Mizzima
ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံချစ်ကြည်ရေး သောင်ရင်းမြစ် ဒုတိယမြစ်ကူးတံတားနှင့် လေးလမ်းသွား အဝေးပြေးလမ်း ဖောက်လုပ်ရန် ဘတ်ငွေ ၄ ဘီလီလျံခန့် သုံးစွဲသွားမည်ဟု ထိုင်းအစိုးရအဖွဲ့က ဇွန်လ ၂ ရက်နေ့က ဆုံးဖြတ်အတည်ပြုလိုက်သည်။
၂၀၁၅ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် စီစဉ်ထားသည့် မဲဆောက်အထူးစီးပွားရေးဇုံအား အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ လက်ထောက် ပြောခွင့်ရသူ ဆန်ဆန်းကယောက်ခမ်းနပ်က ပြောသည်။
၂၀၁၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ဘတ်သန်း ၅၀၀၊ ၂၀၁၆ ခုအတွင်း ၃.၂၅ ဘီလီလျံနှင့် ၂၀၁၇ ခုအတွင်း သန်း ၁၅၀ အသီးသီး သုံးစွဲသွားရန်ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ဇွန်လ ၃ ရက်နေ့တွင် ဖော်ပြထားသည်။
ထိုင်းအစိုးရက ဆုံးဖြတ်အတည်ပြုပြီဖြစ်သဖြင့် လာမည့် ယခုနှစ် စက်တင်ဘာလအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ စတင်မည်ဖြစ်ပြီး တံတားထိပ်နှစ်ဘက်လုံး၌ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးရုံး အဆောက်အဦများလည်း ပါဝင်မည်ဟု သိရသည်။
မဲဆောက်မြို့ လေဆိပ်ကိုလည်း တိုးချဲ့မွမ်းမံမှုများ ပြုလုပ်နေပြီး စုစုပေါင်း ဘတ်ငွေ ၂၉၈ သန်း ကုန်ကျမည်ဟု သယ်ယူပို့ဆောင်ရေး ဝန်ကြီး ပရာဂျင်ဂျန်ထောင်းက ပြောသည်။
မြန်မာနိုင်ငံသာမက ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏ အထူးစီးပွားရေးဇုံများ၌ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက်လည်း ထိုင်းအစိုးရက ယမန်နေ့တွင် ဆုံးဖြတ်အတည်ပြုခဲ့သည်။
ထိုင်းအစိုးရသည် မြန်မာနိုင်ငံနှင့် နယ်စပ်ဂိတ်ပေါက်များဖြစ်သည့် မဲဆောက်-မြ၀တီ၊ မယ်ဆိုင်-တာချီလိတ် သာမက ကမ္ဘောဒီးယား အစိုးရတို့ သဘောတူညီမှုရထားသည့် ဘန်ဖူနမ်ရွန်နှင့် ဆင်ခွန် ဂိတ်ပေါက်များ ဖွံ့ဖြိုးရေးတို့အတွက်လည်း ဆောင်ရွက်သွားရန် သဘောတူညီမှုများ ရရှိထားသည်။
No comments:
Post a Comment