Wednesday, September 19, 2012

ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့် ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)မှ သဘောထားကြေ ငြာချက် ထုတ်ပြန်

မင်းသွီး

ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများ၏ လူမှုဘ၀ဖူလုံမှုနှင့် ငြိမ်း ချမ်းသာယာမှုမရှိသေးကြောင်း ရခိုင်သင်္ဃာ့သမဂ္ဂ (RSU)မှ သဘောထား ကြေငြာချက်ထုတ်ပြန်လိုက်သည်။

ဗြိတိသျှလက်ထက်ကတည်းကပင် ဆရာတော်ဦးဥတ္တမမှအစ ယနေ့အချိန်အထိ မြန်မာနိုင်ငံရေးတွင် သင်္ဃာတော်များသည် ဒါယကာ၊ ဒါယ ကာမများ ကြုံတွေ့ခံစားနေကြရသော ဆင်းရဲဒုက္ခများမှ လွတ်မြောက်စေရန် အကြမ်းမဖက် အနုနည်းများဖြင့် ကြိုးပမ်းဆောင်ရွက် ခဲ့ကြပြီး၊ ဓမ္မဘက်မှ အမြဲတမ်းမားမားမတ်မတ် ရပ်တည်လှုပ်ရှားသွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။

"ရွှေဝါရောင်တော်လှန်းဆိုတာကို မမေ့ဖို့အတွက် မြန်မာ ပြည်သူ၊ ပြည်သားတိုင်းမှာ တာဝန်ရှိတယ် လို့ ဦးဇင်းတို့မြင်ပါတယ်။ ဘာလို့လည်း ဆိုတော့ လွတ်လပ်ရေးကြိုးပမ်းခေတ် ဗြိတိသျှတို့လက်အောက်မှာ မြန်မာနိုင်ငံသားတွေကို ဆရာ တော်ဦးဥတ္တမက စလို့ နိုင်ငံရေးမျက်စိဖွင့် ပေးခဲ့တာ။ အဲဒီတော့ လွတ်လပ်ရေးသန္တေအမြူဟာ ဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍကနေ စလာ တယ်လို့ ဦးဇင်းတို့ကပြောချင်ပါတယ်။ ဆရာ တော်ဦးဥတ္တမစခဲ့လို့ သင်္ဃာ့သမဂ္ဂီတွေ မြောက်မြားစွာပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အဲဒီ လို သမဂ္ဂီတွေပေါ်ပေါက်လာခဲ့တဲ့နောက်ပိုင်းမှာ ဒီနေ့အချိန်ထိ မြန်မာနိုင်ငံမှာ နှစ်ပေါင်း၉၀ကျော်တိုင်အောင် သင်္ဃာ့လှုပ်ရှားမှုတွေဟာ ရှိ နေသေးပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာ မည့်သည့်အုပ်ချူပ်သူမဆို ပြည်သူတွေအတွက် တရားမျှတမှုမရှိသမျှ ကာလပတ် လုံး သင်္ဃာတွေဟာ ဓမ္မဘက်ကနေ မားမားမတ်မတ်ရပ် တည်လာပြီးတော့ အုပ်ချူပ်သူလူတန်းစားတွေကို တွန်းလှန်ပေးရမှာဖြစ်ပါတယ်။ ဒါယကာ၊ဒါယကာမညိုးနွမ်း ရင်သာသနာလည်း ညိုးနွမ်း တယ်ဆိုတဲ့စကားလိုပေါ့..။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ အဓမ္မအုပ်ချူပ်သူတွေ ရှိနေသမျှကာလပတ်လုံး သင်္ဃာ့အခန်းကဏ္ဍဆိုတာ ဘယ် လောက်အရေးကြီးတယ်ဆိုတာကို အမှတ်ရစေဖို့အတွက် ဒီထုတ်ပြန်ကြေငြာ ချက်ကိုထုတ်ပြန်ရခြင်းဖြစ်တယ်။"ဟု ရခိုင်သင်္ဃာ့သမဂ္ဂ (RSU) ဥက္ကဌ ဆရာတော် ဦးသီဟမှ မိန့်ကြားသည်။

ဗုဒ္ဓသာသနာသည် လွတ်လပ်ခွင့်မရှိဘဲ အစိုးရအလိုကျဖွဲ့စည်းထားသော သင်္ဃာ့မဟာနာယကအဖွဲ့ကိုဖျက်သိမ်းပေးဖို့ကိုလည်း ကြေငြာ ချက် တွင် တောင်းဆိုထားသည်။

"မြန်မာနိုင်ငံမှာရှိတဲ့ သင်္ဃာ့မဟာနာယကနဲ့ ဒါယကာ၊ ဒါယကာမတွေရဲ့ ဒုက္ခတွေကို တွန်းလှန်ပေး နေကြတဲ့ သင်္ဃာ့ထုတွေကြားမှာ အစိုးရ ကသွေးထိုးလှုံ့ဆော်မှုတွေပေးနေတာတွေရှိတယ်။ ရှင်းရှင်းပြောမယ်ဆိုရင် သင်္ဃာ့မဟာနာယ ကဆိုတာ အစိုးရ ရဲ့လက်ကိုင်ဒုတ်ဘဲဖြစ် တယ်လို့ ဦးဇင်းတို့ကမြင်တယ်။ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာဘဲကြည့်လေ ပက္ခူမှာ သင်္ဃာတွေကိုဓါတ်တိုင်မှာကြိုးချည်ပြီးရိုက် တာကို သင်္ဃာ့မဟာနာယက သင်္ဃာတွေက ထောက်ခံခဲ့တယ်။ ဒါကြောင့် သင်္ဃာ့မဟာနာယ ကမှာရှိတဲ့ သင်္ဃာတော်တွေအနေနဲ့ နိုင်ငံတော် အစိုးရလက်အောက်က အသုံးချခံဘ၀မျိုးနဲ့မဟုတ်ဘဲ ဒါယကာ၊ ဒါယကာမတွေဘက် က၊ ဓမ္မဘက်ကရပ်တည်ပြီးတော့ ဗုဒ္ဓသာသနာကို လွတ် လပ်တဲ့သာသနာတော်ဖြစ်အောင် ကြိုးပမ်းဖို့လိုအပ်ပါတယ်။ သာသနာ့အဖွဲ့အစည်း ဆိုတာ မည့်သည့်အုပ်ချူပ်မှုအောက်မှာမှ မရှိဘဲ လွတ်လပ် တဲ့သာသနာဖြစ်ဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ဦးသိန်းစိန်အစိုးရအနေနဲ့ ဒီသ ဃာ့မဟာနာယကကို ဖျက်သိမ်းပေးဖို့ ဦးဇင်းတို့က တောင်းဆို ရတာပါ။"ဟု ဆရာတော် ဦးသီဟမှ ဆက်မိန့်သည်။

၂၀၀၇ခုနှစ် စတင်ဘာလတွင် စက်သုံးဆီဆေးနှုန်းများ မြင့်တက်ခဲ့၍ လမ်းလျှောက်ဆန္ဒပြရာမှ စတင်ခဲ့သော ရွှေဝါတော်လှန်ရေး(၅)နှစ် ပြည့် သွားပြီ ဖြစ်သော်လည်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခြင်းများ နည်းပါးလျက်ရှိကြောင်း သိရှိရသည်။




ရွှေဝါရောင် တော်လှန်ရေး (၅) နှစ်ပြည့်မြောက် သဘောထား ထုတ်ပြန်ကြေငြာချက်
ထုတ်ပြန်- ၅ /၂၀၁၂

နေ့စွဲ-၂၀၁၂ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်။

"အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာဆိုသည့်" စကားအရ စားဝတ်နေရေး အတိဒုက္ခ ရောက်နေကြသော မြန်မာပြည်သူ ပြည်သားများ သက်သာ ရာသက်သာကြောင်းအလို့ငှာ သံဃာတော်များသည် မေတ္တာ၊ ကရုဏာထား ၍ ငြိမ်းချမ်း စွာ စီတန်းလမ်းလျှောက် လှုပ်ရှားခဲ့ရာမှ ဖြစ်ပေါ်လာ သော (၂၀၀၇) ခုနှစ် ရွှေဝါရောင်တော်လှန်ရေးသည် ယခုဆိုလျှင် (၅) နှစ်မြောက်သို့ ရောက်ရှိလာပြီးဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေ အနေတွင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုသည် မြန်မာ ပြည်သူပြည် သား အခြေခံလူတန်းစားများ၏ ဘ၀ဖူလုံမှုနှင့် ငြိမ်းချမ်းသာယာမှုတို့ကို ပေး စွမ်းနိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသူ နိုင်ငံသား ဒါယကာ/ဒါယိကာမများ ကြုံတွေ့နေကြရသော အထွေထွေဆင်းရဲဒုက္ခတို့မှ လွတ်မြောက်စေရန် မေတ္တာပွါးကာ စီ တန်းလှည့်လည်ကြွချီကြသော သံဃာတော်များကို ရက်စက်စွာ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မြန်မာ နိုင်ငံ၌ သံဃာ့လှုပ်ရှားမှု သမိုင်း မှတ် တိုင်ကြီးတစ်ခု တိုးလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အဓမ္မ၀ါဒီ အုပ်ချုပ်သူ လူတန်းစား ရှိနေသေးသမျှ ကာလပတ်လုံး ဓမ္မဘက်မှ ရပ်တည် နေကြသော သံဃာတော်များ၏ လှုပ်ရှားမှု အခန်းကဏ္ဍ သည်လည်း အမြဲတမ်းရှိနေဦးမည်သာ ဖြစ်ပေသည်။

ကျွန်သဘောက်ဘ၀သို့ ကျရောက်ခဲ့ကြသော မြန်မာပြည်သူများ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်လာစေရန် အတွက် မြန်မာနိုင်ငံ လွတ် လပ်ရေးလှုပ်ရှားမှုကို အစဦးကပင် ဦးစီးဦးဆောင် အကြီးမှုးပြုခဲ့သော ဆရာတော် ဦးဥတ္တမ သည် မြန်မာပြည်သူများကို နိုင်ငံရေး အသိ၊ တိုက် ရည်ခိုက်ရည် သွင်းပေခဲ့သည်။ ယင်းကြောင့် ဆရာတော် ဦးဥတ္တမခေတ် သံဃာ့လှုပ်ရှားမှုမှသည် ယနေ့ခေတ် သံဃာ့လှုပ် ရှား မှု အခန်းကဏ္ဍကြီးကို သတိရသူတိုင်း၊ တွေးတောမိသူတိုင်း၊ အမှတ် ရသူတိုင်းအားလုံး အသိအမှတ်ပြု ၀န်ခံကြရမည်ဖြစ်သည်။

မြန်မာပြည်၌ အစဉ်အလာကြီးမားသော သံဃာ့လှုပ်ရှားမှု သမိုင်းကြောင်းအရလည်းကောင်း၊အမျိုးဘာသာသာသနာအကျိုးကိုရှေ့ရှု၍ လည်း ကောင်း၊ မြန်မာပြည်သူ ပြည်သားများ၏ ကျရောက်ဆဲကျရောက်လတ္တံ့ဖြစ်သောဘေးဥပါဒ်အန္တရာယ်မှကာကွယ်တားဆီးရန်အ တွက်လည်း ကောင်း၊ သံဃာတော်များ၏ လှုပ်ရှားမှုအခန်းကဏ္ဍသည် ဓမ္မဘက်မှ ခိုင်ခိုင်မာမာ မားမားမတ်မတ် အမြဲတမ်း ရပ်တည် သွားမည်ဖြစ် ကြောင်း ရခိုင်သံဃာ့သမဂ္ဂ၏ သဘောထား ထုတ်ပြန် ကြေငြာချက်နှင့်အတူ အောက်ပါအချက်များကို တောင်းဆို လိုက် သည်။

(၁) လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ပြုရန်။

(၂) လွတ်လပ်စွာ ဟောပြောရေးသားပိုင်ခွင့် စည်းရုံးပိုင်ခွင့် ပြုရန်။

(၃) အစိုးရအလိုကျ ဖွဲ့စည်းထားသော သံဃာ့မဟာနာယကအဖွဲ့ကို ဖျက်သိမ်းပေးရန်။

(၄) လွတ်လပ်သော သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ခွင့်ပြုရန်။



                                                                                        စည်းရုံးရေးနှင့်ပြန်ကြားရေး

                                                                                         ရခိုင်သံဃာ့သမဂ္ဂ


No comments: