Saturday, June 20, 2015

မြန်မာပြည်ရဲ့ တကယ့်ပြဿနာ

မင်းဇင်

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်စီစဉ်ထားသော အထွေထွေရွေးကောက်ပွဲက မြန်မာနိုင်ငံမှ လေ့လာ စောင့်ကြည့်သူ အများအပြားက မျှော်လင့်ထားသလို ဒီမိုကရေစီ တောင့်တင်း ခိုင်မာစေရေးအတွက် မှတ်ကျောက်တခု ဖြစ်လာနေခြင်းမရှိပါ။

ထိပ်တန်း စစ်အရာရှိကြီးများက ကျယ်ကျယ် ပြန့်ပြန့်ထိန်းချုပ်ထားဆဲ ဖြစ်သောအစိုးရကအဓိက အတိုက်အခံ များနှင့်ရော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့်ပါ အာဏာခွဲဝေရေးသဘောတူညီ ချက်တခု ရယူနိုင်ရန် ပျက်ကွက်ခဲ့ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ၏ တရားဝင်မှုကို အန္တရာယ်ရှိစေနိုင် သည်သာမက အစိုးရနှင့် အတိုက်အခံ နှစ်ဖက်လုံး တွင်ခေါင်းဆောင်မှု လေဟာနယ်ကြုံရမည့် အန္တရာယ်ကိုပါ ထုတ်ဖော်ပြသနေခြင်း ဖြစ်ပါသည်။

၂၀၁၁ ခုနှစ်တွင် တိုင်းပြည်ကို ဆယ်စုနှစ် ၂ ခု ကျော်ကြာအုပ်ချုပ်ခဲ့သော စစ်အစိုးရက ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်စတင် ခဲ့သော်လည်း စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေက ဆက်လက်ရှိနေပြီး သမ္မတသစ် ဦးသိန်းစိန်ကလည်း ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး တယောက်ဖြစ်ခဲ့သည်။ အစိုးရသစ်ကို အရပ်သားဖြစ် လာသူများနှင့် ဖွဲ့စည်းခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို နိုင်ငံရေးတွင် ပြန်လည် ပါဝင်ခွင့်ပြုခဲ့ပြီး သူ၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါအချက် များက အစိုးရသစ်၏ တရားဝင်မှုအတွက် အထောက် အကူဖြစ်ခဲ့သလို အတိုက်အခံအဖွဲ့လည်း လွှတ်တော်တွင်းတွင် နေရာတခုရစေခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်လည်း နောက်ဆုံးတွင် သမ္မတနေရာအတွက် ယှဉ်ပြိုင်ခွင့်ရတော့မည်ဟု ယူဆခဲ့ကြသည်။

ယနေ့တွင် ထိုကဲ့သို့ နားလည်ခဲ့ကြခြင်းက အတိုက်အခံကို လွှတ်တော်တွင်း ဆွဲသွင်းရုံ အကွက် ဆင်ပုံမျိုးသာ ဖြစ်နေတော့သည်။ ၂၀၁၂ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည့် မဲဆန္ဒနယ် ၄၄ ခုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၄၃ နေရာ အနိုင်ရရှိခဲ့၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရှုံးနိမ့်ခဲ့ရသည့် အချိန်က ထဲက သမ္မတဦးသိန်းစိန်နှင့် စစ်တပ်က နောက်ထပ် ရှုံးနိမ့်မှုများ ရှိလာမည်ကို စိုးရိမ်ကြောင့်ကြခဲ့ကြသည်။

၂၀ဝ၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုမှုများကို အစိုးရက ပယ်ချခဲ့သည်မှာ အထင်အရှားဖြစ် သည်။ အဆိုပါဥပဒေတွင် ဒေါ်အောင် ဆန်းစုကြည်ကဲ့သို့ နိုင်ငံခြားသား အိမ်ထောင်ဖက် ရှိသူများကို သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ် ပြိုင်ခြင်းမှ တားမြစ်ထားသည့် အပိုဒ်ကဲ့သို့သော အငြင်းပွားဖွယ်ရာများ ပါဝင်နေသည်။ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးကို ကန့်သတ်ခြင်းများ လည်းပါရှိသည်။ အဆိုပါကဏ္ဍများကို ပြင်ဆင် ပြောင်းလဲရေးတွင် တိုးတက်မှုအနည်းငယ်သာ ရရှိခဲ့ ခြင်းမှာ ပြင်ရမည့်သူများ ကြား (စစ်ဘက်မှ သဘော ထားတင်းမာသူများနှင့် ကိုယ်ကိုယ်ကိုယ် ပြုပြင် ပြောင်းလဲရေးသမားလို့ ပုံဖော် နေသူများကြား၊ တခါ ပြုပြင်ပြောင်းလဲရေးသမားများ အချင်းချင်းအတွင်း) တွင် ကွဲပြားမှု အမြောက်အမြား ရှိနေခြင်းကြောင့် ဖြစ်ပါသည်။

ဦးသိန်းစိန်၏ အစိုးရအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တခု ရယူနိုင်ရန် အချိန် အတိုင်းအတာ တခုအထိတော့ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ပုံ ရပါသည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များသည် အခွင့်အရေး တန်းတူညီမျှမှုနှင့် ဖက်ဒရယ်ပြည် ထောင်စု စနစ်ကို တောင်းဆိုရင်း ဗဟိုအစိုးရကို နှစ်ပေါင်း ၆၀ ကျော် ဆန့်ကျင် တိုက် ခိုက်ခဲ့သူများ ဖြစ်ပါသည်။ ရွေးကောက်ပွဲ မတိုင်မီ အောင်မြင်သည့် သဘောတူညီချက်တခု ရယူနိုင်ခဲ့ လျှင် အာဏာရပါတီအတွက် မျက်နှာပန်းလှမည် ဖြစ်သည်။ မအောင်မြင်ခဲ့ပါကအားထုတ်ခဲ့မှုကြောင့် အစိုးရအတွက် အမှတ်အနည်းငယ် ရကောင်း ရနိုင် ပါသေးသည်။ တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ဦးစားပေးလိုက်တဲ့အတွက် အတိုက်အခံက တောင်း ဆိုနေသည့် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေး ကိစ္စက မှေးမှိန်သွားနိုင်သည်။

မတ်လ ၃၁ ရက်နေ့တွင် အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် အစိုးရ ကြား သဘောတူညီချက် မူကြမ်းတခု အတည်ပြုနိုင်ခဲ့ သော်လည်း လက်မှတ်ရေးထိုးခြင်း မပြုရသေးပါ။ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်း တခုဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်သင့်သည်ဟု ပြင်းပြင်းထန်ထန်တောင်း ဆိုနေသည့် အချိန်တွင် စစ်တပ်က လက်ရှိအချိန်တွင် အပြင်းအထန် တိုက်ခိုက်နေရသည့် ကိုးကန့် လက် နက်ကိုင်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုရယူရန် ငြင်းဆန်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရ၏ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် ရရှိရန် အားထုတ်မှုများကို စစ်တပ်က ကဖျက်ယဖျက် လုပ်ခဲ့သည့် အချိန်မှာပင် လွှတ်တော်အတွင်းမှ တပ်မတော်ကိုယ်စားလှယ်များ က တိုင်းရင်း သား လူနည်းစု ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက် အာဏာခွဲဝေ သုံးစွဲမှု၊ သယံဇာတ အရင်းအမြစ် ခွဲဝေသုံးစွဲမှုနှင့် အခွန်ခွဲဝေမှု အခွင့်အရေးများကို အာမခံချက်ပေး သည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ကို အဆောတလျင် ထောက်ခံခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းမှာ စစ်ဗိုလ် ချုပ်ကြီးများက လွှတ်တော်တွင်းရှိ တိုင်းရင်းသား ပါတီများကို သိမ်းသွင်းလိုသော ကစားကွက်တခု ဖြစ်သလို အစိုးရဘက်မှ အောင်မြင်မှုနှင့် ဝေးနေသည့်အချိန်တွင် အမှတ်ယူနိုင်စရာ တခုအဖြစ် ပြု လုပ်ခြင်းလည်း ဖြစ်ပါသည်။

ပြုပြင်ပြောင်းလဲရေးသမား အမည်ခံသူများမှာလည်း ကွဲပြားနေသည်။ စစ်အစိုးရလက်ထက်က တတိယ အာဏာအရှိဆုံး စစ်ဗိုလ်ချုပ်ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးကို မျှော်လင့် ထားခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထိပ်တန်းခေါင်း ဆောင်များ ဆွေးနွေးမှုတွေ ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်ကို ဖိအားပေးရန် လွှတ်တော်တွင် အင် အားစုစည်းခဲ့သည်။ ဒီလိုလုပ်တဲ့အတွက် သူ့အနေနဲ့ သူ့လုပ်နိုင်စွမ်း ပြတာသာမက ဒေါ်အောင်ဆန်းစု ကြည်နဲ့ အလွမ်းသင့်စေဖို့ ဆောင်ရွက်ချက်တခုလည်း ဖြစ်သည်။ သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ် အောင်ဆန်းစုကြည်၊ ကာကွယ် ရေး ဦးစီးချုပ်နှင့် အခြားသူများ ပါဝင်သည့် ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို ပြီးခဲ့သည့်လအတွင်းက ပြုလုပ်ခဲ့သော် လည်း သိသာ မြင်သာသည့် တိုးတက်မှု မရရှိခဲ့ပါ။ ကွဲပြားမှုများ ပိုမိုထင်ရှားလာမှုကိုသာ သရုပ်ပေါ်စေခဲ့သည်။

အကယ်၍ သူတို့က အခြေခံဥပဒေကို ပြင်ဆင်ရန် သဘောတူညီသည်ဆိုလျှင်ပင် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးက အလွန်ခက်ခဲပါ လိမ့်မည်။ သမ္မတ လောင်း အရည်အချင်း သတ်မှတ် ချက်များ အပါအဝင် အခြေခံဥပဒေမှ အရေးပါသော အချက်များ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ် စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်၏ ထောက်ခံမှု ရရှိရန် လိုအပ်သလို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှ ထောက်ခံမဲ အများစုရရှိရန်လည်း လိုအပ်ပါသည်။

ထိုသို့ လိုအပ်ခြင်းက မည်သည့်အချိန်အတွက် မဆို မြင့်မားသော အတားအဆီးတခု ဖြစ်နေပါသည်။ မြန်မာနိုင်ငံမှ မြို့ကြီးများရှိ အဓိက လမ်းမကြီးများ ပေါ်တွင်ပင် ရေလျှံလေ့ရှိသော မုတ်သုံရာသီအတွင်း တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် လူထုဆန္ဒခံယူပွဲ ကျင်းပရေးက အလွန်ခက်ခဲသော အလုပ်တခုဖြစ်ပါ လိမ့်မည်။ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော် တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့်အတွက် စစ်ဗိုလ်ချုပ်များတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးစားမှုမှန်သမျှကို ပယ်ချနိုင်သည့် ဗီတိုအာဏာ ရှိနေသည်။ အခြေခံဥပဒေအရ စစ်တပ်နှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရရှိထားသော ကာကွယ်ရေးဦးစီးချုပ်ကလည်း တိုင်းပြည်တည်ငြိမ်မှု ကို အာမခံသရွေ့ လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေး မလုပ်သင့်ကြောင်း ပြောထားခဲ့ပြီးဖြစ်သည်။

အခြေခံဥပဒေကို ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နိုင်မည်မဟုတ်ဟု ထင်ကြောင်းနှင့် ဒေါ် အောင်ဆန်းစုကြည် သည် ယခုအချိန်တွင် သမ္မတ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့်အလမ်း မရှိသလောက်နီးပါး ဖြစ်နေကြောင်း စစ်တပ်နှင့်နီးစပ် သည့် သတင်းရင်းမြစ်များက ကျနော့်ကို ပြောကြပါ သည်။ NLD က သူတို့၏ သမ္မတလောင်းအဖြစ် မည်သူ့ကို အစားထိုးသတ်မှတ်မည် ဆိုခြင်းကလည်း ယခုအချိန်အထိ မသဲကွဲသေးပါ။ သိုသိုသိပ်သိပ်နှင့် တကိုယ်တော် ဦးဆောင်တတ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုဟန်ကြောင့် လည်း ပါတီတွင်းတွင် ဒုတိယအဆင့်သတ်မှတ်ထားသည့် ခေါင်း ဆောင်မရှိပါ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် အရေးပါသောနေရာတွင် ရှိနေ ဆဲဖြစ်သည်။ အကယ်၍ သူက သမ္မတနေရာအတွက် ယှဉ်ပြိုင်နိုင်ခြင်း မရှိလျှင်ပင် NLD က လွှတ်တော် နေရာ အများစု အနိုင်ရရှိမည်ဟု မျှော်လင့်ရသည်။ ဆိုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေ ပြုရေး အစီအစဉ်များနှင့် လုပ်ငန်းများကို ထိန်းချုပ် နိုင်သည့် အာဏာအပြည့်အဝရှိသော လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာနိုင်သည်။ ထို့ပြင် လက်ရှိ အဖွဲ့အစည်း အတွင်းမှ အနီးကပ်တိုက်ပွဲများကြောင့် ဒေါ်အောင် ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် (တစုံတယောက်ကို) သမ္မတရာထူး ပေးနိုင်စွမ်းရှိသူ (Kingmaker) နေရာသို့ ရောက်ကောင်း ရောက်လာ နိုင်ပါသည်။

မြန်မာနိုင်ငံ၏ လွှတ်တော်စနစ်အရ သမ္မတကို ပြည်သူများက တိုက်ရိုက်ရွေးချယ် တင်မြှောက်ခြင်း မဟုတ်ပါ။ ရှုပ်ထွေးသော လွှတ်တော်လုပ်ငန်းစဉ်များ အရ ရွေးချယ်ခြင်းဖြစ်သည်။ လူများစုမဲဖြင့် ရွေးချယ်တင်မြှောက် လိုက်သော လွှတ်တော် ပေါ်ပေါက် လာမည်။ ဒီ့နောက်မှ ဒုတိယသမ္မတလောင်း ၃ ဦးကို ရွေးချယ်ရခြင်း ဖြစ်သည်။ ဒုတိယ သမ္မတလောင်း ၃ ဦးအနက်မှ ၂ ဦးကို လွှတ်တော် ၂ ရပ်က အဆို ပြုတင်သွားရပြီး ကျန်တဦးကို တပ်မတော်ကိုယ်စား လှယ်များက အဆိုပြုတင်သွင်းပေးရသည်။

လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ၂ ခုလုံးတွင် နေရာ အများစု ရရှိရန် အလားအလာ မကောင်းသည့်အချိန် တွင် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ အနေဖြင့် သမ္မတဖြစ်လာရေး အတွက် စစ်တပ်၏ ထောက်ခံမှု ကိုရရှိရန် လိုအပ်လာသည်။ သို့သော်လည်းတချိန်က အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူရင်းတယောက်ဖြစ်ခဲ့သော ဦးသိန်းစိန်၏ ရေပန်း စားမှုများက ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ သူက အနောက် အုပ်စုကို အလွန်အားကိုးပြီး တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များအပေါ် ပျော့ပျောင်းလွန်းသည်ဟု ဗိုလ်ချုပ်ကြီးများက ထင်ကြသည်။ အတိုက်အခံများနှင့် ရင်းနှီးမှုရယူရန် ကြိုးစားနေ သည်ဟု သူတို့ သံသယရှိသော သူရဦးရွှေမန်းနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ကြီးများက စိုးရိမ်မှုရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်က သူ၏ပါတီအတွင်းမှ တစုံတဦးထက်စာလျှင် သူရဦးရွှေမန်းကို သမ္မတ အဖြစ်ထောက်ခံဖွယ်ရှိသည်ဟု NLD ပါတီတွင်းမှ အချို့က ပြောကြသည်။ ဦးရွှေမန်း အာဏာရရှိလာ ခဲ့ပါက နောက်ဆုံးတွင် သူ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိလာသည်အထိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို တွန်းအားပေးနိုင်လိမ့် မည်ဟု ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ကောင်း မျှော်လင့်နေနိုင် သည်ဟု သူတို့ကပြောသည်။ ထိုသို့ ပြုလုပ်မည်ဆိုလျှင် လက်ရှိ ပြုပြင်ပြောင်းလဲရေးများ ရပ်တန့်သွားရခြင်း၏ အဓိကအကြောင်းတခုမှာ ဦးသိန်းစိန်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်မှုထားခဲ့ခြင်းကြောင့် ဖြစ်သည် ကို သင်ခန်းစာ ယူရမည့် မေးခွန်းထုတ်ဖွယ်ရာ ကိစ္စတခုဖြစ်နေသည်။

အထက်ပါ မသေချာမရေရာမှု အားလုံးသည် စစ်တပ်က ရွေးကောက်ပွဲကို ရွေ့ချင်ရွေ့ဖို့ အကြောင်း ပြချက်ကောင်းတခုလို ဖြစ်နေပါသည်။ ရွေးကောက်ပွဲပြီးမှ ရလဒ်ကို ငြင်းဆန်ရတာ၊ ဒါမှမဟုတ် ရွေး ကောက်ပွဲလွန် အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးကို လက်မခံလို့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့ရတာတွေ ထက်စာရင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် အကြောင်းပြချက်ကောင်းတခု ဖြစ်ဖွယ်ရှိပါသည်။ သို့သော်လည်း အချိန်ရွေ့ခြင်းက စစ်ဗိုလ်ချုပ်များ အတွက် ဆွဲဆောင်မှုသိပ်မရှိသည့် ရွေးချယ်စရာ တခုလည်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ရပ်တည်မှုအနေအထားကို အထူးသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ထိခိုက်နိုင်စရာ ရှိသောကြောင့် ဖြစ်ပါသည်။

ထိုသို့ဆိုပါလျှင် ကျင်းပတော့မည့် ရွေးကောက် ပွဲကို မြန်မာနိုင်၏ ဒီမိုကရေစီ တိုးတက်မှုအတွက် တိုင်းတာစရာအဖြစ် စဉ်းစားရန် မသင့်ကြောင်း အထက်ပါ အခြေအနေ အကျပ်အတည်းများက ပြသနေပါသည်။ အမှန်တကယ် တိုင်းတာရမည့် မှတ်ကျောက်မှာ တိုင်းပြည်၏ နိုင်ငံရေးမှ ထိပ်တန်း ပုဂ္ဂိုလ်များက အောင်မြင်သော အာဏာခွဲဝေရေး သဘောတူညီမှုတခုကို ရွေးကောက်ပွဲမတိုင်မှီ ရယူ နိုင်ကြခြင်း ရှိ၊ မရှိ ကိုသာလျှင်ဖြစ်သည်။ ထိုကဲ့သို့ သဘောတူချက် ရယူနိုင်ခဲ့ခြင်းမရှိလျှင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့်တိုင်အောင် ဘက်အသီးသီးမှ ခေါင်းဆောင်လေဟာနယ် ပေါ်ထွန်းလာမှုက တိုင်းပြည်တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှု ဖြစ်လာပါ လိမ့်မည်။

No comments: