနေပါတယ်။ အဲဒီလို သဘောထားကြောင့် ပြည်သူပြည်သားတွေအပေါ်မှာ လူတဦးချင်း ရရှိခံစားထိုက်တဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို ပိတ်ဆို့ဟန့်တား ခြိမ်းခြောက်မှုတွေနဲ့ သွန်ချင်သလိုသွန်၊ မှောက်ချင်သလိုမှောက် လုပ်နေပါတယ်။ သူတို့ရဲ့ဖိနှိပ်မှုဟာ အထူးသဖြင့်တော့ လူထုရဲ့ ဆန္ဒအမှန်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုပေးခဲ့ကြတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ်မှာ စုပြုံကျရောက်လာခဲ့ပါတယ်။

ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်ပေါင်း မြောက်များစွာ၊ ပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဝင်တွေ၊ ပြီးတော့ သံဃာ့ ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရနဲ့ သူ့ရဲ့နောက်ပါ သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက် ထောင်ချအရေးယူထားတယ်။ အခြားသော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ ရှေ့နေတွေ၊ ကျောင်းသားတွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမာတွေ၊ ဘလော်ဂါတွေကိုလဲ ဖမ်းဆီးထောင်ချ အရေးယူထားတယ်။ ဒါ့အပြင် ဖမ်းဆီးထားသူတွေကို ပိုမိုပြင်းထန်တဲ့ ရက်စက်ခြိမ်းခြောက်မှု အသွင်သဏ္ဌာန်နဲ့ မိသားစုနဲ့ဝေးကွာရာ နယ်စပ်ဒေသက အကျဉ်းထောင်တွေဆီကို ပို့ဆောင်ခဲ့ပြန်တယ်။

ပြည်ပမှာဆိုရင်ကော။ ပြည်ပက မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေအပေါ်မှာလဲ နအဖစစ်အစိုးရဟာ လက်လှမ်းမှီသမျှနဲ့ ဟန့်တားနှောင့်ယှက်မှုတွေ ရှိနေတာပါပဲ။ နိုင်ငံရေးတက်ကြွသူတွေကို ရောက်ရှိရာနိင်ငံတွေမှာ ရပ်တည်လို့မရအောင် နိုင်ငံကူးလက်မှတ်အပေါ် ကန့်သတ်မှု ဖျက်သိမ်းမှုတွေ လုပ်တယ်။ အမိမြေကိုပြန်လာချိန်မှာ ဖမ်းဆီးမှုတွေလုပ်တယ်။ ရောက်ရှိနေတဲ့ နိုင်ငံတွေက နိုင်ငံအစိုးရတွေ အထင်အမြင်လွဲမှားအောင် ဖိအားပေးမှုတွေ လုပ်တယ်။ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ အခြေပြုပြီး မြန်မာ့ဒီမိုကရေစီရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်လှုပ်ရှားနေသူတွေအပေါ်မှာဆိုရင် သက်ဆိုင်ရာ ထိုင်းအစိုးရနဲ့ International police (Interpol) အဖွဲ့လို အဖွဲ့မျိုးက အထင်အမြင်လွဲမှားအောင် လက်နက်မှောင်ခိုမှု၊ ဖောက်ခွဲမှု၊ လူကုန်ကူးမှုနဲ့ ပတ်သက်သူတွေအဖြစ် စွပ်စွဲပြောဆို တိုင်တန်းမှုတွေရှိနေတယ်လို့ ကြားသိနေရပါတယ်။ ဒီလို စွပ်စွဲပြောဆို တိုင်တန်းမှုတွေဟာ အမှန်တကယ်တော့ နအဖစစ်အစိုးရရဲ့ ရိုင်းစိုင်းရက်စက်မှု၊ မဟုတ်မမှန် လီဆယ်ပြီး သူတို့ အာဏာတည်မြဲရေး လုပ်ဆောင်မှုတွေသာဖြစ်ကြောင်း ကမ္ဘာပြည်သူတွေနဲ့ အစိုးရတွေဟာ နားလည်သဘောပေါက်သင့်ပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားသူတွေအားလုံးအနေနဲ့ကတော့ နအဖစစ်အစိုးရရဲ့ ဖိနှိပ်မှုပုံစံအမျိုးမျိုးကို နားလည်သဘောပေါက်ပြီး ခံနိုင်ရည်ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဒီမိုကရေစီစနစ်ရဲ့ရှေ့ဆောင် အမေရိကန်နဲ့ ဥရောပနိုင်ငံကြီးတွေရဲ့ သမိုင်းကြောင်းမှာရှိတဲ့ ဒီမိုကရေစီတော်လှန်ရေး ကာလတွေဟာလဲ ဒီကနေ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်းမျိုးထက် လျော့နည်းခဲ့မယ်လို့ မထင်မိပါဘူး။
အမေရိကန်မှာ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး တိုက်ပွဲအတွက် စစ်ရေးနည်းနဲ့ ရှစ်နှစ်ကြာ တိုက်ခဲ့တာတောင် အမှန်တကယ် တန်းတူညီမျှရေးဟာ လူမည်းတွေအတွက် ကွက်ကျန်ခဲ့လို့ သမ္မတကြီး လင်ကွန်းဟာ လူမည်းတွေရဲ့ လွတ်လပ်ရေးအတွက် ဦးဆောင်အရေးဆိုခဲ့ရာမှာ အမေရိကန်တောင်ပိုင်းသားတွေက လက်မခံနိုင်ခဲ့ကြလို့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ ခြောက်နှစ်ကြာခဲ့ပါတယ်။ လူမည်းအရေးအတွက် ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ပြည်တွင်းစစ်လို့ ဆိုပါတယ်။ စစ်ကြီးပြီးတဲ့နောက် လူမည်းတွေ လွတ်လပ်ခဲ့ပေမဲ့ လူတွေကြားက အဖြူအမဲ ခွဲခြားဆက်ဆံမှုဟာ ပြီးသွားတာမဟုတ်သေးလို့ မာတင်လူသာကင်းတို့လို ပုဂ္ဂိုလ်တွေက ဆက်လက်တိုက်ပွဲဝင်ခဲ့ရတာ နှစ်ကာလတွေ အကြာကြီးပါပဲ။ အခုအချိန်မျာတော့ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးမှာ လူမည်းနွယ် သမ္မတလောင်း အိုဘားမားက လူဖြူသမ္မတလောင်း ဂျွန်မက်ကိန်းကို မဲအပြတ်အသတ်နဲ့ နိုင်ပြီး အောင်ပွဲဆင်နိုင်ခဲ့ပါပြီ။

အင်္ဂလန်မှာလည်း အလားတူပါပဲ။ ဒီမိုကရေစီရေးနဲ့ လူအချင်းချင်း တန်းတူညီမျှရေးတိုက်ပွဲဟာ အတော်ကို အချိန်ယူခဲ့ကြရပါတယ်။ (၁၇-၁၈) ရာစုကာလတွေမှာ အင်္ဂလန်က ဘုရင်နဲ့ မှူးမတ်တွေရဲ့ ဘတပြန် ကျားတပြန် တိုက်ပွဲတွေ၊ မြေရှင်ကြီးတွေနဲ့ မှူးမတ်တွေရဲ့ တိုက်ပွဲတွေ၊ စက်မှုဖွံ့ဖြိုးလာပြီးနောက် အရင်းရှင်တွေနဲ့ မှူးမတ်အာဏာပိုင်တွေရဲ့ တိုက်ပွဲတွေ၊ အရင်းရှင်နဲ့ အလုပ်သမားတွေရဲ့ တိုက်ပွဲဟာ ပြင်းထန်ရုံမက ရှည်လျှားခဲ့တာပါပဲ။ အင်္ဂလန်မှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းမှုအစက အိမ်ပိုင်ယာပိုင်မရှိရင် မဲပေးခွင့်မရှိခဲ့ကြပါဘူး။ အလုပ်သမားတွေလဲ မဲပေးခွင့်မရခဲ့ကြပါဘူး။ ဒါတွေကိုလဲ အချိန်ယူ တိုက်ပွဲဝင်ခဲ့ရတာပါ။ အင်္ဂလန်မှာ အမျိုးသမီးတွေ မဲပေးခွင့်မရသေးခင်က အင်္ဂလိပ်အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေး ရရှိရေးအတွက် အမျိုးသား လွှတ်တော်အမတ်တွေ လွှတ်တော်ထဲကထွက်လာရင် လမ်းမပေါ်မှာ တုံးလုံးလှဲပြီး လမ်းပိတ်ဆို့သူက ပတ်ဆို့၊ ငြုပ်ကောင်းမှုန့်တွေ၊ ငြုပ်သီးမှုန့်တွေနဲ့ ပက်သူက ပက်၊ ကြာပွတ်နဲ့ ဆီးရိုက်သူက ရိုက်၊ အဲဒီလိုလုပ်တော့ ဖမ်းဆီးထောင်ချ၊ ထောင်ချတော့လည်း အမျိုးသမီးတွေက မလျော့ဘဲ ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြနဲ့၊ အဲဒီလို တိုက်ပွဲဝင်ခဲ့ကြတဲ့ အင်္ဂလိပ်အမျိုးသမီးတွေရဲ့ အောင်ပွဲဟာ (၂၀) ရာစုရောကတော့ မာဂရက်သက်ချာလို အမျိုးသမီးဝန်ကြီးချုပ်တယောက်က သက်တမ်း သုံးကြိမ်တောင်မှ အင်္ဂလန်လွှတ်တော်မှာ ကြီးစိုးနိုင်ခဲ့ပါတယ်။

တော်လှန်ရေးနဲ့ပတ်သက်ရင် တောင်အာဖရိက,က လူဖြူလူမည်းတန်းတူရေး တိုက်ပွဲတွေဟာလည်း သင်္ခန်းစာယူစရာတွေပါပဲ။ လူမည်းခေါင်းဆောင် မစ္စတာ မန်ဒဲလားနဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ ရှည်ကြာလှတဲ့ အကျဉ်းထောင်သက်တမ်းတွေနဲ့ တိုက်ပွဲဝင်အပြီးမှာ နောက်ဆုံးတော့လဲ အောင်ပွဲဆင်နိုင်ခဲ့တာပါဘဲ။

တော်လှန်ရေးဆိုတာ လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမှုဆိုတဲ့ အရာတွေအတွက် အမှန်တကယ် ကြီးကျယ်မြင့်မြတ်သူတို့သာ လုပ်ဆောင်နိုင်ကြတာပါ။ တော်လှန်ရေးဟာ ကြာချင်ကြာမယ်၊ မြန်ချင်မြန်မယ်၊ ဘဝတွေ ပါချင်ပါမယ်၊ အသက်တွေ ပါချင်ပါမယ်၊ ဒါပေမဲ့ တော်လှန်ရေးကြီးဟာ ကြီးကျယ်မြင့်မြတ်သူတို့ရဲ့လမ်းဖြစ်ပါတယ်။ မကြီးကျယ် မမြင့်မြတ်သူတို့နဲ့ မသက်ဆိုင်ဘဲ အမှန်တကယ် ကြီးကျယ်မြင့်မြတ်လိုသူတိုင်း ပါဝင်ဆင်နွဲရမဲ့ လမ်းဖြစ်ပါတယ်။

ယခုလက်ရှိ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘယ်လိုမှ ရလဒ်ကောင်းမထွက်နိုင်တော့တဲ့ အလွန့်အလွန်ဆိုးရွားလှတဲ့ “Army autocracy” စစ်အာဏာရှင် စနစ်လမ်းဟောင်းကနေ “By the people, for the people” ဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတဲ့ ကြီးကျယ်မြင့်မြတ်သူတွေ အများကြီးရှိနေကြပါပြီ။

ဖိနှိပ်သူ စစ်အစိုးရက အဘယ်မျှ ဖိနှိပ်ပါစေ၊ ကန့်သတ်ပါစေ၊ နှောင့်ယှက်ဟန့်တားပါစေ တော်လှန်ရေးလမ်းကြောင်းကတော့ ပြောင်းလို့မဖြစ်ပါဘူး။ အခုတော့ ခံနေကြရဆဲပါ။ ခံနေကြရတဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေကို မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ ခုနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ဝန်းထဲမှာ ပြုလုပ်ခဲ့တဲ့ ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းလေးကို ပြန်လည်ပြောပါရစေ။ သူပြောခဲ့တာက“လက်နက်ကိုင်ပြီး လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ဘာလက်နက်မှ မပါဘဲ ခံရဲတာမှ သတ္တိ” ဆိုတဲ့ စကားပါပဲ။

အလူးအလဲခံနေရတဲ့ ပြည်သူလူထုအားလုံးနဲ့ နိုင်ငံရေးတက်ကြွသူတွေဟာ ခံရဲတဲ့သတ္တိတွေ ရှေ့ကို တိုးမွေးမြူကြရဦးမှာမို့ လက်သီးတွေကို ကျစ်ကျစ်ဆုပ်ထားပါ။ သမိုင်းဘီးဟာ နောက်ပြန်မလည်ပါဘူး။ အခုချိန်မှာတော့ “အားတင်းထားပါ” လို့ အားလုံး အားလုံးကို တိုက်တွန်းလိုက်ပါရစေ။ ။


နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမောလ်ကြီး ဆောက်မည်

ခိုင်မင်း/ ၃၀ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော် ပျဉ်းမနားမြို့မဈေး တခြမ်းကို ဖျက်သိမ်းပြောင်းရွှေ့ပြီး ရှော့ပင်းမောလ် တခု တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ဖျက်သိမ်းမည့် ဈေးဟောင်းဆိုင်ခန်းများအတွက် အလျော်ပေးမည်မဟုတ်သည့်အတွက် ဆိုင်ခန်းပိုင်ရှင်များ မကျေမနပ် ဖြစ်နေသည်။

ဖျက်သိမ်းမည့်အခြမ်းမှာ ပျဉ်းမနားမြို့လယ် ဗိုလ်တောက်ထိန်လမ်းမကြီး တောင်ဘက်အခြမ်းဖြစ်ကာ ၎င်းအပိုင်းရှိ ဆိုင်ရှင်များအား တည်ဆောက်ပြီးစီးသွားသည့် ဈေးသစ်ကြီး အတွင်းရှိ ဆိုင်ခန်းများအား ၀ယ်ယူခွင့်ပေးမည်ဟု အာဏာပိုင်များက ပြောကြားသော်လည်း အစားထိုး လျော်ကြေးပေးမည်မဟုတ်ကြောင်း စုံစမ်းသိရသည်။

တည်ဆောက်ပြီးစီးသွားသည့် ဈေးသစ်ကြီးမှာ ပျဉ်းမနားမြို့ အရှေ့ဘက် (၂) မိုင်ခန့်အကွာရှိ ကင်ပွန်းတန်း ကျေးရွာအနီးတွင် တည်ရှိပြီး ဈေးသစ်ကြီးရှိ ဆိုင်ခန်းများ၏တန်ဖိုးမှာ အနည်းဆုံး ကျပ်သိန်း (၁၀၀) ခန့် ရှိသောကြောင့် စီးပွားရေးကျဆင်းနေသောကာလတွင် ၀ယ်ယူနိုင်သူ မရှိသလောက်ဖြစ်နေကြောင်းလည်း သိရှိရသည်။

အလားတူပင် ၂၀၀၇ ခုနှစ်ဆန်းစက ပျဉ်းမနားမြို့မဈေးထဲရှိ ဟင်းသီးဟင်းရွက်ဆိုင်ခန်းများအား ကင်ပွန်းတန်းကျေးရွာအနီးရှိ ဟင်းသီးဟင်းရွက်ဈေးသစ်သို့ ပြောင်းရွှေ့စေခဲ့သည့်အတွက် ယခုအခါတွင် မြို့သူမြို့သားများသည် အသီးအနှံများကို မြို့ပြင်ထွက် ၀ယ်ယူနေကြရသည်။

အာဏာပိုင်များက မြို့မဈေးအတွင်း ဟင်းသီးဟင်းရွက်များ ရောင်းချပါက အရေးယူမည်ဟု ပြောကြားထားသည့်အတွက် မြို့မဈေးထဲရှိ ဟင်းသီးဟင်းရွက်များ တိတ်တဆိတ် ခိုးရောင်းချနေရသော လက်လုပ်လက်စားဈေးသည်များမှာ အထိတ်တလန့်ဖြင့် ရောင်းချနေကြရသည်။

ပျဉ်းမနားမြို့နယ်ရှိ စည်ပင်သာယာဝန်ထမ်းများသည်လည်း နေပြည်တော်အဖြစ် ပြောင်းလဲ သတ်မှတ်ပြီးကတည်းက ရော်ဘာနံပါတ်တုတ်များကိုင်ဆောင်ခွင့်ရရှိခဲ့ပြီး မည်သည့်ရည်ရွယ်ချက်ကြောင့် ဆိုသည်ကို ဈေးသည်များ နားမလည်နိုင်ဖြစ်နေကြသည်။

ယခုရွှေ့ပြောင်းမည့် မြို့မဈေးကို ၁၉၉၃ ခုနှစ်က ပျဉ်းမနားမြို့တွင် တာဝန်ကျခဲ့သော အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၆) မှူး ဗိုလ်မှူးကြီးမောင်ဘို ယခု နအဖအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုက မူလဈေးဟောင်းကို ဖျက်ပြီး ယခုမြို့မဈေးကို တည်ဆောက်ခဲ့စဉ်ကလည်း ယခုကဲ့သို့ ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် ဆိုင်ခန်းများမ၀ယ်ယူနိုင်ဘဲ လက်မဲ့ဖြစ်ခဲ့ရသည်။

မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရီအဆိုပြု

NEJ/ ၃၀ ဒီဇင်ဘာ ၂ဝဝ၈


ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှုများ လုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်း ခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေး ကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။

ပြီးခဲ့သည့်လက ကုလအတွင်းရေးမှူးချုပ် ဘမ်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

သို့သော် ဂမ်ဘာရီ၏ အဆိုပြုချက်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဂမ်ဘာရီ မြန်မာနိုင်ငံသွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့်ရော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ပါ တွေ့ခွင့်မပေးခဲ့သဖြင့် မအောင်မြင်ခဲ့သည့် ကုလသံတမန်ရေးနည်းလမ်းကို ကယ်တင်ရန်ကြိုးပမ်းချက်တရပ်အဖြစ် ဝေဖန်သူများက ထောက်ပြသည်။

ဂမ်ဘာရီသည် ဒီမိုကရေစီရေး ပြောင်းလဲချင်စိတ်မရှိသည့် စစ်အစိုးရကို ကိုင်လှုပ်ရာ၌ တိုးတက်မှုရှိပါသည်ဆိုပြီး ပြရန်သက်သက် ရည်ရွယ်သည်ဟုလည်း ဝေဖန်ကြသည်။

မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။

ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထားသည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီများများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟုလည်း အစီရင်ခံစာ၌ အဆိုပြူထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့် နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို လာမည့် ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည်ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဖြစ်သည်။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြူသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့်အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများတွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန်တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ မတ်လခရီးစဉ်၌ ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ် ကျော်ဆန်းက ငြင်းပယ်ခဲ့သည်။

ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည် အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆွေးနွေးရေးကိစ္စသည်လည်း ထိပ် တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေ ညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း က ပြောခဲ့သည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,30th,2008

( 29 )အရာခံဗိုလ်လုပ်ရပ်ကြောင့် ဒေသခံရွာသားများ မကျေမနပ်ဖြစ်နေ

( 28 )ထူးမခြားနား နယူးရီးယား

( 27 )Poor Maternal Health Care Widespread In Eastern Burma

( 26 )ရန်ကုန် ကရင်နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပ

( 25 )Suu Kyi supporters 'arrested in Burma'

( 24 )ဆန္ဒပြသူ ၉ ဦး အဖမ်းခံရ

( 23 )လွတ်လပ်ရေး မီးရှုးတန်ဆောင် အရှင်ဦးဥတ္တမ မွေးနေ့ ကျင်းပ

( 22 )ရန်ပုံငွေလက်မှတ်များ အတင်းရောင်း၍ မြို့ခံများ မကျေနပ်

( 21 )Kachins hold centenary celebrations on American Baptist mission

( 20 )ဆန္ဒပြသူ အဖွဲ့ချုပ်ဝင် ၉ ဦး အဖမ်းခံရ

( 19 )၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများ ကန်တော့ပွဲ

( 18 )Nine NLD Members Arrested in Rangoon

( 17 )နိုင်ငံရေး အကျဉ်းသားတဦး တီဘီရောဂါ ကူးစက်မှုဖြင့် ကွယ်လွန်

( 16 )New Year’s Event Spotlights Sexual Orientation Issues

( 15 )အဖွဲ့ချုပ် လူငယ်ဖွဲ့စည်း ဖော်ဆောင်ရေး ဆွေးနွေး

( 14 )စိုက်ပျိုးစရိတ် ပြန်မဆပ်နိုင်၍ လယ်သမားများ အခက်ကြုံ

( 13 )9 Myanmar activists held

( 12 )Nine Myanmar Activists Held For Suu Kyi Protest

( 11 )NKorean defectors to stand trial in Myanmar

( 10 )မွန်ပြည်သစ်ပါတီရွှေရတုသဘင်

( 9 ) ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ

( 8 )Americans found allies in Burma villagers

( 7 )ဦးဝင်းတင်ကို နှောက်ယှက်မှုတွေ တိုးမြှင့်လာ

( 6 )Myanmar Signs Deal With Foreign Firms To Pipe Natural Gas To China

( 5 )China pips India to sign gas sales agreement with Daewoo

( 4 )၈၈ ကျောင်းသားခေါင်းဆောင် ကိုသိန်းသန်းထွန်း ထောင်ဆေးရုံတက်

( 3 )ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မှာ ပျောက်ဆုံးနေ

( 2 )Foreign companies to pipe Burma oil to China

( 1 )မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး

Monday, December 29, 2008

နာဂစ်မုန်တိုင်း ရံပုံငွေ နာမည်ဖြင့် ကညနတို့ ဆိုင်ကယ်လိုင်စင်ထုတ်ပေး- ကျပ်သိန်းချီ အခွန်ကောက်

သျှမ်းသံတော်ဆင့် 29 ဒီဇင်ဘာလ 2008

ယခုနှစ် ဂျွန်လမှစ၍ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်၌ နအဖအာဏာပိုင်များ ဆိုင်ကယ်လိုင်စင်လက်ခံလုပ် ပေးရာ ဆိုင်ကယ် တစ်စီး ကျပ်ငွေသိန်းချီကောက်ယူကြောင်း၊ နားဂစ်မုန်တိုင်းဒုက္ခသည်များအတွက်ရံပုံငွေဟု နာမည်တပ် ကောက်ယူသော ငွေများကို နအဖအာဏာပိုင်အသိုင်းအ၀ိုင်းများအတွင်းပင် ပြန်လည်ဝေငှစားသုံး ခဲ့ကြောင်းသျှမ်းပြည်တောင်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

အောက်တိုဘာလအထိ ၃-၄ လအကြာ ဆိုင်ကယ်လိုင်စင်ခွန်လျှောက်ခွင့်ပေးထားသဖြင့် လွယ်လင်ခရိုင်အတွင်း မြို့နယ်အသီးသီးမှ တရုပ် ဆိုင်ကယ်၊ ထိုင်းဆိုင်ကယ် အစီးရေ ၁ သိန်းထက်မနဲ လျှောက်လွှာတင်ကြကြောင်း နယ်စပ်ရောက် လွယ်လင်ဒေသခံတစ်ဦး ကပြောပြသည်။

“ ဆိုင်ကယ် အမျိုးအစားအလိုက် လိုင်စင်ခွန် တစ်စီး ကျပ် ၁၅၀ ၀၀၀ ကနေ ၃၇၀ ၀၀၀ အထိကောက်တယ်။ အလယ်အလတ်တန်းစားကတော့ တစ်စီး ကျပ် ၂၀၀၀၀၀ ပေါ့။ အာဏာပိုင်တွေ ပိုက်ဆံ ကျပ်သန်းပေါင်း ၂ သောင်းလောက်ရသွားတယ်” ဟု ဆို၏။

လွယ်လင်မြို့သို့ ဆိုင်ကယ်လိုင်စင်လာလျှောက်သော ကွန်ဟိန်း၊ ကာလိဘက်မှဒေသခံတစ်ဦးကလည်း“ ရုံးရောက်ရောက်ချင်း ကညနကထုတ်တဲ့ ၂၀၀၈ ပြက္ခဒိန်တစ်စောင်ကို တုံကင်အဖြစ် ကျပ် ၁၅၀၀ ကနေ ကျပ် ၄၀၀၀-၅၀၀၀ အထိ ကြားပွဲစားတွေကနေ အဆင့်ဆင့်ဝယ်ရတယ်။ နောက်ပိုင်း ကျပ် ၇၀၀၀ အထိတောင် ဖြစ် သွားတယ်ဆိုဘဲ။ တုံကင်ပြားသာဆိုတယ်။ ရုံးအရာရှိတွေ ကိုယ်တိုင် ပွဲစားလုပ်နေတော့ ပွဲစားနဲ့မလုပ်တဲ့ လူတွေ အတွက် ၁၀ ရက် တသီတင်း စောင့်လည်း ကိုယ့်အလှည့်ရောက်ကို မရောက်ဘူး။ အချိန်ကုန်၊ ငွေကုန် လူပမ်း ဖြစ်ရတာပေါ့ဗျာ” ဟု ပြောပြသည်။

ကောက်ခံသော လိုင်စင်ကြေးကို နာဂစ်မုန်တိုင်းဒုက္ခသည်များအတွက် ရံပုံငွေဟုဆိုသော်လည်း စင်စစ်မှာအစိုးရ ဘဏ္ဍာငွေ ဟုဆိုကာ နေပြည်တော်သို့သာလွှဲပေးကြောင်း၊ ထို့အပြင် ရဲ၊ ကြံ့ဖွံ့အသင်းအတွက်လည်း တဖွဲ့ ၄-၅ သောင်း ဝေငှပေးကြောင်း ကညနရုံးအရာရှိနှင့် ရင်းနှီးကျွမ်းဝင်သူ လွယ်လင်ဒေသခံ ကြားပွဲစားတစ်ဦး ကလည်း ပြောပြသည်။

တုံကင်ပြားသာဝယ်ရပြီး လိုင်စင်မလျှောက်ရသူ ဒေသခံတစ်ချို့ကမူ “ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် သူတို့တွေ စားကွက်ရှားတော့ မယ်ဆိုတော့ အခုကတည်းက ရသမျှ စုထားဆောင်းထား ကောက်ထားတာလည်းဖြစ် နိုင်တာဘဲ” ဟုဝေဖန်ကြသည်ဟုဆို၏။

ယခုနှစ်မေလ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအားနာဂစ် မုန်တိုင်း တိုက်ခတ်မှုအပြီး ရန်ကုန်မြို့မှလွှဲ၍ နယ်မြို့တိုင်းလိုလို၌ စစ်အစိုးရဆိုင်ကယ်လိုင်စင်များထုတ်ပေးကာ တစ်စီးလျှင်အနည်းဆုံး ကျပ်ငွေ သိန်းချီကောက်ယူခဲ့သည်ဟု လွယ်လင်ကညနရုံးဝန်ထမ်းအသိုင်းအ၀ိုင်းမှ ကြားသိရသည်။


နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည်အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင် ထုတ်ဖို့ပြင်

ခိုင်မင်း/ ၂၉ ဒီဇင်ဘာ ၂၀၀၈

ပျဉ်းမနားမြို့မှာ နောက်ထပ် ဘူတာရုံသစ်တခု တည်ဆောက်ရန်အတွက် ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်အချို့ နေရာ ပြောင်းရွှေ့ ပေးရ မည်ဖြစ်သည့်အတွက် အိမ်ခြေ (၂) သောင်းကျော် အခက်အခဲဖြစ်နိုင်သည်ဟု မြို့ခံများက ပြောသည်။

နေပြည်တော်ဘူတာရုံကြီးကို ၂၀၀၆ ခုနှစ်က ရွာတော်ကျေးရွာအနီးတွင် တည်ဆောက်ခဲ့သည်မှာ ယခုအခါ အပြီး သတ်လုဖြစ်သော် လည်း ဘူတာ တည်ဆောက်ရာ မြေနေရာမှာ လယ်မြေဖြစ်ပြီး စမ်းပေါက်နေသည့်အတွက် ဘူတာအဖြစ် အသုံးပြုရန်မဖြစ်နိုင်ဘဲ စမ်းသပ်မောင်းနှင်သည့် မီးရထားစက်ခေါင်းများ (၃) ကြိမ်ခန့် တိမ်းမှောက်ခဲ့သည်။

ထို့ကြောင့် နေပြည်တော်ဘူတာသစ် နောက်တခုတည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်ပြီး အေးရှားဝေါ ကုမ္ပဏီက ကံထရိုက်ရရှိထားသည်ဟု စုံစမ်းသိရသည်။

ရွှေ့ပြောင်းရမည့်ရပ်ကွက်များမှာ ပျဉ်းမနားဘူတာအနီးတ၀ိုက်တွင်ရှိသည့် ရန်အောင် (၂) ရပ်ကွက်အုပ်စု အတွင်းပါဝင်သော ဂုဏ်တန်ရပ်ကွက်၊ ရန်နိုင်ဟူစိန်ရပ်ကွက်နှင့် တောင်သာအုပ်စုတွင်ပါဝင်သည့် ဂွကြားရပ်ကွက်များ ဖြစ်သည်ဟု သိရသည်။

အဆိုပါရပ်ကွက်များ၌ ၀န်ထမ်းနှင့် လက်လုပ်လက်စားအများစုပါဝင်ပြီး ဂွကြားရပ်ကွက်မှာမူ ပန်းပဲလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အိမ်ခြေနှစ်သောင်းကျော်ရှိကြောင်း၊ ယင်းရပ်ကွက်မှလူများကို ပျဉ်းမနား နေပြည်တော် နယ်မြေတွင်ရှိသည့် လေတွင်းတောင်ခြေအနီးနှင့် ပျဉ်းမနားအရှေ့ ဘက် (၇) မိုင် အကွာရှိ ဆင်ဖြူတောင်ခြေအနီးတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်သည်။

လေတွင်းတောင်သည် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အနီးတည်ရှိပြီး ရှမ်းရိုးမနှင့်လည်းနီးကာ ငှက်ဖျားရောဂါထူပြောသည့်အပြင် ပေါင်းလောင်းရေကာတာ၏ အောက်ခြေဘက်တွင် တည်ရှိသောကြောင့် အန္တရာယ်အလွန်များသည်ဟု ဆည်မြောင်းကျွမ်းကျင်သူများက ပြောသည်။

ထို့အပြင် အစားထိုးပြန်ပေးမည့် တန်ဖိုးနည်းအိမ်ရာများမှာ ကျဉ်းမြောင်းပြီးသေးငယ်သည့်အတွက် မိသားစုဝင်များ နေထိုင်ရန်အတွက် မလုံလောက်ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါဒေသများသည် ပျဉ်းမနားမြို့နှင့် အလွန်အလှမ်းကွာသည့်အတွက် အလုပ်အကိုင်ရှားပါးပြီး ရောဂါဘယများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

“ဒီဇင်ဘာ (၁၅) ရက်နေ့က လာတိုင်းတယ်။ သူတို့ပြောတာကတော့ နေပြည်တော်ဘုရားကြီးပတ်လမ်း ဖောက်ဖို့လို့ ပြောသွားတယ်။ အခုတော့ မှတ်တိုင်တွေ၊ အမှတ်အသားတွေစိုက်ပြီးသွားပြီ။ မကြာခင် ရွှေ့ရမယ်လို့ ပြောတယ်။ ဒီလိုဆိုရင်တော့ ကျမတို့ မိသားစုတော့ ဒုက္ခပါပဲ။ ကျမက လက်လုပ်လက်စား၊ သားက၀န်ထမ်းဆိုတော့ ပြောင်းရွှေ့မယ့်နေရာရောက်ရင် ဘာလုပ်ကိုင်စားပြီး ဘယ်လိုနေရမှန်းတောင် မသိပါဘူး” ဟု ပြောင်းရွှေ့ခံရမည့်အထဲတွင် ပါဝင်သူဒေသခံတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,29th,2008

( 22 )UN Offers Development Aid in Exchange for Political Prisoners

( 21 )ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

( 20 )Increase in murders on western Burma border

( 19 )နိုင်ငံရေးသမား နောက်တစ်ဦးသေဆုံး

( 18 )Man arrested for connections with media in exile

( 17 )Political Prisoner Htay Lwin Oo Dies

( 16 )၂၀၀၈ ရဲ့ အကြီးမားဆုံး သဘာဝဘေးဒဏ်များ

( 15 )၀မ်းတွင်းမြို့နယ် NLD အစည်းအဝေး

( 14 )Firms to pipe Burma oil to China

( 13 )China grabs Myanmar gas deal ahead of India

( 12 )ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူများ လက်တွန့်

( 12 )Myanmar signs gas deal with SKorea, India, China

( 11 )ကာတွန်းဆရာကြီးများ ကန်တာ့ပွဲ အာဏာပိုင်များ စောင့်ကြည့်

( 10 )Myanmar, China ink gas deal

( 9 )ရေစကြိုမှာ ပေါ်တဲ့မြေနုကျွန်း အာဏာပိုင်တွေ နေရာကောင်း ရယူ

( 8 )Myanmar signs gas deal with China

( 7 )Myanmar to supply natural gas to China

( 6 )Hundreds of migrants feared dead in Indian Ocean

( 5 )ဘိုကလေး ရေသန့်စက်လှူပါလျက် ပျက်၍ ဖြုတ်ပြီးနောက် ၀ယ်သုံးနေရ

( 4 )300 migrants missing off Andamans

( 3 )Japan's decision on Myanmar refugees sends message

( 2 )Coast Guard rescues illegal migrants

( 1 )99 migrants rescued from sea

Sunday, December 28, 2008

စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ပေါ်ထွက်လာ

Sunday, 28 December 2008 13:19 ဗထူး
နာဂစ်မုန်တိုင်းအလွန် စစ်အစိုးရ၏ လေးလပတ်အစည်းအဝေးအပြီး တပ်မတော် ထိပ်ပိုင်းတာဝန်များယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး (၅) ဦးအနက် (၄) ဦးမှာ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြန်လည်ပေါ်ထွက်လာသည်။

စစ်ရေးအကဲခတ်သူများအကြား အဆိုပါ (၅) ဦးအား အငြိမ်းစားပေးလိုက်ပြီဟု သတင်းများထွက်ပေါ်နေခဲ့ပြီး (၅) လအကြာ ၎င်းတို့လှုပ်ရှားမှုများ ပျောက်ကွယ်နေပြီးနောက် (၄) ဦး၏ လှုပ်ရှားမှု စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။

"တပ်ထဲမှာလည်း မေးစရာတွေဖြစ်ခဲ့တယ်၊ တကယ်စာရင်းထွက်လာခဲ့ကတည်းက ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်းကို ကျန်းမာရေးအရ အနားပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ (၄) ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တွဲဘက်ဆိုပြီး ထွက်ခဲ့တာပါ" ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်မှ တပ်မတော်အရာရှိတဦးက ပြောသည်။

သားဖြစ်သူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် အကျဉ်းရုံးစစ်ဆေးခံခဲ့ရပြီးနောက် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်အား စစ်အစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုလည်း အနားပေးလိုက်သည်ဟု တပ်တွင်း ပြန့်နှံ့နေခဲ့သော်လည်း အမှန်တကယ်မှာ အရေးယူခြင်းမရှိဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသည်။

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ရာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ပြီး အနားယူသွားပြီဟု အများသုံးသပ်နေသော ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မောင်ထွေးတို့ တက်ရောက်ခဲ့ကြသည်။

"ကျနော်သုံးသပ်တာတော့ လွှတ်တော်မှာ တပ်မတော်ကကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတာမို့ သူတို့က အလိုလို အဲ့ဒီနေရာကို ဝင်လာပါလိမ့်မယ်၊ တပ်ချုပ်က သူ့ကို ရာသက်ပန်ကာကွယ်ပေးမဲ့သူတွေ လိုအပ်နေတာမဟုတ်လား"ဟု အဆိုပါ တပ်မတော်အရာရှိက ဆက်လက်ပြောဆိုသွားသည်။

စစ်အစိုးရသံအမတ်အား ဖယ်ရှားရေး စိန်ခေါ်ချက်လက်တွေ့ကျပါ့မလား

နိုင်ကျော်


“ပြည်တွင်းလှုပ်ရှားမှုတွေမပါဘဲ ကုလသမဂ္ဂ ဖြေရှင်းပေးမှုကြောင့် လွတ်မြောက်သွားသော နိုင်ငံဟူ၍ ကမ္ဘာပေါ်တွင်မရှိ” ဟူသည့် လူထုဦးစိန်ဝင်း၏ အသံဖိုင်ကို နားထောင်ခဲ့ဖူးသည်။ ထို့ကြောင့် လက်လှမ်းမီသမျှ ကမ္ဘာ့အခင်းအကျင်းများကို လေ့လာကြည့်သောအခါတွင်လည်း ထိုသို့ပင်တွေ့ရသည်။ သို့သော်လည်း ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်ဖြစ်ပေါ်ပြောင်းလဲရေးအတွက် ဆက်လက် ကြိုးစားလုပ်ဆောင်နေသည်ကို အသိအမှတ် ပြုရပေလိမ့်မည်။


မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ပြည်သူအပေါ် နှိပ်စက်ကလူပြုမူနေမှုများသည် မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများပါ သည်းမခံနိုင်စရာဖြစ်နေသည်ကို လူသားချင်းစာနာသူတိုင်း သတိထားမိကြမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအ၀န်းမှ စစ်အစိုးရအား ဖိအားပေးမှုများ၊ အရေးယူဆောင်ရွက်မှုများ ယနေ့ကာလတွင် ဆက်တိုက်ဆောင်ရွက်နေသည်ကို တွေ့မြင်ကြရပေသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းအရေးမှုးချုပ်၏ အထူးကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအထူးကိုယ်စား လှယ်များ မြန်မာနိုင်ငံသို့သွားရောက်ပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတိုးတက်ပြောင်းလဲလာစေရန် အကြိမ်ကြိမ်သွားရောက် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း နအဖ၏ တဖက်သတ်စီစဉ်မှုအောက်တွင်သာ သွားလာလှုပ်ရှားခွင့်ရကြသဖြင့် တိုးတက်မှုမတွေ့ရဘဲ အနုတ်လက္ခဏာများသာ ဖြစ်ပေါ်ခဲ့ရပါသည်။ နအဖအစိုးရသည် အာဏာရှင်တို့ထုံးစံအတိုင်း ၎င်းတို့အာဏာတည်မြဲရေးကိုသာ ရှေးရှုပြီး ပြည်သူလူထုအား ခြိမ်း ခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း စသည်တို့ကိုသာ အစဉ်တစိုက် လုပ်ဆောင်မြဲ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

တဖက်တွင်လည်း ပြည်တွင်းပြည်ပရှိ မြန်မာ့ဒီမိုကရေစီဘက်တော်သားများကလည်း မိမိတို့တတ်စွမ်းသရွေ့ စစ်အာဏာာရှင် ဆန့်ကျင်ရေးလုပ်ငန်းများကို နည်းနာအမျိုးမျိုးဖြင့် လုပ်ဆောင်နေကြပေသည်။ ဤရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံ့ခေါင်းဆောင်ဟောင်း (၁၁၂) ဦးက စုစည်းလက်မှတ်ထိုး၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ မြန်မာနိုင်ငံအား ဖိအားပေးရန် တောင်းဆိုမှုတရပ် ထွက်ပေါ်လာသည်။ ထို့နည်းတူ အာဆီယံနိုင်ငံများ၏ လွှတ်တော်အမတ်များကောင်စီ (AIPMC) မှ ကမကထပြုပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အလားတူစာများ ပေးပို့တောင်းဆိုခဲ့ကြသည်။ ဤဖြစ်ရပ်များသည် နအဖစစ်အစိုးရအပေါ် ဖိအားပေးရေးလုပ်ငန်းတွင် အင်မတန်ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများပင်ဖြစ်သည်။ ထိုကဲ့သို့သော နည်းနာပေါင်းများစွာ၊ လုပ်ငန်းစဉ်ပေါင်းများစွာထဲတွင် Credential Challenge သည်လည်း တခုအပါအ၀င်ဖြစ်နိုင်ပါသည်။ စစ်အစိုးရအား နိုင်ငံတကာမှ အသိအမှတ်မပြုနိုင်အောင် ကြိုးစားခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်ပါသည်။ သို့သော် ထိုနည်းနာသည် နည်းနာပေါင်းများစွာထဲမှ တခုဖြစ်သည်ဆိုသည်ကို သတိပြုရန် လိုအပ်ပေသည်။

ထို့အပြင် စစ်အာဏာရှင်အားတိုက်ဖျက်ကြရာတွင် “မိမိတို့လုပ်ဆောင်ချက်သည်သာ အမှန်ကန်ဆုံးဖြစ်သည်၊ ထိုလုပ်ဆောင်ချက်အပေါ် စစ်အစိုးရဆန့်ကျင်ရေး အင်အားစုများအားလုံး မည်သူမဆို ထောက်ခံလုပ်ဆောင်ကြ ရမည်၊ မတူကွဲပြားသော စဉ်းစားချက်၊ အကြံပြုချက်များကို တင်ပြအကြံပြုပြီး မိမိတို့၏ အစီအစဉ်အား ငြင်းဆိုပိုင်ခွင့်မရှိစေရ” ဆိုသည့်အယူအဆမျိုး မထားရှိသင့်ဟု ထင်မြင်ပါသည်။ ထိုသို့ စဉ်းစားဆောင်ရွက် ကြပါက လူတဦးချင်း တဖွဲ့ချင်းစီ၏ ပြဋ္ဌာန်းချက်နှင့် လွတ်လပ်ခွင့်များကို ထိခိုက်သွားပေလိမ့်မည်။ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ပုတ်ခတ်စွပ်စွဲသည့်အပြုအမူများအထိ မတော်တဆပင်ဖြစ်စေ ဖြစ်ပေါ်လာပါက ညီညွတ်ရေးကို ထိခိုက်လာစေနိုင်ပါသည်။

မိမိ၏ယူဆချက်မှာ ကမ္ဘာ့ခေါင်းဆောင်များကြား မြန်မာ့ပြဿနာကို တင်ပြနိုင်ဖို့အတွက်မှာ ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားလှယ် ရှိခြင်း မရှိခြင်းဆိုသည်ထက် မိမိတို့၏ ချဉ်းကပ်နိုင်မှုနည်းနာများသည် တခုလုံးအကျိုးစီးပွားအတွက် မည်မျှထိရောက်သည် မထိရောက်သည်ကသာ အဓိကကျသည့် ကိစ္စဖြစ်သည်ဟု ထင်မြင်မိသည်။

အမျိုးသားညွန့်ပေါင်းအစိုးရသည် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ခန့်အပ်ထားသည်ဖြစ်ရာ Credential Challenge နှင့်ပတ်သက်၍ အမျိုးသား ညွန့်ပေါင်းအစိုးရနှင့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားများ ကွဲပြားနေကြသည် ဆိုသည့်အဖြစ်မှာ အင်အားစုများအကြား သို့မဟုတ် ပြည်တွင်းမှ တက်ကြွလှုပ်ရှားနေသူများအကြား နားရှုပ်စေနိုင်သော အကြောင်းအရာများဖြစ်လာစေပါသည်။

Credential Challenge အဆင့်ဆင့်နှင့်ပတ်သက်၍ ….

ပထမအဆင့်အနေဖြင့် MPU ဒု-ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုးပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် Credential Challenge လျှောက်လွှာကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်း ဥပဒေနှင့် ကိုက်ညီမှုမရှိသေး၍ Credential Challenge ကော်မတီသို့ တင်သွင်းရန် မပြည့်စုံသေးကြောင်း ပြန်ကြားခဲ့ပါသည်။

ပထမဦးဆုံးအဆင့်ဖြစ်သော ဤတင်သွင်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်သူများသည် ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်းဥပဒေများကို မသိကျိုးကျွန်ပြုပြီး တင်သွင်းခဲ့လေသလားဆိုသည်ကို မေးခွန်းထုတ်ဖွယ်ဖြစ်သည်။ သိလျက်နှင့် တင်သွင်းသည်ဆိုလျှင်တော့ အခြားသော ရည်ရွယ်ချက်များ ရှိနေသေးသလားဟု ထပ်မံမေးခွန်းထုတ်စရာဖြစ်လာပါသည်။

ဒုတိယအဆင့်အနေဖြင့် ၂၀၀၈ ဒီဇင်ဘာလအတွင်းတင်သွင်းရန် ထပ်မံကြိုးပမ်းမှုများသည် အမျိုးသားညွန့်ပေါင်းအစိုးရ၀န်ကြီးချုပ်မှ လက်မှတ်ထိုးမပေး၍ ပျက်ကွက်ခဲ့ရသည်ဟု ကြားသိကြရသည်။ ၀န်ကြီးချုပ်မှ လက်မှတ်ထိုးမပေးခြင်းဆိုသည်မှာလည်း လုံလောက်သော အကြောင်းရှိပေလိမ့်မည်။ ၀န်ကြီးချုပ်၏စဉ်းစားချက်များကို အလေးအနက်ထား၍ ထည့်သွင်း စဉ်းစားကြရမည်လည်းဖြစ်သည်။ အကြောင်းမဲ့ လက်မှတ်မထိုးဘဲ ငြင်းဆိုနေသည်တော့ မဟုတ်တန်ရာဟု အောက်မေ့မိပါသည်။

တတိယအဆင့်အနေဖြင့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ညီလာခံကို ၂၀၀၉ ဇန်န၀ါရီလထဲတွင် ကျင်းပကြမည်။ ထိုညီလာခံတွင် Credential Challenge ကိစ္စ၌ လက်မှတ်ထိုးမည်ဟု ကတိပြုနိုင်သောသူကိုသာလျှင် ၀န်ကြီးချုပ်ရာထူးခန့်အပ်မည် ဆိုသည့်ပြောဆိုမှုများ စိတ်မကောင်းစွာ ကြားနေကြရသည်။ ထိုညီလာခံမှဖွဲ့စည်းလိုက်သည့် အစိုးရ၏ ၀န်ကြီးချုပ် (သို့မဟုတ်) နိုင်ငံခြားရေးဝန်ကြီးမှ လက်မှတ်ရေးထိုး၍ ထပ်မံတင်သွင်းကြမည်ဟု ကြားသိနေရပါသည်။

ထိုသို့ဆောင်ရွက်ရန် သင့် မသင့်၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လှုပ်ရှားမှုကြီးတခုလုံးအတွက် အပေါင်းလက္ခဏာ ဆောင် မဆောင်၊ ဆောင်ရွက်ကြမည့်သူများက သတိချပ်ကြဖို့ လိုမည်ဟု ထင်ပါသည်။ မဆောင်ရွက်သင့်သည် များကို ဆောင်ရွက်မိလျှင် တရှုံးအပေါ် တရှုံးဆင့်သလို ဖြစ်သွားတတ်ပါသည်။

စတုတ္ထအဆင့်အနေဖြင့် မိမိတို့တင်လိုက်သော တင်ပြချက်ကို Credential Challenge ကော်မတီက လက်ခံစဉ်းစားပြီဆိုသည့်တိုင် Credential Challenge Committee တွင် နိုင်ငံပေါင်း (၉) နိုင်ငံ ပါဝင်ဖွဲ့စည်းထားသည်ဖြစ်ရာ မိမိတို့ဘက်မှ အမေရိကန်နိုင်ငံက ထောက်ခံရန်မှာ မသေချာလှပေ။ အစ္စရေးအရေးက သူတို့အတွက် Credential Challenge ကို ထောက်ခံရန် တံတိုင်းသဖွယ် တားဆီးနေသော ဖြစ်စဉ်တခုကို သတိမူသင့်သည်။ တရုတ်နှင့် ရုရှကတော့ သေချာပေါက် ငြင်းပယ်မည်သာဖြစ်သည်။ မဲစနစ်ဖြင့်ဆုံးဖြတ်ရာတွင် (၅) နိုင်ငံရဖို့ ဆိုသည်မှာ အလွန်ခက်ခဲသော ကိစ္စရပ်ပင်ဖြစ်သည်။

ပဉ္စမအဆင့်အနေဖြင့် (၅) နိုင်ငံမှ ထောက်ခံ၍ အထွေထွေ ညီလာခံသို့ရောက်ရှိသွားခဲ့သော် မည်သို့ဖြစ်လာမည်နည်း။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်ရန်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၈၉) မဲ၊ ကန့်ကွက်မဲ (၂၉) နှင့် ကြားနေ (၆၃) မဲရရှိခဲ့သည်။ ထောက်ခံမဲမှာ (၅၀) ရာခိုင်နှုန်းမပြည့်ခဲ့ပေ။ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ညံ့ဖျင်းလှသည်ဟု နာမည်ကြီးနေသော စစ်အစိုးရ၏လုပ်ရပ်များကို ဝေဖန် အကြံပြုလွှာအပေါ်မှာပင် အဖွဲ့ဝင် (၁၈၂) နိုင်ငံအနက် (၈၉) နိုင်ငံကသာ ထောက်ခံခဲ့သည်မှာ အားရစရာမရှိလှကြောင်းကို ညွှန်ပြနေပေသည်။ စစ်အစိုးရအား ကုလသမဂ္ဂထိုင်ခုံမှဖယ်ရှားခြင်း ဆိုသည့်ခေါင်းစဉ်အတွက်ဆိုလျှင် ကြားနေမဲပေးခဲ့သည့် (၆၃) နိုင်ငံသည် ဆက်လက်၍ ကြားနေမဲပေးကြပါဦးမည်လော။ စဉ်းစားသင့်ပါသည်။ ထိုနိုင်ငံများသည်လည်း သူတို့၏ သီးခြားပြဿနာများ ကိုယ်စီ အသီးသီးရှိနေကြပါသည်။ မထောက်ခံချင်၍ ကြားနေသည်ဆိုသည်ကို သတိမူသင့်သည်။ ပို၍အရေးကြီးသော Credential Challenge လို ကိစ္စများအဖို့ဆိုလျှင် ကြားမနေတော့ဘဲ ကန့်ကွက်သည်ဆိုသောအဆင့်သို့ ပြောင်းသွား မပြောင်းသွားကို မည်သူမျှ အတတ်ပြောနိုင်လိမ့်မည်မဟုတ်ဟု ထင်ပါသည်။

ကျွမ်းကျင်သော ဥပဒေပညာရှင်များနှင့် နိုင်ငံရေးအကဲခတ်သမားများ၏ အကြံပြုချက်မှာ ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်လက်မှတ်ထိုးခြင်း မထိုးခြင်း၊ နိုင်ငံတခုမှ လက်ခံလက်မှတ်ထိုးခြင်း မထိုးခြင်းသည် အရေးကြီးသော ဖြစ်စဉ်တခုမဟုတ်ဘဲ အတိုက်အခံအင်အားစုများနှင့် နိုင်ငံတကာအင်အားစုများက နိုင်ငံရေးအရ ထောက်ခံမှု များလေလေ Credential Challenge အပေါ် နိုင်ငံရေးသြဇာသက်ရောက်မှု ကြီးလေလေဖြစ်သည်ဟု ဆိုကြသည်။

အထက်ပါအကြောင်းအချက်များကို ဆန်းစစ်ကြည့်ခြင်းဖြင့် Credential Challenge သည် လက်တွေ့ကျသော နိုင်ငံရေးထိုးနှက်ချက်တခု ဖြစ်နိုင် မဖြစ်နိုင်၊ မိမိတို့အတွက် အောင်ပွဲ ရနိုင် မရနိုင် ဆိုသည့်မေးခွန်းများမှာ အမှန်တကယ်ဖြေကြားကြရမည့်မေးခွန်းများ ဖြစ်လာပါတော့သည်။

တဖက်တွင် ကုလသမဂ္ဂက ယနေ့အချိန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တွေ့ဆုံနွေး နွေးအဖြေရှာခြင်းကိုသာ ဆက်လက်ကြိုးပမ်းနေဆဲဆိုသည်ကိုလည်း အထူးသတိချပ်သင့်ပေ သည်။ စစ်အစိုးရကို နေရာမှလုံးဝဖယ်ရှားပစ်ရေးထက် စကားပြောဖက်အဖြစ် တက်လှမ်းလာ ရေးကို ပို၍အားစိုက်နေကြောင်း သတိချပ်သင့်ပါသည်။

ယနေ့အချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အပြောင်းအလဲတရပ်သို့ ဦး တည်နေသည့် အချိန်ကာလဖြစ်သည်ဆိုသည်ကို အားလုံးလက်ခံနိုင်ကြမည်ထင်ပါသည်။
ထိုသို့သောအခြေအနေအောက်တွင် ပြည်တွင်းပြည်ပညီညွတ်မှုကို အစွမ်းကုန် တည် ဆောက်ကြရမည်လည်းဖြစ်သလို နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဆင်ကြရာတွင်လည်း အပြန် အလှန်အသိအမှတ်ပြု အပြန်အလှန်တန်ဖိုးထားပြီး လက်တွဲဆောင်ရွက်၍ ရသမျှလုပ်ငန်းတိုင်း တွင် လက်တွဲဆောင်ရွက်ကြရမည်လည်းဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ပြည်သူတို့၏မဲများကို အတင်းလုယူ၍ အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံမူကြမ်းကို အသက်သွင်းနိုင်ရေးအတွက် ၂၀၁၀ ရွေးကောက် ပွဲဆိုသည်ကို ဇွတ်ကျင်းပရန် နအဖအစိုးရက စီမံဆောင်ရွက်နေပြီဖြစ်သည်။ ၎င်းဆောင်ရွက် ချက်များသည် ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီများနှင့် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးအပိုင်ဖျက်သိမ်းပစ်ရန် စစ်အစိုးရ၏ ကြံရွယ်အားထုတ်ချက်များဖြစ်သည်။

အကျိုးဆက်အဖြစ် မြောက်များလှစွာသောစိန်ခေါ်ချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပြည်တွင်း အတိုက်အခံအင်အားစုအားလုံး ရင်ဆိုင်နေကြရပြီဖြစ်သည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် မည်သည့်လုပ်ရပ်တစ်ခုကို ဆောင်ရွက်သည်ဖြစ်စေ မိမိတို့ အင်အားစုတစ်ခုလုံးအတွက် သို့မဟုတ် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးတစ်ခုလုံးအတွက် အကျိုး ရှိ မရှိ၊ အပေါင်းလက္ခဏာ ဆောင် မဆောင်ဆိုသည့် ပေတံဖြင့်သာ ချင့်ချိန်တိုင်းတာ ဆောင်ရွက်သင့်သည်ဟု စဉ်းစားမိပါသည်။ တစ်ဦးစီတိုင်း၏ ဆောင်ရွက်မှုတိုင်းသည် တစ်ခု လုံးဆိုင်ရာဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ်သည်။ တစ်ဖွဲ့ချင်းစီ၏ ဆောင် ရွက်ချက်တိုင်းသည် တစ်ခုလုံးဆိုင်ရာဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ် သည်။ ဤစဉ်းစားနည်းများသည် နိုင်ငံတစ်ခုကို အကောင်းဆုံးဖြစ်အောင်တည်ဆောက်နေသူ များအဖို့ ကိုင်စွဲကြရမည့် အခြေခံအကျဆုံးသော လုပ်ထုံးလုပ်နည်းများဖြစ်သည်ကို အင်အား စုအားလုံး မည်သူမဆိုလက်ခံနိုင်လိမ့်မည်ဟု ရိုးသားစွာယုံကြည်မိပါသည်။


ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ

မင်းနိုင်သူ/ ၂၈ ဒီဇင်ဘာ ၂၀၀၈


အန်အယ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် DPA (Deutsche Presse-Agentur GmbH) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြား သတင်း ထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့်သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။

ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကပါ ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့်ဆန္ဒရှိသယောင် အန်အယ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။

ဒီပီအေ သတင်းဌာနသည် ဂျာမဏီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီးတခုဖြစ်သော်လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကမှာ လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြားသတင်းထောက် တဦးက ပြောသည်။

ဒီပီအေ ရန်ကုန် သတင်းထောက်ကို တာဝန်ခံသည့် ဒီပီအေ အယ်ဒီတာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရုံးထိုင်သည့်အတွက် နိုင်ငံတကာ အတိုက်အခံများက ဦးဝင်းတင်၏စာကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ဘန်ကောက်မြို့ရှိ DPA သတင်းဌာနခွဲရုံး အယ်ဒီတာထံ သို့ bangkok@dpa.com အီးမေးဖြင့် ဆက်လက် ပေးပို့ ကန့်ကွက်သင့်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့ကလည်း ယူဆသည်။

အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏ နိုင်ငံရေးရပ်တည်ချက် ၄ ရပ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်းပါ အဆိုပါ စာ၌ ဖော်ပြထားသည်။

၁။ စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆန့်ကျင်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ ၁၉၉၀ လွှတ်တော်ခေါ်ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုသည့် စု-လွှတ်-တွေ့ လမ်းစဉ်ကို ကိုင်စွဲသည်။
၃။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံ။
၎။ ၂၀၁၀ ရွေးကောက်ပွဲကို ထည့်သွင်းစဉ်းစားခြင်းမပြု ဟူ၍ဖြစ်သည်။

ဦးဝင်းတင် လက်မှတ်ရေးထိုးထားပြီး ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ပေးပို့်ခဲ့သည့် မူရင်း စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။



ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,28th,2008

( 11 )ပလီပေါက် ကင်းနေဗီ လူထုထံမှ ဓါးပြတိုက်

( 10 )U.N. Mulls Reengaging Burma With More Aid

( 9 )မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ

( 8 )ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်

( 7 )Cyclone Nargis hits Burma, 2 May

( 6 )Burma Celebrates Independence Day story

( 5 )Families to re-enact wartime great escape from Hong Kong

( 4 )လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်အမားထောင်ချီ အလုပ်လက်မဲ့ဖြစ်

( 3 )Stand up and be counted on Burma

( 2 )Japan’s action changes Asia’s image

( 1 )ဆူနာမီ ၄ နှစ်ပြည့် အခမ်းအနား ထိုင်းတောင်ပိုင်းတွင် ကျင်းပ


Saturday, December 27, 2008

ခရစ်စမတ်အပြန် ရှမ်းလူငယ်ကို ရဲနှင့် ပြည်သူ့စစ်တို့ ရိုက်သတ်

သျှမ်းသံတော်ဆင့်

ရှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ဒီဇင်ဘာလ(၂၃)ရက်နေ့ညပိုင်းက ခရစ်စမတ်ပွဲမှပြန်လာသူ ရှမ်းအမျိုးသားလူငယ်တစ်ဦးအား ရဲနှင့်ပြည်သူ့စစ် အဖွဲ့ဝင်များက ရိုက်နှက်သဖြင့် သေဆုံးသွားကြောင်း သိရသည်။

နမ့်ခမ်းမြို့ နောင်ခမ်းတိုက်ရွာသား အသက်(၂၂)အရွယ် စိုင်းတီးနှင့်အဖေါ်ကောင်မလေးတို့ နှစ်ဦး ဆိုင်ကယ်စီး၍ခရစ်စမတ်ပွဲမှပြန်လာစဉ် ကင်းလှည့်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအား အားဆိုင်ကယ်နှင့်ပွတ်တိုက်မိရာမှ ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်ဒေသခံကသျမ်းသံတော်ဆင့်ကိုပြောသည်။

၎င်းနေ့ညက ဒေသခံရဲတပ်ဖွဲ့နှင့်ဦးလောဆန်ခေါင်းဆောင်သည့် မြို့မပြည်သူ့စစ်အဖွဲ့ဝင်များက ၀ိုင်းဝန်းထိုးကြိတ်ကြပြီး စိုင်းတီးအား နမ့်ခမ်းဆေးရုံသို့ လက်ထိတ်ခတ် ခေါ်ဆောင်သွားကြကာ ဆေးရုံတွင် ဆရာဝန်များအားဆေးကုသခွင့်မပြုခိုင်းပဲ ကုတင်တွင် လက်ထိပ်ခတ်၍ ထားခဲ့ကြောင်း သိရသည်။

(နောင်ခမ်းတိုက်ရွာသား စိုင်းတီး အဖေက ဦးမောက်ဆိုင် အမေက ဒေါ်မိုင်ခမ်းရွေကြာ သူနဲ့ နမ့်ခမ်းဟိုကတ်ရပ်ကွက်က ကောင်မလေး နန်းဆိုင်ခမ်း အဖေကဦးမောင်အိုက်ကို အမေကဒေါ်မြစိန် သူတို့နှစ်ယောက်က ခရစ်စမတ်ပွဲ သွားပြီးအပြန် ပါဝါဓါတ်ဆီဆိုင်နားမှာ ရဲနဲ့ပြည်သူ့စစ်ကင်းလှည့်နေတဲ့အဖွဲ့ရှိတယ် သူတို့အထဲက ပြည်သူ့စစ်တစ်ယောက်ကို ဆိုင်ကယ်နဲ့ ပွတ်တိုက်မိလိုက်တော့ ၀ိုင်းရိုက်ကြလို့ ရွေလီဆေးရုံမှာ သေသွားခြင်းဖြစ်ကြောင်းပြောသည်။

“နမ့်ခမ်းဆေးရုံကိုရောက်တာတောင် ဆရာဝန်ကိုဆေးမကုခိုင်းဘူး ဒီအတိုင်းကုတင်မှာလက်ထိပ်ခတ်ထားတယ် မိဘတွေက သိလို့လိုက် သွားပြီး နမ့်ခမ်းမြို့နယ်ရဲစခန်းမှူးကိုအာမခံမှ မနက်ပိုင်းမှ ရွေလီဆေးရုံ ယူသွားကြတယ်ပေါ့ ၂၄ရက်နေ့ည ၁၁နာရီမှာ ရွေလီ ဆေးရုံမှာဆုံး သွားတယ် အလောင်းကိုရွာပြန်ယူသွားပြီး ဒီနေ့သဂြိုလ်တယ် ”လို့အဆိုပါ ဒေသခံက ပြောသည် ။

စိုင်းတီးစီးနှင်းခဲ့သည့် ဆိုင်ကယ်တစ်စီး ဖုန်းတစ်လုံးနှင့်တရုတ်ယွမ်ငွေ(၃၀၀)ကိုလည်း ရဲစခန်းကသိမ်းယူထားကြောင်း သိရသည်။

အဆိုပါအမှု့ကို မိသားစုက နမ့်ခမ်းရဲစခန်းတွင်တိုင်ချက်ဖွင့်ထားကြောင်း ပြောပြသည်။၎င်းအပြင်စိုင်းတီးစီးနှင်းခဲ့သည့် ဆိုင်ကယ်တစ်စီး ဖုန်းတစ်လုံးနှင့်တရုတ်ယွမ်ငွေ(၃၀၀)ကိုလည်း ရဲစခန်းကသိမ်းယူထားကြောင်း သိရသည်။


နေရာမပြောင်းလိုကြလျှင် လုံအောင်ထိုင်ဖို့လိုပါသည်

ခွာညို

“ကျနော်တို့ တိုင်းပြည်က နိုင်ငံရေးသမားတွေဟာ ကြက်ခြင်းထဲက ကြက်တွေနဲ့ တူတယ်။ ခေတ်အဆက်ဆက်ကို ပြန် ကြည့်ကြည့်… ဒီ ပိတ်လှောင်ခံထားရတဲ့ ကြက်ခြင်းထဲကလွတ်အောင် ဘယ်လိုအင်အားကို စုစည်းပြီး ဘယ်လို ဖောက်ထွက် မလဲဆိုတာ မစဉ်းစားဘဲ တကောင့်ခေါင်းကို တကောင်ဆိတ်နေတာနဲ့ပဲ ထိပ်မွေးတွေ ပြောင်တာပဲ အဖတ်တင်ပြီး အချိန်တန်တော့ အားလုံး ကြက်တန်းမှာ လည်လှီးခံလိုက် ရတာချည့်ပဲ”

မှတ်မိနေသေးသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်က ကြားမိခဲ့သော စွဲမိစွဲရာစကားလေးတခွန်းကို ….

“ကျနော်တို့ တိုင်းပြည်က နိုင်ငံရေးသမားတွေဟာ ကြက်ခြင်းထဲက ကြက်တွေနဲ့တူတယ်။ ခေတ်အဆက်ဆက်ကို ပြန် ကြည့် ကြည့်… ဒီ ပိတ်လှောင်ခံထားရတဲ့ ကြက်ခြင်းထဲက လွတ်အောင် ဘယ်လိုအင်အားကိုစုစည်းပြီး ဘယ်လို ဖောက်ထွက်မလဲ ဆိုတာ မစဉ်းစားဘဲ တကောင့်ခေါင်းကို တကောင်ဆိတ်နေတာနဲ့ပဲ ထိပ်မွေးတွေပြောင်တာပဲ အဖတ်တင်ပြီး အချိန်တန်တော့ အားလုံး ကြက်တန်းမှာ လည်လှီးခံလိုက်ရတာချည့်ပဲ”….

အဲသည်စကားကို ဆိုခဲ့သူက အဲသည် အနှစ်နှစ်ဆယ်တုံးက အသက် (၃၀) ၀န်းကျင်လောက်ပဲ ရှိဦးမည့် ကျမအမေ၏ စည်းရုံးရေးမှူးတယောက်ဖြစ်သည်။ လူငယ်ပေမယ့် အတွေးမငယ်ခဲ့ပါ။ သူပြောတာ တကယ်ပဲမှန်နေမှန်း နိုင်ငံရေးလှုပ်ရှား နေသူများကို ဘေးကထိုင်ကြည့်လာခဲ့သည့် သည်ခရီးရှည်ကြီးမှာ ရနေသည့်အတွေ့အကြုံများက သူ့စကားက မှန်နေကြောင်း သက်သေတွေ အများကြီးကို ကျမ တွေ့ခဲ့ရပါသည်။

ကိုယ့်ထက် နည်းနည်းလေး ထင်ပေါ်သွားလျှင် မနာလိုစိတ်ဝင်လာတတ်သူများ…. ကိုယ်လုပ်တာမှ အမှန်ထင်နေသူ များ…. ဘေးထိုင်.. ဘိုင်ကျ.. ဘုပြောနေသူများ…. နိုင်ငံရေးလှုပ်ရှားမှု ဘန်းပြရှေ့တန်းတင်ပြီး မိသားစုကောင်းစားရေးအတွက် အရေခြုံ သူများ…..

တိုင်းရင်းသားအချင်းချင်း ပိုမို သွေးစည်းညီညွတ်ရန်လိုအပ်နေမှု…. အကျင့်ပျက်ခြစား သိက္ခာကျနေမှုများကို တဦးချင်းစီ ထိန်းချုပ်စောင့်စည်းမှုကို စတင်ရန်လိုအပ်နေမှု… ဘုံရန်သူကို ပေါင်းတိုက်ရန်…. ဆိုသည့် အပြောကို နှစ်ပေါင်းများစွာ အော်ဟစ်နေခြင်းအားရပ်တန့်၍ အမှန်တကယ် သွေးစည်းညီညွတ်မှုကိုပြကာ ဘုံရန်သူကို အမြစ်ဖြတ်ချနိုင်မှုတို့အား အရေးပေါ် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ကယ်ဆယ်ရေးအဖြစ် မသတ်မှတ်ကြပါက မြန်မာပြည်အရှက်ရနေခြင်း… ကူညီသူမဲ့နေခြင်းအတွက် ထို နိုင်ငံရေးသမားများတွင် ပိုမိုတာဝန်ရှိလာပါလိမ့်မည်။

ဘာဖြစ်လို့ ကျမ သည်လိုရေးရသလဲဆိုလျှင်… မြန်မာ့အရေးကိုကိုင်သော ထိုင်းထောက်လှမ်းရေး အရာရှိတဦး၏ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခြင်းကို ကျမလည်း ဘာမှ မသိရ.. မလုပ်ရ… ပါဘဲနှင့် အခြောက်တိုက် ခေါင်းငုံ့ခံခဲ့ရသောကြောင့် ဖြစ်ပါသည်။ ကျမ သည်ဖက်ကို ထွက်လာကတည်းက တိုင်းရင်းသားတွေ၏ အစည်းအဝေးတွေ.. အခမ်းအနားတွေမှာ သတင်းသွားယူတိုင်း… “ဗမာတွေ…” အစချီ နာကျည်းမှုအလင်္ကာတွေကို အတော်လေး နာခံခဲ့ရပါသည်။ ဗမာစစ်တပ်… ဟုခေါ်သော အကျင့်ပျက်များ ပညာမဲ့များနှင့်တည်ဆောက်ထားသည့် ထိုစစ်တပ်၏ လုပ်ရပ်မှန်သမျှအတွက် ကျမတို့ မြန်မာတိုင်းရင်းသားများ အခြောက်တိုက် တိုင်းရင်းသားညီအကိုမောင်နှများ၏ မုန်းတီးမှုခံနေရသည်ကို ကျမ အတော်လေး ထိခိုက်ခံစားခဲ့ရပြီးဖြစ်ပါသည်။

သူက ထိုင်း-မြန်မာနယ်စပ်မှာ နိုင်ငံရေးလုပ်နေသမျှ လူကြီးအားလုံးအား နံမည်တပ်၍ နံမည်ရှေ့တွင် ဦး…တပ်ခေါ်ရမည်ကို သိရလောက်အောင် မြန်မာမှုနှင့် ရင်းနှီးသော်လည်း သူ၏ ထိုနိုင်ငံရေးသမားများအပေါ် အထင်မကြီး… မလေးစား… ရွံလျာ စက်ဆုပ်မှုများအား ပြလိုသောအားဖြင့် နံမည်အတိုင်းခေါ်ဝေါ်သုံးနှုန်းလျှက်… ရာထူးယူထားပြီး အလုပ်မလုပ်ဘူး။ ပိုက်ဆံကို မြန်မာပြည်ထဲမှာ မမြင်ဘူးခဲ့ဘဲနဲ့ ဒီဘက်ရောက်မှာ ငါတို့တောင် မသောက်နိုင်တဲ့အရက်ကိုရေချိုးသလို သောက်နေတဲ့ ကောင် တွေ…. စသဖြင့် နင့်နင့်နာနာပြောသမျှ ကျမမှာ မြန်မာဖြစ်မိသည့်အတွက် ခေါင်းငုံ့ခံခဲ့ရပါသည်။ ဒါကြောင့်လည်း (၈) လေးလုံး အရေးအခင်းကာလများအတွင်း ဟောပြောပွဲများတွင် ဆရာသော်က က “ကျနော် ဗမာလူမျိုးအဖြစ်က နှုတ်ထွက်ချင်နေတာ ဘယ်မှာ လျှောက်လွှာတင်ရမယ်မှန်း မသိလို့ဗျာ” ဟု သရော်လှောင်ပြောင်ခဲ့တာဖြစ်လိမ့်မည်။

---- ဥက္ကဌက သူ့ကားပြင်စရိတ်ဆိုပြီး ဘတ် နှစ်သောင်းတောင်းသတဲ့။ နင်စဉ်းစားကြည့်စမ်း။ နင်တို့ ဗမာအဖွဲ့အစည်းတွေကို အန်ဂျီအိုတွေပိုက်ဆံပေးနေတာ ပုဂ္ဂလိက ကားဝယ်စီးဖို့ ကားပြပြီး ကားပြင်စရိတ်တောင်းတာ ထုတ်ပေးဖို့ မဟုတ်ဘူး။ နင်တို့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲအောင်လုပ်ဖို့ သူတို့ရှာထားတဲ့ငွေကို လာပေးတာ။ အခု နင်တို့လုပ်နေတဲ့ နိုင်ငံလွတ်မြောက်ရေး နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ။ အဲန်ဂျီအိုတွေက ပေးတဲ့ပိုက်ဆံကို နင်တို့လူကြီးတွေ ထိုင်သုံးနေတာ ဘတ် ဘယ်နှစ်သန်းရှိပြီလဲ။ အဲဒီငွေနဲ့ လုပ်တဲ့အလုပ် ဘယ်လောက်ပြီးမြောက်တွင်ကျယ်လဲ။ ဘယ်လောက်သုံးပီးရင် အလုပ် ဘယ်လောက်ပီးနေပြီဆိုတဲ့ အဖြေတခါမှ ထွက်မလာဘူး။ အရင်တုံးက တိုင်းရင်းသားတွေလုပ်တဲ့အစည်းအဝေးပဲဖြစ်ဖြစ်… ဗမာတွေလုပ်တဲ့အစည်းအဝေးပဲ ဖြစ်ဖြစ် ငါ့ကိုဖိတ်ရင် ငါလိုက်တက်သေးတယ်။ အခု ငါ့ကိုလာဖိတ်ရင် တကယ်အလုပ်ဖြစ်မယ့်ပွဲလား။ မဟုတ်ရင် ငါ့လာမပြော နဲ့…နင်တို့ ပိုက်ဆံတောင်းဖို့ အကြောင်းပြလုပ်တဲ့ပွဲကို ငါစိတ်မ၀င်စားဘူးလို့ ပြောလိုက်တယ်”

ကျမလည်း ဘာမှ မသိရသော ထိုသူပြောသည့်ကိစ္စများအတွက် ၂၀၀၆ ခုနှစ် ဇန်န၀ါရီလဆန်းမှာ အပြောခံခဲ့ရသည့် ထိုစကား များသည် ကျမတသက်တာမှာ မြန်မာဖြစ်ရခြင်းအတွက် တနင့်နင့် ရှက်နေစေတော့မည့် ဘယ်တော့မှ မကျက်သော စိတ် ဒဏ်ရာများ ဖြစ်ခဲ့ရပါသည်။ ကျမတို့ သာမန်ပြည်သူများမှာ မြန်မာဖြစ်နေသည့်အတွက် ရောက်လေရာမှာ …နင်မဟုတ်လည်း နင့်အဖေပဲ… ဆိုတာမျိုးနှင့် နာကျင်ရပေါင်းလည်း များလှပါပြီ။

ထို ထိုင်းဗိုလ်မှူးက ကျမကို နောက်ဆုံးပိတ်အနေနှင့် ပြောတာက “ငါ ဒီစကားတွေကို နင်တို့လူကြီးတွေကို ပြောပြီးပြီ။ တယောက်မှ အချိုးမပြင်ဘူး။ အရှက်မရှိဘူး။ အဲဒီတော့ နင်တို့လူငယ်တွေကို ငါက ထပ်ပြောကြည့်တာပဲ။ နင်တို့လက်ထက် မှာတော့ ဒီအချိုးတွေနဲ့ မဟုတ်ဘဲ ကိုယ့်တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ကြလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

အကယ်၍ ထိုသူ့နံမည်ကို အတိအကျသိလိုပါက ကျမကတော့ မမှတ်မိတော့ပါ။ သေချာတာကတော့ အဲသည်တုံးက ကျမက ရှေ့ခန်းမှာထိုင်စီးပြီး သူပြောသမျှခံနေရချိန်တွင် နောက်ခန်းထဲ၌ သတင်းထောက်ကိုမိုးကျော်နှင့် ကျမ နံမည် မမှတ်မိတော့ သော ကရင်လူငယ်လေးတယောက်ပါပါသည်။ သူတို့က တကယ်အိပ်ပျော်နေကြသလား… သည်အသံတွေ မကြားချင်၍ မပတ်သက်ချင်၍ပဲလားမသိ… တုပ်တုပ်မျှပင် မလှုပ်ခဲ့ကြပါ။ သည်တော့ ထိုသူ့နံမည်သိလိုသူများ သူတို့ကို ရှာဖွေမေးမြန်း နိုင်ပါသည်။ ကျမကတော့ ဦးနှောက်သိပ်မကောင်းသောကြောင့် တခါတည်းတွေ့ဖူးသောသူများ၏ အမည်ကို မှတ်မိရိုး ထုံးစံ မရှိပါ။

အချိုးတွေ… ပြင်ဖို… ဆိုသည့်စကားကိုကြားတော့ ကျမက မြန်မာ့ရိုးရာပုံပြင်လေးတပုတ်ကို သွား၍ သတိရမိပြီး ပြုံးမိပါသည်။

ပုံပြင်ဖြစ်သောကြောင့် ဟိုး…. ရှေးရှေးတုန်းက… နှင့်ပဲ စရပါလိမ့်မည်။

ဟိုးရှေးရှေးတုန်းက ရွာလေးတရွာမှာ မိသားစုလေး တစုရှိပါသတဲ့။ အဲဒီမိသားစုလေးမှာ အလွန်မှ နမော်နမဲ့ နေတတ်ထိုင်တတ် တဲ့ သမီးတယောက်လည်းပါ ပါသတဲ့။ တနေ့တော့ ညစာ ထမင်းစားဝိုင်းထိုင်ကြတဲ့အခါ သူက ဖခင်ဖြစ်သူနဲ့ မျက်နှာချင်းဆိုင် မှာ ၀င်ထိုင်လိုက်ပါသတဲ့။ အဲဒီလိုဆိုရင်ပဲ ဖခင်ဖြစ်သူက မျက်နှာမသာမယာနဲ့ “ဒီနေ့ တို့တွေ နေရာပြောင်း ထိုင်ရ စို့ရဲ့” လို့ ပြောပြီး နေရာရွှေ့ဖို့ပြင်သတဲ့။ ကျန်မိသားစုဝင်များကလည်း ဟုတ်ကဲ့ အဖေ… ဆိုပြီးနေရာရွှေ့လိုက်ကြပေမယ့် အဲဒီ မသိသားဆိုးဝါးလှတဲ့ သမီးက အဖေ ကျမရော ပါသေးလား… လို့ နေရာမရွှေ့ဘဲမေးလိုက်တဲ့အခါ အဖေကြီးက စိတ်ဆိုးလာပြီး “နေရာပြောင်းဖို့ ပြောနေရတာ နင့်ကြောင့်” လို့ ပြောလိုက်ပါသတဲ့။

နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ညနေပိုင်း အရက်တမြမြနှင့်ဇိမ်ကျနေသော နိုင်ငံရေးသမားကြီးများအား ထိုပုံပြင်လေးကို နှစ်သစ် ကူး လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ…။ သို့သော် အားလုံးက အဖေ ကျမရောပါသေးလား… ဆိုသူများချည့် ဖြစ်နေမည် ဆိုလျှင်တော့ ကျမတို့အားလုံး သေဖို့သာကောင်းပါတော့မည်။

ခွာညို

မြန်မာ့စီးပွားရေး ဇင်ဘာဘွေကိန်းဆိုက်နေပြီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ခေတ်ပြိုင်

အာဏာရှင်တဦးကြောင့် တမျိုးသားလုံး ဒုက္ခရောက်ရသည့် မြန်မာနိုင်ငံ၏ အခြေအနေကို ယနေ့ ဇင်ဘာဘွေနှင့် နှိုင်းယှဉ်ထိုက်၏။

အသက် (၈၀) ကျော် အာဏာရှင် မူဂါဘေးက ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ အတိုက်အခံက နိုင်လျက်နဲ့ အာဏာမလွှဲဘဲ ပေကပ်နေ၏။ အသက် (၈၀) နီးပါး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီကို အာဏာမလွဲဘဲ ပေကပ်နေ၏။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကြောင့် နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျသလို ဇင်ဘာဘွေ စီးပွားရေးမှာလည်း ကြောက်စရာကောင်းအောင် နာလန်မထူနိုင်ဖြစ်ရ၏။

ဇင်ဘာဘွေမှာ ငွေဖောင်းပွမှုနှုန်းက တရားဝင်ထုတ်ပြန်ချက်အရပင် ရာခိုင်နှုန်း သန်းရာနှင့်ချီ ရှိသည့်အတွက် ကမ္ဘာမှာ ငွေဖောင်းပွမှု စံချိန်အမြင့်ဆုံးနိုင်ငံ ဖြစ်သွား၏ အဆမတန် တန်ဖိုးကျနေသည့် ဇင်ဘာဘွေပြည်တွင်းသုံး ဒေါ်လာတန်ဖိုးမှာ မြန်မာနိုင်ငံ ဂျပန်ခေတ်ငွေစက္ကူထက်ဆိုးနေ၏။ တလောကတင် ဇင်ဘာဘွေမှာ သန်း (၅၀၀) တန် ဇင်ဘာဘွေဒေါ်လာ ထုတ်လိုက်ပြန်၏။ ထို သန်း (၅၀၀) တန်ငွေစက္ကူသည် အမေရိကန်ဒေါ်လာ (၅၀) သို့မဟုတ် မြန်မာငွေ (၆၅,၀၀၀) နှင့်သာ ညီမျှ၏။

၂၀၀၈ နိုဝင်ဘာ (၁၄) ရက်တွင် ဇင်ဘာဘွေ၏ လစဉ် ငွေဖောင်းပွမှုနှုန်းက (၇၉,၆၀၀,၀၀၀,၀၀၀.၀၀) ရာခိုင်နှုန်းရှိပြီး နှစ်စဉ် ငွေဖောင်းပွမှုနှုန်းက (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်းရှိသည်ဟု Cato Institute က ထုတ်ပြန်ထားသည်မှာ မစဉ်းစားဝံ့အောင် ဖြစ်၏။

ပြည်တွင်းသုံးငွေ တန်ဖိုး အဆမတန်ကျသည့်အတွက် ဇင်ဘာဘွေဒေါ်လာကို လက်မခံတော့ဘဲ တနိုင်ငံလုံး အမေရိကန်ဒေါ်လာနှင့်သာ အရောင်းအ၀ယ်လုပ်ရသည့်အဖြစ် ရောက်၏။ ယင်းသို့ တနိုင်ငံလုံး ပြည်တွင်းသုံးငွေ လက်မခံဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံသုံးစွဲလာသည့်အချက်ကို dollarisation ဟု သုံးနှုန်း၏။

ဇင်ဘာဘွေမှာ မီတာခတွေကို အမေရိကန်ဒေါ်လာနှင့်ပေးရ၏။ ဓာတ်ဆီဆိုင်တွေကလည်း အမေရိကန်ဒေါ်လာကိုသာ လက်ခံ၏။ ဇင်ဘာဘွေမှာ ဘတ်စကားခကားတွေက တနေ့လုပ်ခလောက် ဈေးခုန်တက်နေသည့်အတွက် ကျောင်းတွေပိတ်ထားရ၏။ ဘီယာတပုလင်း ဇင်ဘာဘွေဒေါ်လာ ဘီလီယံ (၁၅၀) ထိ ဖြစ်သွား၏။ အများစုက တနေ့ ထမင်းတနပ်သာ စားနိုင်၏။

ယင်းသို့ ပြည်သူသန်းပေါင်းများစွာ အစာရေစာ ငတ်မွတ်နေသည့်တိုင် တနိုင်ငံလုံးနီးပါး ၀မ်းရောဂါ ကပ်ဆိုးကြီးဆိုက်နေသည့်တိုင် ဇင်ဘာဘွေဟာ ကျုပ်ပိုင်တဲ့နိုင်ငံဆိုပြီး အာဏာရှင် မူဂါဘေးက အတိုက်အခံနှင့် အာဏာခွဲဝေရေး မလုပ်နိုင်ဖြစ်နေ၏။ ဇင်ဘာဘွေအရေးကို ကုလသမဂ္ဂကနေ အရေးယူအောင် တိုးတိုးတိတ်တိတ် လုပ်ပြန်တော့လည်း တရုတ်နှင့်ရုရှက ကန့်ကွက်ပြန်၏။ ဇင်ဘာဘွေ အာဏာရှင်ကို မည်သည့်နိုင်ငံကမှ မဖျောင်းဖျနိုင်သည့်အဆုံး အမေရိကန်သမ္မတသစ် အိုဘားမားကတော့ လုပ်နိုင်ကောင်းရဲဆိုပြီး Times သတင်းစာကြီးက မြှောက်ပေး၏။

ယနေ့ ဇင်ဘာဘွေကြုံနေရသည့် အခြေအနေအရပ်ရပ်သည် မြန်မာနိုင်ငံနှင့် ချွတ်စွပ်တူနေ၏။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ သန်းချီရှိပါသည်ဟု ၀န်ကြီးချုပ် သိန်းစိန်ကပြောသည့်အချိန်တွင် မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်း အတော်များများ ရပ်ကုန်သည်။ အရောင်းအ၀ယ်တွေ ဆိုင်းကုန်သည်။ နိုင်ငံတကာမှ ၀ယ်သူများ လက်မခံသဖြင့် ဆန်၊ သစ် စသည့် ကုန်စည်တွေ ရန်ကုန် ဆိပ်ကမ်းမှာ ပုံနေသည်။ သို့တိုင် စစ်အစိုးရ အခြေအနေမှာ တိုင်းပြည်တွင်း ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိ။

ဒု-ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ရင်းနှီးသည်ဆိုသည့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်းသည်ပင် သူပိုင်လုပ်ငန်းများမှ ၀န်ထမ်းများ လျှော့ချနေရသည်။ အခြားကုမ္ပဏီအများအပြားလည်း ၀န်ထမ်းတွေ လျှော့ချနေရသည်။ မြန်မာပြည်သူအများစုမှာလည်း စီးပွားကျပ်ပြီး အတိဒုက္ခရောက်နေသည်။

နာဂစ်မုန်တိုင်းကြောင့် လူတွေ သိန်းသန်းချီသေသည်ကိုပင် မျက်နှာလွှဲခဲပစ်လုပ်ရက်သညိ့ စစ်အစိုးရသည် ကမ္ဘာ့စီးပွားကပ်မုန်တိုင်းကြောင့် မြန်မာပြည်သူတွေ ဒုက္ခရောက်ကုန်၊ သေကုန်လျှင်လည်း လုံထိန်းသတ်လို့သေမည့်အစား စီးပွားသတ်လို့သေတာ ကောင်းသည်ဟုပင် သဘောထားမည့်ကိန်း ရှိနေ၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း အာဏာရှင် မူဂါဘေးလို မြန်မာနိုင်ငံကို ဒါကျုပ်ပိုင်တဲ့နိုင်ငံဟု သဘောထား လုပ်ကိုင်နေ၏။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခေါင်းမာမှုကြောင့် ကုန်သည်တွေကလည်း မကျေမနပ်ဖြစ်ကုန်၏။ ရဟန်းသံဃာတွေကလည်း မကျေမနပ် ဖြစ်ကုန်၏။ ကျောင်းသားတွေကလည်း အခဲမကျေဖြစ်ကုန်၏။ ပြည်သူတွေကလည်း မကျေမနပ် ဖြစ်၏။ မြန်မာနိုင်ငံ၏ အခြေအနေမှာ တတိုင်းပြည်လုံးက စစ်အစိုးရ ရန်သူဖြစ်လာပြီ။ စစ်အစိုးရသည်လည်း တတိုင်းပြည်လုံး၏ ဘုံရန်သူ ဖြစ်လာပြီ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေစဉ်းစားဖို့ တိုက်တွန်းလိုသည်မှာ ဇင်ဘာဘွေကဲ့သို့ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်း (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်း ရောက်ပြီးမှ နိုင်ငံရေးပြုပြင်မလား၊ မြန်မာနိုင်ငံကို ကျုပ်သာပိုင်တယ်ဆိုတဲ့ ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးရဲ့သဘောထားမျိုးနဲ့ ရွေးကောက်ပွဲသွားမလား၊ လက်ရှိအခြေအနေမှာ ထွက်ပေါက်ရှာမလား ဆိုသည့်အချက်ဖြစ်၏။

မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်း (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်း ရောက်ပြီးမှ နိုင်ငံရေးပြုပြင်လျှင် ပြည်သူတွေ၏ ဒေါသကြောင့် တတိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်တာသာ အဖတ်တင်မည်။ မြန်မာနိုင်ငံကို ကျုပ်သာပိုင်တယ်ဆိုသည့် ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးရဲ့ သဘောထားမျိုးနှင့် ရွေးကောက်ပွဲသွားလျှင် ဆန့်ကျင်မှုတွေများပြီး သွေးထွက်သံယိုမှုတွေနှင့် ကြုံရမည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသေချာသိထားသင့်သည့်အချက်တော့ မြန်မာနိုင်ငံစီးပွားရေးသည် ဇင်ဘာဘွေအခြေအနေအတိုင်း သိသိသာသာ ထိုးကျနေပြီဖြစ်သည်ဆိုသည့် အချက်ဖြစ်၏။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,27th,2008

( 14 )Maternal Health Problems In Burma Widespread

( 13 )Mission Of Burma To Headline Benefit Show At The Somerville Theater, MA

( 12 )ရေးမြို့နယ်တောင်ပိုင်း၌ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ ဆိုးရွားနေဆဲ

( 11 )UN envoy won't return to Burma

( 10 )Thousands evacuated after quakes hit China

( 9 )RM1m aid for cyclone victims

( 8 )Myanmar stabbed to death

( 7 )UN secretary-general must visit Burma to begin the end-game

( 6 )တပ်ပြေးတဦး အဖမ်းခံရပြီး ခြေကျိုးသည်အထိ ရိုက်နှက်ခံရ

( 5 )Quake strikes Ruili

( 4 )ဒေါ်ခင်ကြည် ကွယ်လွန်ခြင်းနှစ် ၂၀ ပြည့် ကောင်းမှုကုသလိုလ်ပြု

( 3 )Deal to sell natural gas

( 2 )ငွေကြာယံကျောင်းတိုက်မှ သံဃာတော်တွေ အတွက် အယူခံတင်ရန် ရှေ့နေပါဝါ မရ

( 1 )ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ မပျယ်သေး

Friday, December 26, 2008

တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထိခိုက်

NEJ/ ၂၆ ဒီဇင်ဘာ ၂ဝဝ၈


ယနေ့နံနက် မြန်မာစံတော်ချိန် (၂) နာရီ မိနစ် (၅ဝ) အချိန်တွင် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်၊ မန်ဟီးရိုးကျေးရွာအရှေ့ဘက်အနီးကို ဗဟိုပြု၍ ငလျင်တခုလှုပ်သွားခဲ့ရာ တရုတ်ပြည် ရွှေလီမြို့နှင့် (၁ဝ) ကီလိုမီတာ ကွာဝေးသည့် တရုတ်ကျေးရွာတွင် အဆောက်အဦပြိုပျက်မှုများရှိခဲ့ပြီး လူ (၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ငလျင်ဗဟိုပြုရာနေရာသည် ရွှေလီမြို့၊ မူဆယ်နှင့် နမ်းခမ်းမြို့အကြားတွင်ရှိပြီး အဆိုပါဒေသအတွင်းရှိ တိုက်တာ အဆောက်အဦ နေအိမ်များ လှုပ်ရမ်းခဲ့သည်။ မျက်နှာကျက်တပ် မီးဆိုင်းများ ပြုတ်ကျခြင်း၊ ပန်းအိုးနှင့် ပန်းကန်၊ ခွက်များ ကျကွဲခြင်းများ ရှိကာ အချို့အဆောက်အဦ၏ အုတ်နံရံများ အက်ခြင်း၊ တခါးမှန်များကွဲခြင်း ရှိခဲ့သည်ဟု ရွှေလီဒေသခံက ပြောသည်။


၎င်းက “အတော်လေး လှုပ်သွားတယ်။ ဟိုတလော (၈) လပိုင်းက လှုပ်ခဲ့တာ ဒီလောက် မကြမ်းဘူး။ မူဆယ်နဲ့ နမ်းခမ်းမှာလည်း အတော်လေး လှုပ်တယ်။ ထိခိုက်မှုတွေတော့ ခုထိ မကြားရဘူး။ ပစ္စည်းတွေ ကျကွဲတာတော့ ရှိတယ်။ မန်ရှိုး ရှမ်းရွာဘက်မှာ ဒဏ်ရာရတာတွေရှိတယ်။ အဲဒီဘက်မှာ မနက်ပိုင်းက တရုတ်ရဲကားတွေ ရောက်နေတယ်” ဟု ပြောသည်။

ယခု လှုပ်သွားသည့် ငလျင်သည် ရစ်ခ်ျတာစကေး (၄.၉) ရှိပြီး လူ (၉) ဦး ထိခိုက်ဒဏ်ရာရကာ (၂) ဦး ဒဏ်ရာပြင်းထန်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

အမေရိကန်အခြေစိုက် ဘူမိဗေဒဆိုင်ရာ မြေငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့၏ တောင်-အရှေ့တောင်အရပ် မိုင် (၁ဝဝ) အကွာ၊ မန္တလေးမြို့၏ အရှေ့မြောက် (၁၇၅) မိုင်အကွာ၊ မြေအောက် (၂၁.ရ) မိုင်တွင် ဗဟိုပြု၍ လှုပ်သွားခဲ့ကြောင်း ဖော်ပြထားသည်။

ယခုနှစ် သြဂုတ် (၂၂) ရက်တွင်လည်း တရုတ်-မြန်မာနယ်စပ် မြန်မာပြည်ဘက်ကို ဗဟိုပြု၍ အင်အား (၆.၃) အဆင့်ရှိ ငလျင်လှုပ်ခဲ့ရာ တရုတ်ပြည်၊ ရွှေလီမြို့မှ မိုင် (၁၀၀) ကျော်အကွာ ရင်ကျန်းဒေသအတွင်း လူသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပြီး နေအိမ်အတော်များများ ပျက်စီးခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရနကုလအထွေထွေညီလာခံက တောင်းဆို

NEJ / ၂၆ ဒီဇင်ဘာ ၂၀၀၈

ယခုလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု ရှုတ်ချဖော်ပြလိုက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

အဆိုပါတောင်းဆိုချက်ကို အမေရိကန်၊ အစ္စရေးတို့ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ (၈၀) ၊ ကန့်ကွက် (၂၅) နှင့် ကြားနေ (၄၅) မဲအသီးသီးဖြင့် ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ အခွင့်အာဏာ ပိုရှိသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မဟုတ်သော်လည်း အထွေထွေညီလာခံဖြစ်သောကြောင့် ကုလအဖွဲ့ဝင် (၁၉၂) နိုင်ငံ၏ အမြင်များကို ကိုယ်စားပြုနိုင်သဖြင့် ခိုင်မာသည့် အင်အားတခုပင်ဖြစ်သည်။

မြန်မာအာဏာပိုင်များကမူ အဆိုပါ ဆုံးဖြတ်ချက်သည် “မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ၀င်ရောက် စွက်ဖက်ခြင်း” သာဖြစ်ပြီး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကြောင့် ၎င်းတို့၏ အစီအစဉ်များ ရပ်တန့်သွားမည်မဟုတ် ကြောင်း ပြောသည်။ ထို့အပြင် ကုလညီလာခံတက်ရောက်လာသည့် မြန်မာကိုယ်စားလှယ်တဦးကလည်း မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲ အစီအစဉ်အပါအ၀င် ချမှတ်ထားသည့် နိုင်ငံရေး အစီစဉ် (၇) ဆင့်အရ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ချောမွေ့စွာပြောင်းလဲနေပြီဖြစ်သည်ဟု ညီလာခံသို့ ပြောသည်။

သို့သော် ကုလဆုံးဖြတ်ချက်အတွင်း၌မှု မြန်မာဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်သည် ရှုပ်ထွေးနေပြီး အန်အယ်လ်ဒီပါတီဝင်များအပါအ၀င် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများ စသည့် သက်ဆိုင်သူ များ အားလုံးပါဝင်မှုမရှိခြင်းတို့ကြောင့် လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း ထောက်ပြထားသည်။ ထို့အပြင် ဖွဲ့စည်းပုံအသစ်အား နိုင်ငံတကာစံနှုန်းများနှင့်အညီမဟုတ်ဘဲ နာဂစ်ကာလအတွင်းက အလျင်အမြန် အတည်ပြုခဲ့သောကြောင့် အထူးစိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

ယခင်နှစ် သြဂုတ်-စက်တင်ဘာလ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားဦးရေသည် အရေအတွက် (၂) ဆခန့် တိုးလာကာ လက်ရှိတွင် (၂,၁၀၀) ဦးကျော်ရှိကြောင်း ကုလကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းကြသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,26th,2008

( 31 )အလုပ်သမ လေးဦး နစ်နာကြေး ရရှိ

( 30 )Forced labour and harassment in Buthidaung

( 29 )Tsunami impact in Shan State remembered

( 28 )မြန်မာအစိုးရကို ကုလ ပြစ်တင်ရှုတ်ချ

( 27 )Shan history by Shan scholar

( 26 )မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓါတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့မည်

( 25 )Farmers in Mudon forced to purchase seeds for un-suitable crops

( 24 )တရုတ်နယ်စပ် ရွှေလီမြို့ကို ဗဟိုပြု၍ ငလျင် တစ်ခုလှုပ်ခတ်

( 23 )Spectre of dam disasters in northern Burma

( 22 )မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ

( 21 )ONGC, GAIL to supply gas to China

( 20 )Rangoon Artist Paints the Naked Truth

( 19 )လေပါတ်ကားတွေ ရွှေအသင်းရုံးခန်းရောက်

( 18 )Chiswick man helps out in cyclone damaged Burma

( 17 )China Signs Burmese Gas Deal for 30-year Supply

( 16 )Crusade against drugs in Arunachal

( 15 )ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ညွှန်ကြား

( 14 )Myanmar cyclone survivors struggling to rebuild lives

( 13 )Nanook of the north ကမ္ဘာ့ ပထမဆုံးမှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည်

( 12 )Nine injured in earthquake near China-Myanmar border

( 11 )ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့်ရွာသားများ စိုးရိမ်

( 10 )HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူများ ကျပ်တည်းနေ

( 9 )Daewoo Signs Agreement to Sell Myanmar Gas to China

( 8 )Earthquakes injures nine, affects 100,000 in S China

( 7 )ဆူနာမီက မြန်မာကို ခြောက်လှန့်ဆဲ

( 6 )Deaths in Belfast

( 5 )Daewoo closes Burma-China gas deal

( 4 )34 Myanmarese Tamils’ descendants in a fix

( 3 )Japan’s action on Burma changes Asia’s image

( 2 )Burmese struggle to survive

( 1 )ခရစ္စမတ်ပွဲတော်တွေ မြန်မာပြည်တလွှား ဘုရားကျောင်းတွေမှာ ကျင်းပ

Thursday, December 25, 2008

ဗိုလ်ချုပ်မှူးကြီးမြေးကို ထိုင်ကန်တော့တောင်းပန်ခဲ့ရ

ရိုးမ ၃

နအဖ စစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာ မကျေနပ်သဖြင့် နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကို ကျေနပ်သည်အထိ ကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည် စင်္ကာပူတွင် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့ တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အခမ်းအနားတခုတွင် တွေ့ရသည့် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် (အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူ)
“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့ သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကို ဖိုးလပြည့်နဲ့ သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေးအိမ်ကို သွားပြီး ခဲနဲ့ပေါက်တာ၊ အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကို သွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။

ထိုည (၁) နာရီ မိနစ် (၂၀) ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီး တံခါးဖွင့်ရန် ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများက တံခါးဖွင့်ပေးလိုက်ရသည်။

“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့ ဖွင့်ပေးလိုက်ရတာ၊ အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကို အမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကို မထုတ်ပေးရင် ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကို ခြိမ်းခြောက်တော့ ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟု ဆက်ပြောသည်။

ဖိုးလပြည့်နှင့်အတူ လုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့် အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့ တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင် စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အိမ်နီးချင်းက ဆက်ပြောသည်။

“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်က သူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီး ထိုင်ကန်တော့ပြီး တောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်က အဲဒီအိမ်ကို ခဲနဲ့ ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကို သက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံ ကမာရွတ်စခန်းက အခုချိန်ထိ အမှုမဖွင့်ပေးဘူး”ဟု ဆက်လက်ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးမီကလည်း စစ်တက္ကသိုလ် ဗိုလ်လောင်းကျောင်းဆင်းပွဲတခုသို့ ဇနီးသားသမီးများအား ခေါ်ဆောင်သွားခဲ့ပြီး စစ်ဗိုလ်ချုပ်များနေရာနှင့် ထူးခြားစွာ နေရာချထားရာ မြေးဖြစ်သူ ဖိုးလပြည့်ပါ ပါဝင်ခဲ့ခြင်းကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။


နအဖကို ကာကွယ်ပေးမနေစမ်းပါနဲ့

ဂါမဏိ

" မြန်မာစစ်တပ်က နိုင်ငံ့အရှေ့ပိုင်းတွင် တိုင်းရင်းသား လူမျိုးများအပေါ် ထိုးစစ် ဆက်လက်ဆင်နွှဲနေရာ နောက်ထပ် လူသားချင်းစာနာရေး ဘေးဒုက္ခများ ပေါ်ပေါက်နေစေသည်။ ၁၉၉၆ ခုနောက်ပိုင်းတွင် ကျေးရွာပေါင်း ၃၂ဝဝ မက ဖျက်ဆီးခံခဲ့ရပြီး လူတသန်း အိုးအိမ်စွန့်ခွာခဲ့ရသည်။ "

(နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG အိုင်စီဂျီ၏ ၂ဝဝ၈ အောက်တိုဘာ ၂ဝ ရက် ထုတ် 'နာဂစ်အလွန် မြန်မာပြည်-ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ အချိန်ကျပြီ' အစီရင်ခံစာ သို့ ချေပချက်)

မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် အရက်စက်အကြမ်းကြုတ်ဆုံး စစ်အစိုးရတခုက အုပ်ချုပ်ထားသည်။ ၎င်းအစိုးရသည် ဒီမိုကရေစီ ကို ချိုးနှိမ်ထားရုံသာမကဘဲ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာရေးအကျပ်အတည်းကို ဖန်တီးပေါ်ပေါက်စေသည့် ပြစ်မှုပါ ကျူးလွန်ထားသည်။ ဤဖြစ်ရပ်ကိုတုံ့ပြန်ရာ၌ အိုင်စီဂျီသည် မူလနောက်ခံဇာတ်ကြောင်းကို မေ့လျော့သွေဖီသွားခဲ့လေသည်။

ယခုနှစ်အစောပိုင်းက နာဂစ်ဆိုင်ကလုံးမုန်တိုင်း မြန်မာပြည်ကို တိုက်ခတ်ခဲ့သည်။ သဘာဝကပ်ဘေးကို တုံ့ပြန်ရာတွင် အခြား မည်သည့်အစိုးရနှင့်မှမတူဘဲ မြန်မာစစ်အုပ်စုသည် နိုင်ငံတကာမှကူညီရေးကြိုးပမ်းချက်များကို အစပထမ၌ ငြင်းပယ်ခဲ့သည်၊ ထို့နောက်တွင် အကန့်အသတ်ဖြင့်ခွင့်ပြုခဲ့ပြီး လမ်းလွှဲအလွဲသုံးစားလုပ်ပစ်ခဲ့သည်။ စစ်အစိုးရသည် အကူအညီများကို ခိုးယူခဲ့ သည်။ အကူအညီဖြန့်ဝေပေးရန် ကြိုးစားခဲ့သော မြန်မာပြည်သူများကို ဖမ်းဆီးခဲ့သည်။ တရားဝင်ဖြန့်ဖြူးသည့် အကူအညီ အနည်းအကျဉ်းမှာလည်း ဝါဒဖြန့်ချီရေးအတွက်သာဖြစ်ပြီး ဓာတ်ပုံနှင့်ဗွီဒီယိုများ ရိုက်ကူးပြီးပါက ပြန်သိမ်းယူသွားသည်။ စစ်အစိုးရ၏ တမင်တကာ ဥပေက္ခာပြုမှုနောက်ကွယ်တွင် အနည်းဆုံး လူ ၁၄ဝ,ဝဝဝ သေဆုံးပြီး လူနှစ်သန်းခွဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မုန်တိုင်းပြီးသည့်အခါ နောက်ထပ်လူသားချင်းစာနာရေးအကျပ်အတည်းတခု ပေါ်ထွက်လာပြန်ပါသည်။ ယခုတကြိမ်မှာ မြန်မာ နိုင်ငံအနောက်ပိုင်း ချင်းပြည်တွင်ဖြစ်ပြီး သဘာဝအလျောက် နှစ် ၅ဝ တကြိမ် ဝါး သုဉ်းမှုကြောင့် ကြွက်ထရာမှ အငတ်ဘေး ဆိုက်ခြင်းဖြစ်သည်။ ထုံးစံအတိုင်း စစ်အစိုးရသည် မျှော်လင့်တွက်ဆထားကြသည့် အငတ်ဘေးအတွက် ဘာတခုမှကြိုတင် ပြင် ဆင်ခြင်းမရှိဘဲ၊ ကူညီကယ်ဆယ်ရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ပိတ်ဆို့ဟန့်တားခဲ့သည်။ စစ်အစိုးရတာဝန်ရှိသူ များက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကို နေရာလွှဲ ခေါ်ပြခဲ့ပြီး အငတ်ဘေးမရှိကြောင်း ကြေညာစေခဲ့သည်။ ထိုနောက်ပိုင်းတွင် ကုလရိက္ခာအဖွဲ့က မိမိတို့ရပ်တည်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း အငတ်ဘေးဆိုက် ချင်းပြည်သူ များအား ကူညီပေးရေးကြိုးပမ်းချက်များကို စစ်အစိုးရက ဆက်လက်ဟန့်တားနေသည်။

မြန်မာစစ်တပ်က နိုင်ငံ့အရှေ့ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအပေါ် ထိုးစစ်ဆက်လက်ဆင်နွှဲနေရာ နောက်ထပ်လူသားချင်း စာနာရေးဘေးဒုက္ခများ ပေါ်ပေါက်နေစေသည်။ ၁၉၉၆ ခုနောက်ပိုင်းတွင် ကျေးရွာပေါင်း ၃၂ဝဝ မက ဖျက်ဆီးခံခဲ့ရပြီး လူတသန်း အိုးအိမ်စွန့်ခွာခဲ့ရသည်။ အရပ်သားများကိုအနီးကပ် တည့်တည့်ချိန်ပစ်သတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အဓမ္မလုပ်အား ပေးခိုင်းခြင်း၊ လူသားမိုင်းရှင်းကရိယာများအဖြစ် အသုံးပြုခြင်းများကျူးလွန်နေသည်။ ကလေးသူငယ်များကို လမ်းပေါ်မှ ဖမ်းဆီးခေါ်သွားပြီး မြန်မာစစ်တပ်ထဲ အတင်းအကြပ်သွတ်သွင်း စစ်မှုထမ်းခိုင်းနေသည်။ ဗမာ့တပ်မတော်မှာ ကမ္ဘာပေါ်တွင် ကလေးစစ်သားအများဆုံးဖြစ်နေသည်။ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝကျော် အကျဉ်းထောင်များအတွင်း ပင်ပန်းဆင်းရဲစွာ ဒုက္ခခံနေရရာ ယခင်နှစ်ကထက် အရေအတွက်နှစ်ဆရှိနေပြီး ကြောက်လန့်တုန်လှုပ်ဖွယ် နှိပ်စက်ညှဉ်းပန်းမှုကိုခံကြရသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံခဲ့ရသည်မှာလည်း ၁၃ နှစ်ပြည့်သွားပြီ ဖြစ်သည်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ကမူ ဤအရာအားလုံး ကျနော်တို့အပြစ်ဖြစ်သည်ဟု ဆိုနေပါသည်။ ယခု အချိန်မတိုင်မီ အထိ အများလေးစားခံရပြီး ဂုဏ်သိက္ခာရှိခဲ့သော အိုင်စီဂျီအဖွဲ့ကြီးက ထူးဆန်းအံ့ သြဖွယ်အကောင်းဆုံး အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ရာတွင် စစ်အုပ်စုကို မသိမသာဖြင့် သိမ်မွေ့စွာကာကွယ်ပေးထားပြီး 'နိုင်ငံရေးတိုက်ပွဲ'ကို အလွန်အကျူး အလေးပေးရကောင်းလားဟု နိုင်ငံတကာအသိုင်းအဝိုင်းကို အပြစ်ဆိုထားပါသည်။ စစ်အစိုးရသည် 'ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည်ဟု ပြောလာသူတိုင်းကို လုံးဝအဟန့်အတားမရှိခွင့်ပြုဖို့ တွန့်ဆုတ်ခြင်း'ကို နားလည်ပေးနိုင်သည်၊ အဘယ့် ကြောင့်ဆိုသော် အနောက်နိုင်ငံများက စစ်အုပ်စုအပေါ် မိမိပြည်သူများကို သတ်ဖြတ်ခြင်းရပ်စဲဖို့ အလွန်အမင်းဖိအားပေး နေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု အိုင်စီဂျီကဆင်ခြေပေးထားသည်။ အိုင်စီဂျီအဆိုအရ အနောက်တိုင်းမီဒီယာများမှာလည်း အပြစ် မကင်းဟုဆိုသည်၊ အကြောင်းမူ စစ်အစိုးရတာဝန်ရှိသူများ မြစ်ချောင်းထဲပစ်ချထားသည့် အလောင်းကောင်တို့ဓာတ်ပုံများကို ဖော်ပြပေးသောကြောင့် သနားစရာ ဗိုလ်ချုပ်များ 'အလွန်တရာ နေရထိုင်ရခက်' ဖြစ်စေခဲ့သည်ဟုဆို၏။

အကျပ်အတည်း၏အကြောင်းရင်းခံမှာ နိုင်ငံရေးဖြစ်သည်ဟု အိုင်စီဂျီက စိတ်မပါလက်မပါနှင့် ဝန်ခံထားသော်လည်း ယင်း အကျိုးဆက်အရ ဖြေရှင်းချက်များမှာလည်း နိုင်ငံရေးပင်ဖြစ်သည်ဟူသော အယူအဆကိုမူ အိုင်စီဂျီက ငြင်းဆိုထားပုံရသည်။ အိုင်စီဂျီအစီရင်ခံစာက မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေး၊ အရပ်ဖက်လူထုအသင်းအဖွဲ့ စီမံချက်များကို ထောက်ခံအားပေး ရေးတို့ကိုမူ မှန်ကန်သင့်လျော်စွာ တောင်းဆိုထားပြီး မြန်မာပြည်တွင် လူသားချင်းစာနာရေး မဟာအကျပ်အတည်းကြီး ဆိုက်လု နီးနေပြီဟု သတိပေးထားသည်။ ဤသည်တို့ကို ကျနော် သဘောတူထောက်ခံပါသည်။ ဖြစ်ရပ်များနှင့် ကိန်းဂဏန်းများ ကလည်း အတိအလင်းပြဆိုနေပြီဖြစ်ပါသည်။ သို့ရာတွင် အိုင်စီဂျီက ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများသည် အကူအညီ ပေးရေးကိုဆန့်ကျင်နေသည်ဟူသော မုသားစကားကိုဖြန့်ချိဖို့ လုပ်ဆောင်နေသည်။ အမှန်အားဖြင့်ဆိုရလျှင် အကူအညီပိုပေး ရေးကို တောင်းဆိုခဲ့ကြသည်မှာ ကမ်ပိန်းအဖွဲ့များပင် ဖြစ်လေသည်။

ဥပမာအားဖြင့် ဗြိတိန်အစိုးရမှ မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေးကို ယမန်နှစ်က ဗြိတိန်နိုင်ငံတွင် အောင်မြင်စွာဦးဆောင် လုံးပမ်းခဲ့သူများမှာ ဗြိတိန်နိုင်ငံမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ BCUK နှင့် ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့ CSW တို့ဖြစ်သည်။ ယင်းအဖွဲ့များသည် အရပ်ဖက်လူမှုအသင်းအဖွဲ့များနှင့် ဒီမိုကရေစီအဖွဲ့များကို ရန်ပုံငွေပိုပေးရေး၊ နယ်စပ် ကျော် လူသားချင်းစာနာရေးကယ်ဆယ်မှု ပိုမိုပြုလုပ်ရေးနှင့် ကုလသမဂ္ဂမှ ပိုမိုထိတွေ့ဆက်ဆံရေးကို နှစ်ပေါင်းများစွာတောင်း ဆိုခဲ့ကြသည်၊ တောင်းဆိုနေကြဆဲဖြစ်သည်။ ယင်းအဖွဲ့များသည် ဗိုလ်ချုပ်ကြီးများကို ကုလသမဂ္ဂ၊ ဒီမိုကရေစီလှုပ်ရှားမှုနှင့် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာအကုန်ခံ တွန်းဆော်ပေးနေခဲ့ကြသည်။ ယင်းအဖွဲ့များက ဆန့်ကျင်ခဲ့ ကြသည်မှာ စစ်အစိုးရအိတ်ထောင်များထဲသို့ ပိုက်ဆံထည့်ပေးရန် အိုင်စီဂျီ၏တောင်းဆိုမှုကိုသာဖြစ်သည်။ ဤသို့ ဆန့်ကျင်ရ ခြင်းမှာ စစ်အုပ်စုသည် ၎င်းတို့၏စစ်တပ်တိုးချဲ့ရေး၊ လက်နက်များပိုမိုဝယ်ယူနိုင်ရေးနှင့် ပြည်သူလူထုကို ပိုမိုသတ်ဖြတ်နိုင်ရေး အတွက် အဆိုပါ ဘဏ္ဍာငွေကို အသုံးချလိမ့်မည်ဟူသည့် ရိုးရိုးစင်းစင်းအကြောင်းတရားကြောင့်သာ ဖြစ်ပါသည်။

ကျနော်တို့ထင်ခဲ့သည်မှာ အိုင်စီဂျီသည် ပဋိပက္ခတားဆီးဖြေရှင်းရေးနှင့် သက်ဆိုင်သည်ဟု ထင်မိခဲ့သည်။ သို့ရာတွင် ယခုမူ ၎င်းတို့သည် စစ်အစိုးရအားကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်ပုံရနေပါသည်။

ဘဲနဒစ်ရောဂျား
(ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့)
ဂါးဒီးယန်းသတင်းစာ အောက်တိုဘာ ၂၇၊ ၂ဝဝ၈ ခုနှစ် ဂါမဏိ ဘာသာပြန်သည်။

ဂိတ်များလာသည့်အတွက် အကောက်အခွန်လည်းများလာ

နိုင်တလလဝီ

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတစ်လျောက်တွင်ရှိသော မြန်မာစစ်အစိုးရ စစ်တပ်နှင့်လက်နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့များသည် ဒီနှစ်နွေရာသီလမ်းဖွင့်ပြီးသည့် နောက်ပိုင်းတွင် ခရီးသည်များအပေါ် အကောက်ခွန်ကို နှစ်ဆတိုးမြှင့် ကောက်ယူနေခဲ့သည်။

လွန်ခဲ့သည့်နှစ်တွင် ဂိတ် ၃၀ ခန့်ရှိခဲ့ရာမှာ ယခု ဂိတ်ပေါင်း ၄၀ ခန့်အထိ ဖွင့်လာခဲ့ပြီး ခရီးသည်တစ်ယောက်လျှင် လွန်ခဲ့သောနှစ်တွင် ၅၀၀ ကျပ် ကောက်ခံခဲ့ရာမှ ယခုအခါတွင် ၁၀၀၀ ကျပ်အထိ ၎င်းဂိတ်များက တိုးမြှင့်ကောက် ယူခဲ့သည်။ သို့သော်လည်း တချို့ဂိတ်များမှာမူ ခရီးသည်များအပေါ် ကောက်ခံခြင်း မရှိခဲ့ပေ။

၎င်းလမ်းတွင် ကိုယ်ပိုင်ကားလေစီး ပြေးဆွဲနေသော ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ ခရီးသည် တစ်ယောက်လျှင် ခရီးစရိတ်အဖြစ် ကျပ်လေးသောင်း ကောက်ယူနေခဲ့ပြီး ၄င်းငွေများဖြင့် ဂိတ်ကြေးများကိုလည်း ပေးဆောင်ရသည်။

“တကယ်တော့ လမ်းက လေးနာရီလောက်ပဲ မောင်းသွားရတယ်။ ဒါပေမယ့်လည်း ဂိတ်တွေကြောင့် တစ်နေ့တာအထိ အချိန်ကုန်နေရတယ်” သူကပြောပြသည်၊ ထိုလမ်းသည် မိုင် ၆၀ ကျော်ရှိပြီး မြေနီလမ်းကြမ်းဖြစ်သည်။ မိုးတွင်းကာလတွင် မသွားလာနိုင်ဘဲ ဇမိမြစ်ကြောင်းကိုသာ အားကိုးနေရသည်ဟု ဆိုသည်။ ထိုလမ်းကို လွန်ခဲ့သော ဒီဇင်ဘာလ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ယခုအခါ ခရီးသည်တင်ယာဉ်များ သွားလာနေကြပြီဖြစ်သည်။

လမ်းကြောင်းတစ်လျောက်တွင် အဓိက အဖွဲ့အစည်း ငါးဖွဲ့မှ ဂိတ်ဖွင့်ထားပြီး ၎င်းတို့အဖွဲ့ အစည်းမှာ မြန်မာအာဏာပိုင် ဂိတ်များ၊ ဟောင်သရောကရင်ငြိမ်းချမ်းရေးအဖွဲ့၊ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓတပ်မတော်၊ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းရုံး (ကေအေန်ယူ)တို့ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲထားပြီး ဂိတ်သုံးခုရှိသော မွန်ပြည်သစ်ပါတီက စစ်အစိုးရနှင့်မဟာမိတ်မဖွဲ့ခဲ့သလို ကေအေန်ယူလည်း မြန်မာစစ်အစိုးရနှင့် အမြဲတမ်းပစ်ခတ်တိုက်ပွဲဝင်နေသော ကရင်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ပင်ဖြစ်သည်။ ထို့အပြင် စစ်အစိုးရနှင့် နောက်ပိုင်းတွင် ငြိမ်းရေးလုပ်ခဲ့သော ဗိုလ်ချုပ်ထိန်မောင်အဖွဲ့နှင့် မွန်ပြည်သစ် ပါတီ၏ စစ်ဦးစီချုပ်ဟောင်း နိုင်အောင်နိုင်လည်း ဂိတ်ဖွင့်ရန် ကြိုးစားနေသည်ဟု ကောလဟာလများလည်း ထွက်နေခဲ့သည်။

ကားပိုင်ရှင်များ၏ ပြောပြချက်အရ ယခုလမ်းသွားလာနိုင်ရန်အတွက် ကားတစ်စီးလျင် တစ်နှစ်မှာ ကေအန်ယူကို ဘတ်ငွေ ၁၀၃၀၀ ပေးပြီး ခွင့်ယူရသည်။ မြန်မာစစ်အစိုးရ လမ်းပန်းဆက်သွယ်ရေး ဥပဒေအရ ခရီးသည်တင်ကားများသည် ယာဉ်အသင်းများတွင် အသင်းဝင်လုပ်ရပြီး အသင်းဝင်လုပ်ရန်အတွက် သုံးဆူမြို့မှာ ဘတ်လေးထောင်ပေးဆောင်ရသည်။ သုံးဆူမြို့တွင် ရာမည၊ ပန်းရဂုံ၊ ဖောမဲ့သာ၊ မြို့မ၊ သုံးဆူနှင့် ကြံ့ခိုင်ရေးယာဉ်အသင်းဟူ၍ အသင်းငါးသင်းရှိသည်။


သန်းရွှေ နိုင်ငံခြားရေး မူဝါဒ

အောင်ဇော်

မြန်မာပြည်ကို ဗိုလ်ချုပ်ကြီး နေဝင်း စတင် အုပ်စိုးသည့် ၁၉၆၂ ခုနှစ်မှစ၍ ဘက်မလိုက် နိုင်ငံခြားရေး ဝါဒကို ကျင့်သုံးလာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် တွင်လည်း “တက်ကြွ လွတ်လပ်သည့် နိုင်ငံခြားရေး ဝါဒကို” ချမှတ် ကျင့်သုံးနေသည်ဟု ဖော်ပြလေ့ရှိသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများက စစ်ဗိုလ်ချုပ် အကြီးအကဲများ ၎င်းနိုင်ငံများသို့ သွားရောက်ခွင့်၊ ပြည်ဝင်ခွင့်များ အပါအဝင် တဦးခြင်း ပစ်မှတ်ထားကာ စီးပွားရေး ပိတ်ဆို့မှုများ လုပ်ခဲ့ချိန်တွင် စစ်အစိုးရကအိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး ပိုမို ဖော်ရွေ ပျူငှာလာသည်ကို တွေ့မြင်ရသည်။ ၎င်းအခြေအနေကို ကြည့်ခြင်းဖြင့် စစ်အစိုးရ၏ ကြားနေ နိုင်ငံခြားရေး မူဝါဒ၌ အကန့် အသတ်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ မြန်မာပြည်သို့ လာရောက်တိုင်း တွေ့ဆုံရန် ငြင်းဆိုခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ယခုလဆန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျဲချိ လာရောက်စဉ်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြောင်း မြင်တွေ့ကြရသည်။ ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံ အပြီးကလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို တရုတ်ပြည်သို့ အထူးကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သေးသည်။

ဤသည်ကိုကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရသည် ၎င်း၏ မိတ်ဆွေ ပေါက်ဖော်ကြီးကို မည်မျှအားကိုးကြောင်း တွေ့ရှိနိုင်သည်။

မြန်မာ့စစ်ခေါင်းဆောင်များနှင့် ပေါက်ဖော်ကြီးတို့ ဆက်ဆံရေးမှာ အဆင်ပြေသည်ဟု ထင်စရာ ရှိသော်လည်း တောက်လျှောက်ချောမွေ့ခဲ့သည်တော့ မဟုတ်ပေ။ အတိအကျ ဆိုရလျှင် ၁၉၆၀ မှ ၇၀ ဝန်းကျင်ကာလ များအထိ တရုတ်နိုင်ငံအစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ကူညီထောက်ပံ့ခဲ့ဖူးသည်။

ထိုစဉ်က တိုင်းပြည်ကို ချယ်လှယ်နေသော ဦးနေဝင်းကို “ဖက်ဆစ်ကြီး” ဟု အမည်ပေးကာ ရေဒီယိုပေကျင်း အသံလွှင့်ဌာနမှ တကြော်ကြော်အော်၍ ဖြုတ်ချရန် ကြိုးပမ်းနေသည့်တိုင် ၎င်းမှာ တရုတ်နိုင်ငံသို့ အကြိမ် ကြိမ်သွား၍ တရုတ်ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံ၍ ဆက်ဆံရေးကို ကြိုးပမ်း တည်ဆောက် ယူခဲ့သည်။

၁၉၇၀ မှ ၈၀ ဝန်းကျင်အချိန်များတွင် ဦးနေဝင်းက နောက်တန်းမှ တရုတ်နှင့် ဆက်ဆံရေး ပြေပြစ် အဆင်ပြေရေးအတွက် အားသွန် ကြိုးပမ်းနေစဉ် တဘက် ရှေ့တန်းစစ်မျက်နှာ၌ ဗိုလ်သန်းရွှေနှင့် တခြားသော စစ်ဗိုလ်များက တရုတ်အစိုးရ ထောက်ပံ့ပေးထားသော ဗမာပြည်ကွန်မြူနစ်ပါတီကို အကြီးအကျယ် တိုက်ခိုက်ချေမှုန်းလျှက် ရှိသည်။

ယနေ့အချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီလည်း မရှိတော့။ တရုတ် အစိုးရသည်လည်း ၁၉၈၈ ခုနှစ် စက်တင်ဘာမှစ၍ ကမ္ဘာ့အရက်စက်ဆုံး အစိုးရကို စီးပွားရေးအကူအညီများ ထောက်ပံ့ပေးနေခဲ့ရာ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်မှုပမာဏမှာ ယခုဆိုလျှင် အမေရိကန်ဒေါ်လာ ၁. ၅ ဘီလျံထိ တိုးတက် များပြားလာပြီဖြစ်ကြောင်း တွေ့ရသည်။

ယခုအခါ တရုတ်အစိုးရက ၂၀၀၉ ခုနှစ်အတွင်း စစ်တွေနှင့် ယူနန်ကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် အထိ စီစဉ်ပြီး ဖြစ်နေပြီ။ ၎င်းဓာတ်ငွေ့ပိုက်လိုင်းအတွက် တရုတ်အစိုးရ၏ CNPC ရေနံကုမ္ပဏီက အမေရိကန် ဒေါ်လာ ၂. ၅ ဘီလျံ အကုန်အကျခံ စိုက်ထုတ်ပြီး ရှယ်ယာ ၅၀. ၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ မြန်မာပိုင် ရေနံကုမ္ပဏီ MOGE က ကျန်သည့် ရာခိုင်နှုန်းရှယ်ယာ ပါဝင်မည်ဖြစ်သည်။

တရုတ်အစိုးရသည် မြန်မာပြည်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သည်နှင့် တပြိုင်နက်တည်း နယ်စပ်ဒေသရှိ လက်နက်ကိုင်ထကြွမှုများကိုလည်း ငြိမ်ဝပ်စေချင်သည့် အနေအထားရှိသည်။

ယခင်က တရုတ်ပြည်ဖြစ် စစ်လက်နက်ပစ္စည်းများ အရည်အသွေး ညံ့ဖျင်းသည်ဟု ညည်းညူခဲ့ကြသော မြန်မာစစ်ခေါင်းဆောင်များသည် ယခုအခါ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစု၏ တောင်းဆို မှုများကို ဗီတိုအာဏာ သုံးကာ ပယ်ချပေးနေသည့် တရုတ်အစိုးရကို ကျေးဇူး အထပ်ထပ် တင်နေပြီ ဖြစ်သည်။

မြန်မာစစ်အစိုးရကို စီးပွားရေးအရ ကူညီမှုများပေးနေသည့်တိုင်အောင် တိုးတက်မှု ရှိမလာသည့် အပေါ် တရုတ်အစိုးရက သံသယဝင်လျှက်ရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိတော့သည့်နောက်ပိုင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်အခြေအနေကို လေ့လာ စောင့်ကြည့် နေခြင်းသာဖြစ်သည်။

တရုတ်အစိုးရက နှစ်ပေါင်း ၂၀ ခန့် ကူညီမှုများ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုခဲ့သော်လည်း မြန်မာပြည်ကြီးမှာ ချွတ်ခြုံကျနေပေရာ ၎င်းတို့အနေနှင့် စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် အလုပ်အကြွေး ပြုနေသကဲ့သို့ ဖြစ်နေ၏။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် မြန်မာပြည် နိုင်ငံခြားရေး မူဝါဒကို ပြန်လည်လေ့လာမည် ဆိုပါလျှင် အလျဉ်းသင့်သလို ရွေးချယ်ပေါင်းသင်းရေး မူဝါဒ ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြာခဏ ပြောဖူးသည့် စကား ရှိပါသည်။ ၎င်း၏ဘက်တွင် တရုတ်၊ ရုရှားနှင့် အိန္ဒိယ ကြီးသုံးကြီးတို့ကသာ ထောက်ပံ့ပေးနေပါက စစ်အစိုးရရပ်တည်နိုင်မည်ဟု ယုံကြည်သည် ဟူ၍ဖြစ်၏။ ထို ကြီးသုံးကြီး တွင် တရုတ်က အရေးအကြီးဆုံးဟု ဆိုရမည်ဖြစ်သည်။

လတ်တလောကာလတွင် စစ်ဗိုလ်ချုပ်ကြီးများက မိတ်သစ် ဆွေသစ်များ၊ ဈေးကွက်သစ်များနှင့် စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်မှု အသစ်များ ရှာဖွေလာသည်ကိုတွေ့ရသည်။

ယခုလအတွင်း ကူဝိတ်တွင် သံရုံးဖွင့်လိုက်ပြီ။ ကူဝိတ်ဝန်ကြီးချုပ်က သြဂုတ်လအတွင်း မြန်မာပြည်သို့ လာကာ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်သည်။ ထို့ပြင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မောင်မြင့်ကို ကူဝိတ်သို့ အလည်အပတ် စေလွှတ်ကာ ကူဝိတ်တွင် အခြေချဆောင်ရွက်နိုင်မည့် စီးပွားရေးအခြေအနေများကို လေ့လာစေခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ယခုတကြိမ်က မြန်မာပြည်အတွက် ပထမဆုံး မဟုတ်ပေ။ ၂၀၀၆ ခုနှစ်ကလည်း အီရန်နိုင်ငံ၏ စွမ်းအင် ဒုဝန်ကြီးက မြန်မာပြည်သို့ လာလည်သွားခဲ့ သေး၏။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းကတော့ မြန်မာပြည်စစ်အစိုးရနှင့် မြောက်ကိုရီးယားတို့၏ သံတမန် ဆက်ဆံရေးကို ပြန်လည်မြင်တွေ့ကြရသည်။ တောင်ကိုရီးယားသမ္မတနှင့်အဖွဲ့ ရန်ကုန် အာဇာနည် ကုန်းတွင် ဗုံးခွဲတိုက်ခိုက် ခံရပြီး နောက်ပိုင်း ၂ နိုင်ငံအစိုးရတို့ ဆက်ဆံရေး အခြေအနေ တန်းသွားခဲ့ရာ ယခုကဲ့သို့ နှစ်ပေါင်း ၂၀ ကျော်ကြာမှ ဆက်ဆံရေး ပြန်လည် စတင်လာခြင်းဖြစ်သည်။

၎င်း ၂ နိုင်ငံ တရားမဝင်လျှို့ဝှက်စွာ ပြန်လည်ဆက်ဆံခဲ့သည်မှာတော့ ကြာခဲ့ပြီဖြစ်သည်။ မြန်မာအစိုးရက မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူခဲ့သည့်ပြင် တခြားအတည်ပြုချက် မရနိုင်သေးသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းမှုများကြောင့် “ဝင်ရိုးစွန်း” ၂ နိုင်ငံ၏ ဆက်ဆံရေးကို စောင့်ကြည့်သည့်နိုင်ငံများ ရှိခဲ့သည်မှာ ယခုထိပင်ဖြစ်သည်။

အထက်ပါအချက်များကို ပြန်လည်သုံးသပ်မည် ဆိုပါလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် နိုင်ငံတကာ၌ ပါးနပ်စွာ မိတ်ဆွေသစ်များ ရှာဖွေနေသည်ကို တွေ့နိုင်သည်။

စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ ဦးနေဝင်း အစိုးရလက်ထက်က တိုင်းပြည်ကို တံခါးပိတ်ဝါဒ ကျင့်သုံးစေခဲ့သော်လည်း ၎င်း၏ မိသားစုများ၊ ဝန်ကြီးများမှာ အနောက်နိုင်ငံများသို့ အတွင်သွားနေခဲ့ခြင်း ဖြစ်သည်။ အနောက်နိုင်ငံများမှ အထောက်အပံ့များစွာ ရရှိခဲ့သည်။ ပြည်သူလူထုနှင့် တိုင်းပြည်ကို တံခါးပိတ် ထားခြင်းဖြစ်ပြီး ၎င်းမိသားစုနှင့် အစိုးရအဖွဲ့က အနောက် နိုင်ငံများနှင့် ကူးလူးဆက်ဆံရေးများ ကောင်းခဲ့ပြီး အကူအညီများစွာ ရခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ဦးနေဝင်း၏ လက်အောက်မှ စစ်ဗိုလ်ချုပ် အတော်များများ အမေရိကားနှင့် အင်္ဂလန်တို့တွင် စစ်ရေးနှင့်ပတ်သက်၍ ပညာသင်ကြားဖူးသည်ချည်း ဖြစ်သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက်ဟု ဆိုကာ အမေရိကန်က ထောက်ပံ့သော ရဟတ်ယာဉ်များ၊ အမ် ၁၆ အော်တိုမက်တစ် ရိုင်ဖယ် သေနတ်များ ပံ့ပိုးပေးခဲ့ရာတွင် ဦးနေဝင်းအစိုးရက ၎င်း အထောက်အပံ့ ပစ္စည်းများ ကို မူးယစ် နှိမ်နင်းရာတွင်သာမကဘဲ တိုင်းရင်းသားများကို နှိမ်နင်းရာတွင်ပါ သုံးခဲ့သည်။

ထိုကဲ့သို့သော အနောက်နိုင်ငံများ၏ ကူညီထောက်ပံ့မှုကြောင့်ပင်လျှင် စစ်အစိုးရ သက်ဆိုးရှည်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာပြည်သို့ လာလည်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်သည့် မြင်ကွင်းကို မြင်ရတိုင်း ပြည်သူလူထုကို နှိပ်စက်ညှဉ်းပန်းသော ဆိုးရွားလှသည့် အစိုးရကို အာဏာမြဲအောင် လိုလိုလားလား ကူညီနေခြင်းသာ ဖြစ်ပြီး ပြည်သူလူထုကို ဆင်းရဲမြဲ ဆင်းရဲနေအောင် ဝိုင်းဝန်းဖိနှိပ်နေခြင်းဖြစ်သည်ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

တချို့သော မြန်မာ့နိုင်ငံရေး လေ့လာသူတို့က စစ်အစိုးရကို အနောက်နိုင်ငံများက ပူးပေါင်း ဆောင်ရွက် သင့်သည်၊ စီးပွားရေးပိတ်ဆို့မှု ရပ်တန့်သင့်သည်ဟု ပြောကြသည်။ စစ်အစိုးရနှင့် ပူးပေါင်းမည်ဆိုလျှင်တော့ မြန်မာပြည်သူ လူထုက ချွတ်ခြုံကျမြဲကျကာ စစ်အစိုးရက ၎င်းဆက်ဆံရေးများအကြား အကျိုးဖြစ်ထွန်း လာမှာ သေချာလှသည်။