Sunday, May 27, 2012

အသက်ထက် ငွေကြေးက ပိုအရေးကြီးတဲ့ ကရင်နီပြည်က ခဲမြို့တော်

နှောင်းလှိုင်

မော်ချီး ခဲတွင်းရဲ့ မြင်ကွင်း တနေရာ (ဓါတ်ပုံ-ကေတီ)

တောင်အမြင့်ကြီးတွေပေါ်မှာ မိုးကာ အပြာရောင်လေးနဲ့ တဲအိမ်ငယ်လေးတွေဟာ တောင်ကမ်းပါးတွေမှာရော တောင်ကုန်းပေါ်တွေမှာပါ အထပ်လိုက် စီတန်းတက်လို့ ဆောက်ထားပါတယ်။ အဝေးကနေ လှမ်းမျှော်ကြည့်လိုက်ရင်တော့ သွားလာလှုပ်ရှားနေတဲ့ လူတွေ အနည်းအကျဉ်းကိုပဲ မြင်တွေ့ရမှာပါ။ တောင်ကမ်းပါးက မြေအောက် ခဲလှိုင်ကျင်းတွေထဲမှာကတော့ လူတစ်ထောင်လောက်ဟာ နေ့ရောညပါ မရပ်မနား အလုပ်ရှုပ်နေကြတာကို တွေ့မြင်ရသဖြင့် မျက်စိမှာ မယုံနိုင်စရာပါပဲ။

အမှန်ကတော့ ဒီနေရာဟာ ကရင်နီပြည် ဖားဆောင်းမြို့နယ်အတွင်းမှာ ရှိတဲ့ မော်ချီးဒေသက လိုခါးလိုရွာပဲ ဖြစ်ပါတယ်။ လိုခါးလိုရွာက လူထုတွေဟာ ဗြိတိသျှခေတ်ကတည်းက စတင်တူးဖော်ခဲ့တဲ့ ခဲသတ္တု တူးဖော်ရောင်းဝယ်တဲ့ လုပ်ငန်းကို အဓိက စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ရင်း ဘ၀ကို ရပ်တည်ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ ခဲတွင်းထဲမှာ ခက်ခဲစွာနဲ့ ခဲတူးနေကြတဲ့ အလုပ်သမားတွေဟာ ခဲကျင်း ထဲမှာပဲ လှုပ်ရှားနေထိုင်ရင်း မိမိတို့ရဲ့ အသက် အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ် ဆိုတာကို သိကြပေမဲ့ မိမိတို့ရဲ့ စားဝတ်နေရေးအတွက် ခဲတူးဖော်တဲ့ လုပ်ငန်းကိုပဲ အမှီတဟဲပြုပြီး လုပ်ကိုင် စားသောက် နေ ကြရပါတယ်။

လိုခါးလိုရွာက တောင်စောင်း တနေရာမှာ ပေါက်တူး၊ ပေါက်ပြားတွေနဲ့ ခဲတွေကို ၀ိုင်းတူးနေကြတဲ့ လူအုပ်ကြီး တစုကို မြင်တော့ မေးမြန်းကြည့်တဲ့အခါမှာ ၂၀၁၂ ခုနှစ် ဧပြီလ၂၄ ရက်နေ့တုန်းက ခဲကျင်း တခုထဲမှာ ၀င်ပြီး ခဲထုနေတဲ့ မောင်ချစ်ကို ဆိုသူဟာ ခဲတွင်း ပြိုကျလို့ ခဲကျင်းထဲမှာပဲ ပိခံနေရတယ်လို့ မောင်ချစ်ကိုရဲ့ သူငယ်ချင်း ဖြစ်သူ ရွှင်ပြုံးကို ကျမတို့ မေးမြန်းခဲ့ရပါတယ်။

̏ကျနော်က အထဲ ၀င်သွားပြီးမှ ပြန်ထွက်လာတာ။ ရှိတာက နှစ်ယောက်လုံးအတွင်းထဲမှာ ရှိတယ်။ ကျနော်က နောက်ပြန်ခေါက်လိုက်တာ။ သူ့ကို ထွက်ခိုင်းသေးတယ်။ ဒါပေမဲ့ နောက်က လူတော့ သေသွားတယ်။ အခုမှ စဖော်တုန်းပဲ ရှိသေးတယ်။ မကြာတော့ဘူး။ ၁ နာရီခွဲ ၂ နာရီလောက် ဆိုရပြီ” လို့ ရွှင်ပြုံးက ပြောပါတယ်။

ကျမတို့ မေးမြန်းပြီးနောက် အလုပ် ပြန်ဝင်သွားတဲ့ အချိန်မှာ မြေပြိုကျလို့ ရွှင်ပြုံးပါ ထပ်မံ သေဆုံးသွားခဲ့ပါတယ်။

မြေအောက် သတ္တုတွင်းထဲမှာ နေထိုင်တဲ့ တချို့သော လူတွေဟာ လနဲ့ ချီပြီး နေထိုင်အလုပ်လုပ်တာ ရှိသလို တချို့ကတော့ ပါတ်နဲ့ ချီပြီး နေထိုင်ပြီး အလုပ်လုပ်ကြတာတွေလည်း ရှိပါတယ်။ မိုးကာ အပြာရောင်နဲ့ မိုးထားတဲ့ အိမ်အောက်တိုင်းမှာလည်း ခဲထုနေကြတဲ့ လူကိုသာ တွေ့ရတတ်ပါတယ်။

̏ထုပြီးရင် စလောင်းနဲ့ ပြန်ဆေးပေါ့နော်။ ဆေးပြီးပြီဆိုရင် ခဲဖြစ်တယ်။ အဲဒါကို ကုမ္ပဏီနဲ့ ပြန်ရောင်းတယ်။ တဗူးကို ၇ ထောင်။ ဒါက ခဲရဲ့ မြေဇာပေါ့။ ပြန်ဆေး၊ ဆေးပြီးပြီဆိုရင် ကျောက်ကပ်လိုမျိုးပဲပေါ့။ ပြန်ဆေးပြီဆိုရင် ခဲပဲ ပြန်ဖြစ်တယ်လေ။ ကုမ္ပဏီနဲ့ ပြန်ရောင်းတယ်” လို့ ခဲအလုပ်သမ အမျိုးသမီး တဦးက ပြောပါတယ်။

မော်ချီးဒေသမှာ ခဲကျင်းအမှတ် ၁ ကနေ အမှတ် ၅ အထိ ခဲကျင်းကြီး ၅ ခု ရှိပြီး ကျင်းငယ်ပေါင်း ၃၀၀ ကျော်လောက် ရှိပါတယ်။ ခဲကျင်းဝင်ပေါက်တွေကို လူတရပ်စာလောက် ဖောက်လုပ်ထားပြီး အပေါ်က မြေပြို မကျအောင် သစ်တုံးတွေနဲ့ ထောင်ပြီး ထောက်ထားပါတယ်။ ခဲကျင်းထဲမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားနဲ့ အလုပ်သမတွေဟာ တနေ့ကို ၃ ထောင်ကျပ်ကနေ ကျပ် ၇ ထောင်အထိ လုပ်အားခ ရရှိကြပါတယ်။ ခဲကျင်းတကျင်းမှာဆိုရင် ပေတစ်ထောင်ကျော်လောက် ရှိတယ်လို့ ကျင်းပိုင်ရှင် တဦးက ပြောပြပါတယ်။

̏ခနနေဆို အေးသွားမှာ။ အခုက မောင်းခါစမို့လို့။ ခနတဖြုတ်ပါပဲ။ အခုက နာရီဝက် မရှိသေးဘူး။ ကျနော် မောင်းထားတာ။ ပူတော့ ပူတယ်။ အခု ပူပြင်းတဲ့ ရာသီ ဖြစ်လာမှ တော်တော်ပူသွားတာ။ မိုးတွင်းတော့ အဲလောက် မဆိုးဘူး။ ဒီကျင်းက ပေတစ်ထောင်ကျော်ပေါ့။ ပေတထောင်ကျော်ဆိုတော့ ဒီကနေ အပေါ်မှာ အတိုင်းအတာလောက် ရှိတယ်။ ဟိုကနေ ကြည့်ရင် မြင်ရတာပေါ့။”
ကရင်နီပြည် မော်ချီးသတ္တုတွင်းကို ၁၉၁၀ ခုနှစ် အင်္ဂလိပ်တို့ ဗမာပြည်ကို ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့စဉ်က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်ကတည်းက တူးဖော်ထားခဲ့တဲ့ ခဲကျင်းတွေဟာလည်း မော်ချီးဒေသခံတွေက ယနေ့တိုင် လုပ်ကိုင်စားသောက်နေကြတုန်းပဲလို့ ငယ်ငယ်ကတည်းက လုပ်ကိုင်လာပြီး အခုချိန်မှာ ပင်စင်ယူသွားပြီ ဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးစောတီဟဲက ပြောပါတယ်။

̏မော်ချီးမှာကတော့ ဖတီ ငယ်ငယ်ကတည်းက အခုအချိန်ထိပေါ့။ ဒီဒေသမှာ များသောအားဖြင့် ခဲသတ္တုတွေ လုပ်ကိုင်ကြတယ်။ သတ္တုလုပ်ငန်းနဲ့ ပတ်သက်ပြီး အင်္ဂလိပ်လက်ထဲမှာကတည်းကပေါ့။ အဲဒီတုန်းက ဖတီ ငယ်သေးတယ်။ ဖတီ ၆၈ ခုနှစ်မှာ ဒီမော်ချီးမှာ လုပ်တယ်။ အဲဒီအချိန်တုန်းက သိရသလောက် မော်ချီးဒေသမှာ သတ္တုလုပ်ငန်းက အဓိက အခြေခံကျတယ်။”
မော်ချီးဒေသက လိုခါးလိုရွာမှာ နေထိုင်တဲ့ ဒေသခံတွေဟာ ဆန် စပါး စိုက်ပျိုးလုပ်ကိုင်ဖို့ မဖြစ်တဲ့အတွက် အဓိက ခဲလုပ်ငန်းပဲ လုပ်ကိုင်ကြရတာ ဖြစ်ပြီး ဈေးဆိုင်တွေဟာလည်း ခဲကုမ္ပဏီနဲ့ အလုပ်သမားတွေအပေါ် အမှီပြုပြီး ဈေးရောင်းနေကြရတယ်လို့ လိုခါးလို ရပ်ကွက် ၄ က ဒေါ်တင်ယုက ပြောပါတယ်။

̏လုပ်ငန်းအပေါ်မှာပဲပေါ့။ လုပ်ငန်းအဆင်ပြေရင်လည်း ဈေးသည်သမားလည်း အနည်းအကျဉ်း ရောင်းရတာပေါ့။ လုပ်ငန်း အဆင်မပြေရင်လည်း ဈေးသည်လည်း အဆင်မပြေဘူး။ ရောင်းစားရတာ အဲလိုမျိုးပေါ့။ ခဲကတော့ ကြုံတဲ့ အခါတော့ လုပ်တယ်။ နေကောင်းကျန်းမာရင်ပေါ့နော်။ အရင်တုန်းကတော့ လုပ်ခဲ့တယ်။ အခုတော့ မလုပ်ဘူးပေါ့နော်။ အခုတော့ နားနေတယ်။ လုပ်နိုင်တဲ့ချိန်တော့ ဟိုသွားလိုက်၊ ဒီသွားလိုက် အဆင်ပြေသလိုပေါ့။ မော်ချီးမှာ ဒီအလုပ်ပဲ ရှိတာ။ ဒီဟာ မလုပ်ရင် ဘယ်ဟာ သွားလုပ်စားရမလဲ။”
မော်ချီးမြို့က လူတွေဟာ ခဲလုပ်ငန်းကိုပဲ အဓိက စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ကြတာ ဖြစ်ပြီး လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေး ဖြစ်ထွန်းမှုလည်း ကောင်းလှပါတယ်။ ကုန်တင်ကားတွေဟာလည်း နေ့စဉ်ရက်ဆက်ဆိုသလို ၀င်ရောက်လေ့ရှိပါတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေးကတော့ အလွန်ဆိုးရွားနေတယ်လို့ ဦးစောတီဟဲက ပြောပါတယ်။

ခဲတွေကို ဆေးကြောနေတဲ့ မော်ချီးက ဒေသခံ အမျိုးသမီးတွေ (ဓါတ်ပုံ-ကေတီ)

̏အဲဒါ ဖတီ စိတ်ထဲမှာ ကြိတ်မှိတ်ပြီးတော့ ခံပြင်းနေရတာပေါ့။ ဘာလို့လဲဆို အဲဒါ အစိုးရ လက်ထက်၊ အရင် အစိုးရလက်ထက်ကတည်းက အဲလိုပဲ။ ဖတီလည်း မကြာမကြာ ပြောတယ်။ ဒီမော်ချီးမှာ သတ္တု သလောက် ထွက်တာ သတ္တုနဲ့ ပတ်သက်တာ နိုင်ငံခြား ၀င်ငွေ အများကြီး ရမယ်လို့ ထင်တာပဲ။ သို့ပေမယ့်လည်း ဒီမော်ချီးအတွင်းမှာ ပြုပြင်မှု ဆိုတာ မရှိသလောက်ပါပဲ။ ဆိုလိုတာ အဓိကလမ်း၊ မော်ချီးကလမ်း မပြီစီးသေးဘူး။ ဒါတွေသည် ဘာကြောင့်လဲဆိုတာ အားလုံးစဉ်းစားရင် သဘောပေါက်ပါတယ်။ ဒီသတ္တုပြီးရင် သူတို့ကလည်း ရှိမှာ မဟုတ်ဘူး ဆိုတာပဲ။”

အရင်စစ်အစိုးရရော၊ အခုလက်ရှိ အစိုးရလက်ထက်မှာပါ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်ပေးမှု မရှိဘူးလို့ လိုခါးလိုရွာက အသက် ၃၇ နှစ်အရွယ် စောအော်ကော်ထူးက ပြောပါတယ်။

̏လုပ်ငန်း အရည်အချင်း တအားညံ့တယ်လေ။ ဖြစ်သလိုလုပ်တာ။ အင်္ဂလိပ်ခေတ်တုန်းကလေ ဒီချောင်းကိုလေ ရေသွယ်တာ နှစ်ပေါင်း ၃၊ ၄ ဆယ်တောင် မပျက်ဘူး။ အခု ကျနော်တို့ ကျင်းလုပ်တာနော့်။ ကျနော် ကျင်းနားတာတော့ ကြာပြီ။ နေမကောင်းလို့ ဒါပေမဲ့ မိုးတွင်းကျရင် ပျက်ပါလိမ့်မယ်။ ရေအားလျှပ်စစ်လေ။ မီးမလာဘူး။ ဘာလို့လဲဆို ဒီအစိုးရဟာ အလုပ်လုပ်တယ်။ ဒါပေမယ့် စေတနာမပါဘူး။ ဖြစ်သလိုပဲ။ သူတို့ ပြောတာတော့ ဒီမှာ သတ္တုကို လာထုတ်မယ်။ အကျိုးအမြတ်ရမယ်။ ဒေသခံတွေကို ဖွံ့ဖြိုးစေရမယ်။ အဲလိုရည်မှန်းချက်နဲ့ လုပ်တာ။ ဒါပေမဲ့ လက်ရှိ ဒါလုပ်တာ နှစ်ပေါင်းတော်တော်ကြာပြီ။ ဒီမှာ ဖွံ့ဖြိုးရေး ဆိုတာ သိပ်အကောင်အထည် မရှိဘူး။”
အခုလက်ရှိ မော်ချီးဒေသမှာ လုပ်ကိုင်နေကြတဲ့ ခဲလုပ်ငန်း ကုမ္ပဏီတွေကတော့ ရဲထွန်းကျော် ကုမ္ပဏီ၊ KNPC ဦးပိုင် ကုမ္ပဏီ၊ ကရင်နီအမျိုးသား သွေးစည်းညီညွတ်ရေး KNSO ကြယ်ဖြူတို့ ဖြစ်ပြီး အစိုးရ ဈေးနှုံးနဲ့ဆိုရင် တစ်ပိဿာကို ၇ ထောင်နဲ့ ရောင်းရပြီး မှောင်ခိုဈေးမှာ ရှစ်ထောင်ကနေ တစ်သောင်းအထိ ရောင်းဝယ်နေကြပါတယ်။ မော်ချီးဒေသကနေ ထွက်ရှိတဲ့ ခဲတွေကို အဓိက တရုတ် နိုင်ငံဘက်ကို တင်သွင်းကြပါတယ်။

မော်ချီးမြို့က ခဲတွင်းတွေမှာ မြေပြိုကျပြီး မကြာခဏ သေဆုံးခဲ့ကြရတဲ့ ခဲအလုပ်သမားတွေဟာ ကရင်နီပြည်က ဒေသခံတွေအပြင် အများအားဖြင့် ကျောက်ပန်းတောင်း၊ မုံရွာ၊ နတ်မောက်နဲ့ ထားဝယ်က နေလာတဲ့ တိုင်းရင်းသားတွေကလည်း လာရောက်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

ကရင်နီပြည် မော်ချီးဒေသက မော်ချီးမိုင်းဟာ အန္တာရယ် ကြီးမားလှပါတယ်။ ဒါပေမဲ့ ဒေသခံ လူထုတွေကတော့ မိမိတို့ ၀မ်းစာရေးအတွက် ခဲကို တွေ့ပြီ ဆိုတာနဲ့ အန္တာရာယ်ကို မမြင်တော့ဘဲ အသက်ကို စွန့်သွားရတဲ့ လူတွေလည်း မနည်းတော့ဘူးလို့ ဒေသခံတွေက ကျမတို့ကို ပြောပြကြပါတယ်။

No comments: