Monday, September 17, 2012

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ

မိုးဇော်

ရခိုင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်ဖြင့်ရောက်ရှိလာသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင် ခရီးစဉ်အတွင်း ပြည်သူ များကို ဆဲဆိုကြိမ်းမောင်းကာ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင်ဆိပ် ကမ်းသို့ အရပ်ဖက်သုံး အမြန်ရေယာဉ်တစ်စီးနှင့် ရောက်ရှိ လာစဉ် ဆိပ်ကမ်းတွင် ကြိုနေသူများထဲမှ ဒေသခံတစ်ဦးက ဖုန်းဖြင့် မှတ်တမ်း ဓါတ်ပုံရိုက် ယူခဲ့ ခြင်းနဲ့ ပတ်သက်၍ ကြိုဆိုသော ဒေသခံများအား ကြမ်းကြုတ်သော စကားလုံးများနှင့် ဆဲဆိုခဲ့ ကြောင့် သိရသည်။

ဦးမောင်ဦးဟာ စပီးဘုတ်နဲ့ လာမယ်ကြားလို့ ဆိပ်ကမ်းမှာ ရဲတွေ၊ မြို့နယ်မှူး၊ စခန်းမှူး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် လူထုတွေက ကြို ဆိုနေကြတယ်။ အဲဒါကို လာပြီးတော့ အစအနမရှိဘဲနဲ့ ဆဲဆိုပါ တယ်။ ဦးမောင်သောင်းဆိုတဲ့ ပုဂ္ဂိုလ် က ဦးဝေကျန်အောင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ဓါတ်ပုံရိုက်ပါတယ်။ ဦး မောင်ဦးဟာ ငါ့ကို ဘာကြောင့် ဓါတ်ပုံရိုက်တာလဲ။ ဘယ်သူ့အာဏာနဲ့ ရိုက် ခိုင်းတာလဲ။ ဒီလူကို ဖမ်း ပေးပါ။ မင်းတို့က ဘယ်ကောင်လဲ။ မင်းတော့ ဒီလိုလုပ်လို့ရမလား။ ဟေး ရဲတွေ ဒီကိုလာဒီကောင် ကိုဖမ်းပေးပါ။ သင်္ဘော ဆိပ်ကမ်းဘေးမှာ ဦးထွန်းသာစိန် အသုဘရှိပါတယ်။ အသုဘမှာလည်း လူ တွေအများကြီးရှိပါတယ်။ လူများတဲ့ဘက်ကို လှည့် ပြီး တော့ အရုပ်ဆိုးတဲ့ စကားလုံးများကို သုံးပြီး ဆဲဆိုပါတယ်။ ကျနော်ကလည်း အသုဘ မှာရှိပါတယ်။ အပြင်ကိုထွက်ပြီးတော့ ကျနော် က ဦးမောင်ဦးကို တောင်းပန်ပါတယ်။ လူကြီးတစ် ယောက်အနေနဲ့ အဲလိုမပြောပါနဲ့ ဒီမှာလဲ အ သုဘဖြစ်နေပါတယ်။ အသုဘဖြစ်တဲ့အ တွက် လူတွေကလည်း စိတ်ညစ်နေကြပါ တယ်။ အဲလိုမျိုးပြောလိုက်တော့ ဦးမောင်ဦးဟာ နည်းနည်း ထိန်းသိမ်းသွားပါတယ်။ ပြဿနာ ကတော့ ထပ်ပြီးတော့ မဖြစ်ပါဘူး။ ဦးမောင် သောင်းဖုန်းကိုတော့ သိမ်းထားလိုက်ကြပါတယ်။ " ဟု ရသေ့ တောင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက အခုလို အာရ်ကန်တိုင်းမ်စ်ကို ပြောသွားပါတယ်။

ဦးမောင်ဦး အရုပ်ဆိုးစွာ ကြိမ်းမောင်း ဆဲဆိုသွားတဲ့အပေါ်မှာ ရသေ့တောင် လူထုအနေနဲ့ ဦးမောင်ဦးအ ပေါ်မှာ ဘယ်လိုသဘောထား ရှိ နေ ကြသည်ကို ဆက်လက်ပြီး ဦးလှမောင်သိန်းက ပြောသွားသည်။

" လူကြီးတစ်ယောက်ဖြစ်ပြီးတော့ အရုပ်ဆိုးစွာ လူကြားမကောင်းတဲ့ အသံမျိုးနဲ့ ဆဲဆိုသွားတာဆို တော့ ရသေ့တောင် ပြည်သူလူထုအနေ နဲ့ အ ရမ်းစိတ်မကောင်းဖြစ်ကြတာပေါ့။ အံ့သြသွားကြတာပေါ့။ ဒီလို မျိုးမဖြစ်သင့်ပါဘူး။ လူကြီး အင်္ဂါရပ်နဲ့ မညီညွတ်ပါဘူး။ " ဟု သိရသည်။

ဦးမောင်သောင်းက တကယ်တမ်းရိုက်သောဓါတ်ပုံမှာ ဦးမောင်ဦးမဟုတ်ဘဲ ဦးမောင်ဦးဘေးမှာ ထီးမိုး ပေးသော ဦးဝေကျန်အောင်ဖြစ် သည် ကို သိရပြီး သူတို့နှစ်ယောက်မှာ သူငယ်ချင်းတွေဖြစ်ကြပြီး ရဲသား ဘဝမှ နုတ်ထွက်သွားကြသော ပုဂ္ဂိုလ်များလည်းဖြစ်သည်ကို ဦးလှမောင် သိန်း ပြောပြချက်အရ သိရသည်။

" ကျနော်တို့က ဘာလုပ်လို့ရမှာလဲဗျာ။ သူတို့တွေက အာဏာရှင်ဖြစ်တယ်လေ။ သူ့လက်ထဲမှာပဲ အာဏာပါဝါ အပြည်ညအဝရှိပါတယ်။ အမှန် ကိုပြောရင် မကောင်းမြင်မှာစိုးရိပ်ရပါတယ်။ ကျနော်တို့ရခိုင်တွေက ကျွန်ဖြစ်ပါတယ်။ ကျွန် က သခင်ကို လုပ်လို့မရဘူးလေ။ " ဟု ဦးမောင်ဦး ဆဲဆိုသံကို ကြားလိုက်ရတဲ့ သင်္ဘောဆိပ်ကမ်းမှ မိုးပုလဲ လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးမောင်သန်းတိန်က သူ့ရဲ့ သဘောထား ကို ပြောသွား သည်။

No comments: