Thursday, September 6, 2012

ငါးထောင်တန် ငွေတု သိန်းလေးဆယ်ကျော် ကော့သောင်းတွင် ဖမ်းမိ

ကောင်းဝါ

မဝေယံဖြိုး (အင်္ကျီအနက်ဝတ် အမျိုးသမီး) ကို ဖမ်းဆီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က ရဲစခန်းတွင် တွေ့ရစဉ်။ (ဓါတ်ပုံ - Than Tun/ Kaowao)

ကျပ်ငွေအတုဖြင့် ဝယ်ယူမှုနှင့် လက်ဝယ်ထားရှိမှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့တွင် အေးရိပ်ငြိမ် ရပ်ကွက်နေ မဝေယံဖြိုးကို အဏ္ဏဝါ ရပ်ကွက်ရှိ ရွှေဆိုင်တဆိုင်တွင် နယ်ထိန်းရဲများက ဖမ်းဆီးခဲ့သည်။

“ဒီကောင်မလေး လိုက်ဝယ်ထားတာ မနည်းဘူး။ အခုဆို ကော့သောင်းမှာ ငါးထောင်တန်ဆို မကိုင်ရဲလောက်အောင် ဖြစ်နေတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က အတုလား အစစ်လား ခွဲခြား မတတ်ဘူး” ဟု ကော့သောင်း ဒေသခံ တဦးက ပြောသည်။

ကော့သောင်း ရဲစခန်းနှင့် နီးစပ်သူများ၏ အဆိုအရ ဖမ်းဆီးရမိသည့် ငွေစက္ကူ အတုများကို အသက် ၂၄ နှစ်ခန့်ရှိ မဝေယံဖြိုးနှင့် အပေါင်းပါ အမျိုးသမီးတဦးက ထိုင်းနိုင်ငံမှ သယ်ဆောင်လာခြင်း ဖြစ်ပြီး၊ ၎င်းတို့မှာ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ကာ၊ ကျန်တဦးမှာ တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

မဝေယံဖြိုးကို စက်တင်ဘာလ ၃ ရက်နေ့တွင် စတင်စစ်ဆေးနေပြီး လက်ရှိတွင် ကော့သောင်း မြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

မဝေယံဖြိုးနှင့်အတူ ငွေစက္ကူအတုများကို ဖမ်းဆီးရမိသည်မှာ ဟုတ်မှန်ကြောင်းနှင့် မကြာမီ အဖြစ်အပျက် အသေးစိတ်ကို သိရှိရမည် ဖြစ်ကြောင်း ကော့သောင်း မြို့မရဲစခန်း က ပြောသည်။

No comments: