Tuesday, May 29, 2012

ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်းသွားရန် မသေချာသေး

စောခါးစူးညား (ကေအိုင်စီ)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းအတွင်းသို့ သွားရောက် မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယနေ့အထိ မသေချာ သေးကြောင်း ကရင်ဒုက္ခသည်ကော်မတီ KRC က ပြောသည်။

မေလ ၃၀ ရက်မှ ဇွန်လ ၁ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြု လုပ် မည့် ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲ-WEF တွင် ဒေါ်စုက တက် ရောက် သည့်အခါ မယ်လစခန်းသို့ သွားရောက်မည်ဟု သတင်း ထွက်ပေါ် နေသော် လည်း ထိုင်းအာဏာပိုင်ဘက်မှ ၎င်းတို့ကို အတည်ပြုပြော ဆိုခြင်း မရှိသေး ဟု KRC အတွင်းရေးမှူး စောဂျော့က ကေအိုင်စီသို့ ပြောသည်။

“ဒီမနက်ပဲ ဒုက္ခသည်တွေကို လုံခြုံရေးယူပေးနေတဲ့ ထိုင်းအာဏာပိုင်ကို မေး ကြည့်တော့ သူတို့က အတည်မပြုနိုင်ဘူး။ မဲဆောက်ကို လာဖို့ တော့ အတည် ပြုနိုင်တယ်။ ၉၉ရာခိုင်နှုန်းလောက် လာဖို့များ တယ်။” ဟု ပြောဆို သည်။

KRC က ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (National Security Council-NSC)အား ဒေါ်အောင်ဆန်းစုကြည် မယ်လသို့ သွားမသွား ဆို သည်ကို ဆက်သွယ်မေးကြည့်ရာ အတည် မပြုနိုင် သေး ကြောင်း နှင့် မည်သည့်အကြောင်းကြောင့် ဖြစ်ကြောင်းကို မသိရသေးဟုသာ ပြန်လည် တုန့်ပြန်ခဲ့သည်ဟု သူက ဆက်ပြောသည်။

မယ်လဒုက္ခသည်စခန်း၏ လုံခြုံရေးမှူး စောအားမူက “(ဒေါ်စု)လာမယ်လို့တော့ သတင်းထွက်နေတာပဲ။ တကယ်လာမယ်ဆိုရင်တော့ KRC က ကျနော်တို့ကို ကြိုတင် အကြောင်းကြားလာရမယ်။ အခုက ဘာမှ အကြောင်းကြားလာတာ မရှိသေးဘူး။ လာမလာ အခြေအနေ စောင့် ကြည့်ရ ဦးမယ်။”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူဦးရေ ၅သောင်းနီးပါး နေထိုင်သည့် ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်း ၇ခုအနက် အကြီးဆုံး စခန်း ဖြစ်သည့် မယ်လဒုက္ခသည်စခန်းသို့ မေလ ၃၀ရက် သို့မဟုတ် လာမည့် ဇွန်လ ၂ရက်နေ့တွင် သွားရောက်ရန်ရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအ တွင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခုနှစ်နောက်ပိုင်းမှစ၍ နေအိမ်အကျယ်ချုပ်ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၀ခုနှစ်က နောက်ဆုံး နေအိမ် အကျယ်ချုပ်မှ ပြန်လွတ်မြောက်၍ တနှစ်ကျော်အကြာတွင် ယခုလို ပထမ ဆုံး ပြည်ပခရီးစဉ်ကို စတင် ထွက်ခွာခြင်းဖြစ်သည်။

No comments: