Wednesday, May 30, 2012

မြန်မာဆန်နီ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

လင်းဘိုဘို | ဗုဒ္ဓဟူးနေ့၊ မေလ ၃၀ ရက် ၂၀၁၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ရှိ အထည်ချုပ် စက်ရုံတခုမှ စက်ရုံအလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆန္ဒပြနေကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်၊ ဦးထွန်းညိုလမ်းနှင့် ဦးခိန်လမ်းထောင့်ရှိ မြန်မာဆန်နီ အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁,၂၀၀ ဝန်းကျင်ခန့်သည် အ ခြေ ခံလုပ်ခလစာ တိုးမြှင့် ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းက စတင်၍တောင်းဆို ဆန္ဒပြနေခြင်း ဖြစ်သည်။

“အဓိက တောင်းတာ အခြေခံလစာကို ၃၀,၀၀၀ တိုးပေးဖို့။ ဒီမှာက နေ့ပြတ်ကို တရက် ၆၀၀ ဝန်းကျင်လောက်ပဲ အားလုံးရတယ်။ ဒီပိုက်ဆံနဲ့ အခု စားသောက်ကုန် ဈေးနှုန်းနဲ့က ကျနော်တို့ ဘယ်လိုမှ အဆင်မပြေဘူးလေ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဝန်ထမ်းတဦးက မဇ္ဈိမကို ပြော သည်။

စက်ရုံတွင် အမျိုးသားဝန်ထမ်း ၃၀၀ နီးပါးခန့်သာ ရှိပြီး ကျန်ဝန်ထမ်းများမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ စက်ရုံအလုပ်သမားများ အားလုံးသည် လှိုင်သာယာနှင့် အနီးဝန်းကျင်မှ နေ့စဉ် အလုပ် လာရောက် လုပ်ကိုင်သူများ ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက စတင်သည့် အလုပ်သမား ဆန္ဒပြမှုကို မဇ္ဈိမက ဆက်သွယ်မေးမြန်းချိန် နေ့လည် ၁၁ နာရီ ခွဲအချိန်အထိ အလုပ် သ မား ရေးရာ အပါအဝင် အစိုးရဌာန တာဝန် ရှိသူများ ဘက်မှ လာ ရောက် ဖြေရှင်း ပေးမှု မရှိ သေးကြောင်း သိရသည်။

No comments: