Thursday, May 31, 2012

စံပြကျေးရွာ တည်ဆောက်၍ ငြိမ်းချမ်းရေး ကူညီဆောင်ရွက်ရန် နော်ဝေးစီစဉ်

မွေခေါဝ်

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် အစိုးရစစ်တပ်တို့ကြား ငြိမ်းချမ်းရေးရရှိအောင် စံပြကျေးရွာ တည်ဆောက်၍ ကူညီ ဆောင် ရွက် သွားရန် နော်ဝေးနိုင်ငံက စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

နော်ဝေးနိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီး Mr. Torgeir Larsen နှင့်အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်မှ အဲန်ဂျီအိုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် မြန်မာသတင်းမီဒီယာများအား ဖိတ်ခေါ်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၏ အပစ်ရပ်ကိစ္စနှင့် ပတ်သက်၍ မေလ ၃၀ ရက် ညနေပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ ၂ နာရီကြာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

“အစပ်းသဘောမျိုးနဲ့ စ-လုပ်ပေးမှာက ကရင်နဲ့ အစိုးရစစ်တပ်တို့ကြားပေါ့။ အပစ်ရပ် တည်တံ့ခိုင်မြဲဖို့ အတွက် Model village တည်ပြီး နှစ် ဖက် ပစ်ခတ်တာ မရှိဘဲ အဲဒီမှာ အစိုးရတပ်၊ ကချင်တပ်နဲ့ ပြည် သူတွေ (စစ်ပြေးဒုက္ခသည်) စုပေါင်းနေထိုင်မယ်။ နောက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့မယ်။ နောက် အသက်မွေးဝမ်းကြောင်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးမယ်လို့ ပြောတယ်” ဟု သတင်းစာ ရှင်း လင်းပွဲ တက်ရောက် ခဲ့သူ တစ်ဦးက ပြောပါသည်။

စံပြကျေးရွာ(Model village) တည်ဆောက်ရန် ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့ကို ရွေး ချယ်ထားကြောင်း၊ ကျောက်ကြီးမြို့ကိုလည်း သွားရောက်လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ ရထားပို့ဆောင် ရေး ဝန်ကြီး ဦးအောင်မင်း အား ဦးစီးလုပ်ဆောင်သွားစေမည်ဖြစ်ကြောင်း ဆို၏။

“Top-Down စနစ် ကျင့်သုံးတဲ့ သဘောဘဲ။ ထောက်ပံ့တာတွေ အစိုးရကို မပေးဘဲ အဲန်ဂျီအိုတွေကို ပေးမယ်။ အဲန်ဂျီအိုကနေတဆင့် ဒုက္ခ သည်တွေကို ကူညီမယ်လို့ ပြောတယ်။ အဲန်ဂျီအိုက ဘယ်အဖွဲ့ လည်းလို့ မေးတော့ Myanmar Egress တဲ့ဗျာ” ဟု ၎င်းက ဆက်ပြော ပါသည်။

နော်ဝေးနိုင်ငံ၏ အပစ်ရပ် ငြိမ်းချမ်းရေး အကူအညီ အစီအစဉ်နှင့် ပတ်သက်၍ အဲန်ဂျီအိုဝန်ထမ်းတစ်ဦး ကလည်း ဤကဲ့သို့ သုံးသပ်ပါသည်။

“ဒီအစီအစဉ်ဟာ ဒုက္ခသည်တွေအတွက် ကြီးမားတဲ့ အန္တရာယ်ဘဲ။ IDP အတွက် စားနပ်ရိက္ခာ နေရာ ထိုင်ခင်း စတာတွေ ကူညီနေတာကို ဖြတ် တောက်လိုက်တော့ ဒုက္ခ သည်တွေလည်း အဲဒီ Model Village မှာ သွားနေရတော့မှာဘဲ။ အဲဒီမှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တို့ မပစ် ခတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် သူတို့လည်း အပြည့်အ၀ တာဝန် မယူပေး နိုင်ဘူး။ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ လုပ်ပေးမယ်ဆိုတာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ သဘောလည်း သက်ရောက်နေတယ်။”

နော်ဝေးနိုင်ငံက ပြည်တွင်းဒုက္ခသည် IDP အတွက် အကူအညီများအား ဖြတ်တောက်လိုက်သဖြင့် IDP များအား ကူညီနေသည့် အဲန်ဂျီအိုအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ကျေနပ်ခြင်းမရှိဟု ဆို၏။

ဒုက္ခသည်များအား ကူညီပေးနေသည့် အဲန်ဂျီအိုဝန်ထမ်းတစ်ဦးကလည်း “မြန်မာစစ်တပ်ကဘဲ ဖြတ် ၄ ဖြတ် လုပ်တာမဟုတ်ဘူး။ နော်ဝေးက လည်း ဖြတ် ၄ ဖြတ် လုပ် တယ်ဗျ” ဟု ပြောပါ သည်။

နော်ဝေးနိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မေလ ၂၈ ရက်၌ ကျောက်ကြီးမြို့၌ KNU အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ သည်။

No comments: