Monday, May 28, 2012

UNHCR မှ မလေးရှားရှိ ဒုက္ခ သည်များ စာရင်း ကောက်ခံ

နဒီမွန်

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR မှ မလေးရှားနိုင်ငံမှာရှိနေကြသည့် ဒုက္ခသည်များစာရင်းကို မေလ ၂၂ ရက်နေ့မှစပြီး စတင် ကောက်ခံနေကြောင်း သိရသည်။ ဒုက္ခသည် စာရင်း ကောက်ခံ ရာတွင်မလေးရှားနိုင်ငံရှိ မွန်၊ ရခိုင်၊ ကယား၊ ကရင်၊ ကချင်၊ ချင်း အစရှိသည့် တိုင်းရင်းသား ဒုက္ခသည်များကို ဒေသအလိုက် လူမျိုးအလိုက် တစ်ရက်စီ မေလ ၂၂ မှ လကုန်ထိ ကောက်ခံ သွားမည် ဖြစ်သည်။

ယခင်က ဒုက္ခသည်စာရင်းကောက်ယူချိန်တွင် ဘယ်လိုအခက်အခဲကြောင့် ယခုလို ဒုက္ခသည်အဖြစ်နှင့် ရပ်တည်နေရကြောင်းအစရှိသည့် ပုဂ္ဂိုလ်ရေးအကြောင်းစုံမေးမြန်ပြီး ဒုက္ခသည်စစ်မှန်ပါက ၇ ရက် အတွင်း UNHCR အသိအမှတ်ပြုကဒ် ထုတ်ပေးသည်။

“အခုကောက်ခံတဲ့ပုံစံက အရင်ကလို မေးမြန်းတာမရှိဘူး၊ ဓါတ်ပုံရိုက်ပြီး အမည်၊ မွေးသက္ကရာဇ်၊ နေထိုင်သည့်ဒေသ၊ မလေးရှားကို ရောက် လာ တဲ့အချိန် စတာတွေ မေးမြန်းတယ်” ဟု UNHCR ရုံးတွင် ဘာသာပြန်ပေးနေသူ နိုင်ဥက္ကာက ပြောသည်။

ယခုလိုမျိုး စာရင်းများကောက်ခံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ကောက်ခံသည့်အကြောင်းအရာကိုလည်း ပြောကြားခြင်းမရှိကြောင်း နိုင်ဥက္ကာက ပြောသည်။

စာရင်းပေးသွင်းခဲ့သူ မွန်အမျိုးသမီး မိခိုင်က “ဒုက္ခသည်တွေ စာရင်းကောက်ခံတာ ကြားတော့ သွားသွင်းတာပေါ့၊ UN ကဒ်ရတဲ့အထိတော့ မဟုတ်ဘူး၊ ဘာလုပ်မယ် ဆိုတာလည်း မသိဘူး အမည်၊အသက်၊ နေထိုင်တဲ့နေရာ၊ မလေးကိုဘယ်အချိန်ရောက် အဲလောက်နဲ့ သူတို့ပေး တဲ့ စာရွက်မှာ ဖြည့်တယ်၊ ဓါတ်ပုံရိုက်တယ်၊ နောက်ပြန်ခေါ်မယ်လို့ပဲ ပြောတယ်”

စာရင်းသွင်းခဲ့သည့်ဒုက္ခသည်အများစုက ယခုလို တစုံတရာ ပြောဆိုခြင်းမရှိပဲ ဒုက္ခသည်များစာရင်းကို ထူးခြားစွာကောက်ခံနေသည့်အပေါ် စိုးရိမ်စိတ်များဖြစ်ပေါ်စေခဲ့သည်ဟု ပြောဆိုနေကြသည်။

မလေးရှားသို့ ရောက်ရှိနေကြသည့်ဒုက္ခသည်အများစုသည် စားဝတ်နေရေးအတွက် ရရာအလုပ်ကို လုပ်ကိုင်နေကြပြီး၊ UN ကဒ် ကိုင် ဆောင်ထားသူများ အလုပ်အကိုင်ရှာဖွေရာတွင် လွယ်ကူပြီး နေထိုင်ရန် အတွက်လည်း အဆင်ပြေမှုရှိသည်။ သို့သော် UN ကဒ်မရှိ သူတို့က အလုပ်အကိုင်ရရှိရန် ခက်ခဲသည့်အပြင် မလေးရှားရဲတို့၏ ဖမ်းဆီးခြင်းဘေးကိုလည်း ကြောက်ရွံ့နေရသည်။

ကဒ်မရှိသူတို့က ဒုက္ခသည်စာရင်းများ လိုက်လံကောက်နေခြင်းအပေါ် UNHCR မှ ကဒ် ထုတ်ပေးရန်လည်း မျှော်လင့်နေကြသည်။

မေလ ၂၂ ရက်နေ့တွင် ကောက်ခံသည့်စာရင်းများအရ UNHCR ကဒ်မရှိသေးသည့် မွန်ဒုက္ခသည် တစ်ထောင်ကျော် ရှိပြီး UNHCR ကဒ် ကိုင်ဆောင်သူ မွန်ဒုက္ခသည် ၇၀ဝ၀ ကျော်ရှိသည်ဟု ခန့်မှန်းထား ကြသည်။

No comments: