Wednesday, May 30, 2012

ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ

ကာဝီချုံကစ်တာဝုန်

မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှေ့လတွင် နိုဘယ်ငြိမ်း ချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီး အတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။


မည်သည့် အတိုက်အခံ ခေါင်းဆောင်မျှ ထိုသို့သောဂုဏ်ပြုမှုမျိုးကို မရရှိခဲ့ဖူးသေး၍ ပင်ဖြစ်သည်။ လွန်ခဲ့သော လပေါင်း အတော်များများ ကပင် ထိုသို့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ပြည်တွင်းပြည်ပ မီဒီယာ များ၌ လွှမ်းမိုးနေ ခဲ့သည်။ ကမ္ဘာ့ ခေါင်းဆောင်များ မြန်မာပြည်သို့ လာရောက် လည်ပတ်ကြရာတွင်လည်းနေပြည်တော် ရှိ အစိုးရ ခေါင်းဆောင်များ နှင့် တွေ့ဆုံသည့် သ တင်းထက် သူနှင့် တွေ့ဆုံသည့် သတင်းက ပိုအရေးပါ ကာ မီဒီယာများ တွင် အသားပေး ဖော်ပြခြင်း ခံခဲ့ရသည်။ အချို့သော ဥရောပ နိုင်ငံ ခေါင်းဆောင် များဆိုလျှင် အစဉ် အလာ သံတမန် ထုံးတမ်း များကိုပင် ဘေးချိတ်ကာ အိမ်ရှင် အစိုးရ ခေါင်းဆောင်များထက် သူ၏ အင်းယား ကန် နံဘေး အိမ်တွင် ပိုမို အချိန် ပေးကာ အသားပေး တွေ့ဆုံ ခဲ့ကြ သည်။

သူ လျှောက်နေသော လမ်းမှာ နိုင်ငံရေးအရ တိုက်ပွဲဝင်မှုပုံစံ မတူသော်လည်း သူ့ရှေ့က နိုဘယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလား လျှောက် လှမ်း ခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်သည်။

သူကလည်း ဒီမိုကရေစီပန်းတိုင်ကို အကြမ်းမဖက် လမ်းကြောင်းဖြင့် သွားလိုသည်။ နယ်လ်ဆင် မင်ဒဲလားကလည်း လူဖြူလူမဲ ခွဲခြားမှု စ နစ်ဆိုးကြီးကို ထိုသို့ပင် အကြမ်းမဖက် ပုံစံဖြင့် သွားလိုခဲ့သည်။ ယခုလို အချိန်မျိုးတွင် သူ့အနေဖြင့် နယ်လ်ဆင် မင်ဒဲလားလို သြဇာမျိုး၊ အောင် မြင်မှုမျိုး ရနိုင်ပါ့မလားဆိုသည်မှာမူ ပြောဘို့ရန် စောပါသေးသည်။

ငြင်း၍ မရသည့် အချက်မှာ ကမ္ဘာနှင့် အာဖရိကတိုက်တွင် တောင်အာဖရိကနိုင်ငံ၏ အရေးပါမှုနှင့် သူ့နိုင်ငံရေးစန်း၊ စေ့စပ်ကြေအေးလို သည့် စိတ်ဓါတ်တို့က နယ်လ်ဆင် မင်ဒဲလားကို ကမ္ဘာ့နိုင်ငံရေး ခေါင်း ဆောင် အဆင့်အတန်းသို့ တွန်းတင်ပေးခဲ့သည်။ ပရီတိုးရီးယားရှိ အစိုးရကလည်း မင်ဒဲလား၏ စန်းနှင့် ကမ္ဘာ့ထောက်ခံမှုကို အမြော်အမြင်ရှိရှိ အသုံးချကာ နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးနှင့် အ မျိုး သား ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အသုံးချနိုင်ခဲ့သည်။ ၂ဝ၁ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် သာမက ဂျီ ၂ဝ အုပ်စု အစည်း အ ဝေး တွင်လည်း တောင်အာ ဖရိက နိုင်ငံ ထည်ထည် ဝါဝါ ရပ်တည် နိုင် ရေး နှင့် ဘရစ်(BRICS)ဟု ခေါ်သော ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံတို့ ပါဝင်သည့် ကမ္ဘာ့အင်အားစုကြီး တရပ် ပေါ်ထွက်လာရေးတို့တွင်လည်း မင်ဒဲလားက အောင်မြင်စွာ စွမ်း ဆောင် နိုင်ခဲ့သည်။

အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး တိုက်ပွဲများနှင့် ခွင့်လွှတ် ကြေအေးလိုသော သဘောထား တို့ကြောင့် ပထမဆုံး တောင်အာဖရိက လူမဲသမ္မတကြီးသည် ကမ္ဘာ့ ရောက်လေရာ နေရာတိုင်း၌ ချီးကျူး ဂုဏ်ပြုမှုကို ခံယူခဲ့ရသည်။ တိုင်းပြည်အတွက် နိုင်ငံတကာ၏ စာနာ ထောက်ခံ မှုကို အရယူ ပေးနိုင် ခဲ့သည်။

ထိုအတိုင်းပင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါသည်လည်း တက်လာနေပါသည်။ သူသည်လည်း ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦးအနေဖြင့် သူ၏ စန်း၊ သူ၏ ငြိမ်းငြိမ်း ချမ်းချမ်း ဒီမိုကရေစီတိုက်ပွဲဝင်ရေး လမ်းစဉ်တို့ကို သယ်ဆောင်ကာ ၂၄ နှစ်အ တွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်း၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေ နှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီး လှည့်လည် ပါလိမ့် မည်။

သူ၏ ထိုင်းခရီးစဉ်မှာ အလွန်နက်ရှိုင်းသော အဓိပ္ပါယ်များ ရှိနေပါသည်။ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံမှာ ကီလိုမီတာ ၂,၄ဝဝ ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အတိုက်အခံ တိုင်းရင်းသားအဖွဲ့များ အခြေစိုက်ရာ နေရာလည်း ဖြစ်နေပါ သည်။ လူနည်းစု လူမျိုးစုများနှင့် အောင်မြင်သည့် ရင်ကြားစေ့ရေး အစီအစဉ်တရပ် ပေါ်ပေါက်ရေးတွင် ထိုင်းနိုင်ငံ၏ထောက်ခံမှုကို လိုအပ်ပါလိမ့်မည်။


ထို့ပြင် ဂုဏ်သိက္ခာကြီးမားသော ကမ္ဘာ့စီးပွါးရေးဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ နှစ်ဦးလုံး တက်ရောက် လာခြင်းကလည်း မြန်မာနိုင်ငံရှိ ဆောင်ရွက်ဆဲ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည် မှု ကို တိုး၍ ရရှိစေပါလိမ့်မည်။

သူတို့ နှစ်ဦးအကြား တဦးနှင့်တဦး ယုံကြည်မှု ရှိနေသမျှ တချိန်က အစွန့်ပယ်ခံနိုင်ငံအပေါ် စိတ်စေတနာကောင်း ထားမှုများကို မပျက် သွား ရအောင် ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ တိုင်းရင်းသား အဖွဲ့အ စည်းများနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုး ဖောက် မှုများ ရှိနေဆဲ ဖြစ်သော်ငြားလည်း ထိုပုဂ္ဂိုလ်နှစ်ဦးက မြန်မာနိုင်ငံကို ဒေသတွင်းနှင့် ကမ္ဘာ့ အသိုင်းအဝိုင်း အကြား ဝင်ဆံ့အောင် လုပ်နိုင် ခဲ့ကြ ပါသည်။

ဘန်ကောက် ခရီးစဉ်အပြီးတွင် သူ ဥရောပခရီးစဉ် ဆက်လက်ထွက်ခွါသွားပါလိမ့်မည်။ သူ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ထင် ရှားမှုကို ပိုမိုရရှိစေပါလိမ့်မည်။ ဂျီနီဗာရှိ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၌ မိန့်ခွန်းပြောခြင်း အပြင် ဇွန်လ ၁၆ ရက်နေ့၌ နိုဘယ်ငြိမ်း ချမ်းရေး ဆုပေးရေး ကော်မတီက အော်စလိုတွင် ပြုလုပ်မည့် ဆုပေးပွဲ အခမ်းအနားသို့လည်း သူ တက်ရောက်ပါလိမ့်မည်။ ၁၉၉၁ နှစ်က ထိုဆုကို ရရှိအပြီး ၂၁ နှစ်ကြာမှ ထိုအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းဖြစ်ပါလိမ့်မည်။

ထိုအချိန်က သူသည် နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်ပြီး နိုင်ငံခြားသို့ ခရီးထွက်ခွင့် မရှိခဲ့ပါ။ နော်ဝေပွဲ အပြီး၌ သူသည် ဗြိတိသျှ ပါ လီမန်တွင် မိန့်ခွန်းပြောပြီး အိုင်ယာလန် နိုင်ငံသို့ ရက်တိုခရီးစဉ် ဆက် လက် ထွက်ခွါမည် ဖြစ်ပါ သည်။ ပထမဆုံး အာဆီယံ နိုင်ငံ တနိုင် ငံမှ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်တဦး အနေဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အထူးတလည် လိုအပ်နေသော ဒီမိုကရေစီ ဖွံ့ဖြိုးရေး လုပ် ငန်း များနှင့်မျှော်မှန်းချက်များကို ရရှိရေးအတွက် စွမ်းဆောင်ပေးနိုင်ပါလိမ့်မည်။ အဖွဲ့ဝင် အင်ဒိုနီးရှား နိုင်ငံလိုပင် တချိန်က ဒီမို ကရေစီ ရေး၌ အနိမ့်ကျဆုံး ဖြစ်ခဲ့ရာမှ အဖွဲ့ကြီး၏ အဓိက မောင်းနှင်အား ဖြစ်ခဲ့ သလိုပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာ နိုင်ငံ ၏ အနေအထားကို အာဆီယံအ ဖွဲ့ကြီး အတွင်းသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကြား၌လည်း ဂုဏ်သတင်း မွှေးပျံ့အောင် စွမ်းဆောင် ပေးနိုင် ပါလိမ့်မည်။

အကောင်းဆုံးရလဒ် ထွက်ပေါ်လာရေးအတွက်ဆိုလျှင် အာဆီယံအဖွဲ့ကြီး၏ လက်သုံးစကားကို ငှါးရမ်းသုံးစွဲရမည် ဆိုပါက ဒေသတွင်း နိုင်ငံ များနှင့် သန်းပေါင်း ၆ဝဝ မျှသော ထိုနိုင်ငံသား များနှင့် “ဆက် သွယ်မှု”ကို သူ ကြိုးစား တည်ဆောက်ရပါဦးမည်။ ယခု လောလော ဆယ်တွင်တော့ သူသည် အနောက်နိုင်ငံများ၏ စံသတ်မှတ်ချက် ထုံးတမ်း စဉ်လာများ နှင့်သာ အသားကျ နေပါ သေးသည်။ အချိန် ကြာ လာ သည်နှင့်အမျှ တချိန်က သူ့ကို စွန့်ပစ်ထားခဲ့သောဒေသတွင်း နိုင်ငံများနှင့် ပိုမိုနီးစပ် လာပါလိမ့်မည်။

တဘက်တွင် ရီစရာကောင်းသည်မှာ အာဆီယံအဖွဲ့ကြီးသည် တချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပုံသွင်းပုံဖော်နိုင်မည့် အဖွဲ့အစည်း အမျိုး အစား တခု ဖြစ်နေခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူရသည့်အခါ နေပြည်တော်ရှိ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အနေဖြင့် သူတို့သာဆန္ဒရှိလျှင် အာဆီယံ၏ ပေါင်းစည်းမှုနှင့် ပွင့်လင်းမှု တို့အတွက် တာဝန်ကို ထမ်း ဆောင်ပေးနိုင်ပါလိမ့်မည်။ သူ၏ နိုင်ငံရေး အနာဂါတ် ယခုအတိုင်း ဆက်လက် ပွင့်လန်းနေဦးမည် ဆိုလျှင် နိုင်ငံ၏ အနာဂါတ် ခေါင်း ဆောင် တဦးလည်း ဖြစ်လာနိုင် ပါသေး သည်။ ထိုသို့ဆိုလျှင် အာ ဆီယံ အဖွဲ့ကြီး၏ ရှေ့လုပ်ငန်း စဉ်များကို သူကိုယ်တိုင် ချမှတ် လာနိုင် ပါလိမ့် မည်။

သူသည် တဖြေးဖြေးနှင့် အာဆီယံ၏ လူကြိုက်အများဆုံး အထင်ရှားဆုံး နိုင်ငံရေး သမားတဦး ဖြစ်လာနေပါသည်။


လွန်ခဲ့သောနှစ် သြဂုတ်လ သမ္မတ ဦးသိန်းစိန်နှင့် သူတွေ့ဆုံပွဲ အပြီးကတည်းက အာဆီယံ အဖွဲ့ကြီးသည် သူ၏ ဒီမိုကရေစီရေး တိုက်ပွဲကို ပိုမိုထောက်ခံလာခဲ့ပါသည်။ ၁၉၉ဝ နှင့် ၂ဝ၁၁ အကြား ကာလတွင် သူနှင့် အာဆီယံခေါင်းဆောင်များ အကြား ဆက်ဆံရေးမှာ အတော် ဆိုးရွားခဲ့ပါသည်။ ရန်ကုန် အခြေစိုက် အာဆီယံနိုင်င်ငံများမှ သံတမန်များနှင့် သူ တွေ့ဆုံရန် စီစဉ်ထားခဲ့သော ၁၉၉၅ ဂျူလိုင်ပွဲ ပျက်သွား ပြီးကတည်းက နှစ်ဘက်လုံးက မတွေ့ဘဲ ရှောင်နေခဲ့ကြသည်။ ထိုအချိန်က အာဆီယံ အဖွဲ့ကြီးသည် မြန်မာအစိုးရ၏ ဖိအားကြောင့် အထီး ကျန် အတိုက်အခံခေါင်းဆောင်နှင့် တွေ့မည့် အစီအစဉ်ကို အစိုးရ အလိုကျ ဖျက်သိမ်း ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလကျမှ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် နှင့် တွေ့ဆုံကာ နှစ်ဘက်အကြားအေးခဲနေခဲ့သော ဆက်ဆံရေးကို ပထမဆုံး အကြိမ်အဖြစ် ပြန်လည် နွေးထွေးလာ အောင် လုပ်နိုင်ခဲ့သည်။ ဒေါ်စုနှင့်တွေ့ပြီးကတည်းက ဒေါက်တာ ဆူရင် တယောက်ကတော့ ဒေါ်စု၏ အခန်းကဏ္ဍအပေါ် ချီးကျူးခန်း ဖွင့်နေခဲ့သည်။

“သူသည် မြန်မာတနိုင်ငံလုံး လူထုကို နိုးကြွလာအောင် လုပ်နိုင်သည့်သူဖြစ်ပြီး အာဆီယံ အဖွဲ့ကြီး အတွင်းရှိ ပြည်သူ များ၊ အထူးသဖြင့် အပယ်ခံ အောက်ဆုံးအလွှာအတွက် မျှော်လင့်ချက်လည်း ဖြစ်ပါ သည်။”

ထိုအချိန်ကတည်းက စ၍ ဒေါ်စုကလည်း အာဆီယံနှင့်စပ်လျဉ်းပြီး မိမိ၏အမြင်သဘောထားများကို ထုတ်ဖော် ပြောဆို နေခဲ့ပါသည်။ အာ ဆီယံ အခြေစိုက် ထိပ်တန်း စီးပွါးရေးသမားများနှင့် ဖေဖော်ဝါရီလ အတွင်း တွေ့ဆုံစဉ်က သူ၏ “ရိုးရှင်းသော ရည်မှန်းချက်” ဖြစ်သော မြန် မာနိုင်ငံ ထပ်မံဖွံ့ဖြိုး တိုးတက်လာပြီး နောက် ၁ဝ နှစ်အတွင်း အာဆီယံ နိုင်ငံအချို့ကို ကျော်တက် သွားသည်ကို မြင်လိုကြောင်း ပွင့် ပွင့်လင်းလင်းပင် ထုတ်ဖော် ပြောဆိုခဲ့ပါသည်။ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နောက်ပြန်မလှည့်ဘူး ဆိုလျှင်၊ လက်ရှိ ဒီမို ကရေစီ ပြုပြင် ပြောင်းလဲ ရေးလမ်းကြောင်း အတိုင်း ဆက်သွားနေ မည်ဆို လျှင် အနောက်နိုင်ငံက ချမှတ်ထားသော ပိတ်ဆို့ အရေးယူ မှုများကို ထိထိ ရောက် ရောက် ပြန်လည် ရုပ်သိမ်းလိုက်မည်ဆှိုလျှင် ဒေါ်အောင်ဆန်း စုကြည်၏ အိပ်မက် အမှန်တကယ် အကောင် အထည် ပေါ်လာ ပါလိမ့် မည်။

နောက်ကြောင်းကို ပြန်လည် သုံးသပ်ရမည်ဆိုလျှင် အာဆီယံခေါင်းဆောင်အချို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တောင်း ပန်ဘို့ လိုပါသည်။ ယခုလက်ရှိ သူ၏ အခန်းကဏ္ဍနှင့် အဆင့် အ တန်း ကိုထောက်ထားလျှင် သူ အကျယ်ချုပ်ကျနေစဉ် သူ့အပေါ် တချိန်က ပြောဆိုခဲ့သော ခြိမ်းခြောက်သည့် သဘောဆောင်သည့် မှတ်ချက်များ အတွက် တောင်းပန်ရန် လိုအပ်ပါသည်။ သူ မလွတ်မီ က ဆို လျှင် အာဆီယံ ခေါင်းဆောင်များသည် သူနှင့်တွေ့ဆုံရန် ကိစ္စကို ရှောင်ရှားခဲ့ကြပါသည်။ ဝန်ကြီးချုပ် ချွမ်လိပိုင် တဦးတည်းသာလျှင် သူ၏ ဝန်ကြီးချုပ်သက်တမ်း ၁၉၉၇ မှ ၂ဝဝဝ ခုနှစ်အတွင်း သူ့ကို ဒေါ်စုနှင့် တွေ့ခွင့်မပြုသည့် အတွက်ဆိုကာ မြန်မာနိုင်ငံသို့ သွားရောက် လည် ပတ်ရန် ငြင်းဆန်ခဲ့သည့် တဦးတည်းသော ထိုင်းဝန်ကြီးချုပ် ဖြစ်ပါသည်။ ၁၂ နှစ် ကြာပြီးမှသာ ချွမ်လိပိုင်သည် ဒေါ်အောင် ဆန်းစု ကြည်နှင့် ယခုနှစ်မှ ရန်ကုန်တွင် တွေ့ဆုံ နိုင်ခဲ့ ပါသည်။

အခက်အခဲနှင့် ပြဿနာများ ရှိနေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပင်ကိုယ် အားဖြင့် သူသည် အသွင် ပြောင်းလဲရေးအတွက် လုပ်ဆောင်နိုင်သော ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ ဥပဒေ စည်း ကမ်းအတိုင်းသာ လုပ်တတ် သူတဦးဖြစ်ကြောင်း၊ ရန်ဘက်များအပေါ် ရန်မလိုဘဲ စေ့စပ် ကြေအေးလို စိတ်သာရှိသူဖြစ်ကြောင်း ပြသနိုင်ခဲ့ပါသည်။ သူသည် အခြား အာဏာ ဆာလောင် မွတ်သိပ် နေသော အာ ဆီယံခေါင်းများနှင့်မတူ တမူခြားနားသူ ဖြစ်ပါသည်။ ထိုခေါင်းဆောင်များက မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီအ ခွင့်အလမ်း ပိတ်ပင်မှုများ ပြုလုပ်လေ့ ရှိကြ ပြီး မိမိတို့ တင်း တင်းကြပ် ကြပ်ချုပ်ကိုင်ထားသော အာဏာကို စီးပွါးရေးဖွံ့ဖြိုးမှုဖြင့် ကာကွယ် ထိန်းသိမ်းထား လိုသူများ ဖြစ်ကြပါသည်။

အာဆီယံ အဖွဲ့ကြီး၏ ဦးစီးပဲ့ကိုင် ခေါင်းဆောင်တဦးကို ဒေသတွင်းနိုင်ငံများ မြင်တွေ့ခွင့် ရမရ ဆိုသည်မှာမူအခြေအနေ များကို သူဘယ် လောက် လေ့လာနိုင်စွမ်းရှိသည် သူ၏ အခန်းကဏ္ဍကို နိုင်ငံ နယ် နိမိတ်ကို ကျော်လွန်၍ တည်ဆောက် ထားနိုင် မနိုင်ဆိုသည့် အချက် များ ပေါ်တွင် မူတည် နေပါသည်။

မည်သို့ပင်ဖြစ်စေ အတိုက်အခံ ခေါင်းဆောင်တဦးအနေဖြင့် သူ့ အဓိက လုပ်ကိုင်ရမည်မှာ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းကို တ ကယ် လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ကြောင်း ပြသနိုင်ရမည်ဖြစ်ပြီး သူ၏ နိုင်ငံသားများအတွက်လည်း စားဝတ်နေရေး ဖူလုံမှုကို ဆောင် ကြဉ်း ပေးနိုင်ရမည် ဖြစ်ပါသည်။

ထိုမှတဆင့်တက်၍သာ ဒေသတွင်း နိုင်ငံများနှင့် ပြည်သူများအတွက် သူ စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်ပါသည်။ ။

ကာဝီ ချုံကစ်တာဝုန် သည် အာရှရေးရာနှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဖြစ်သည်။

No comments: