Wednesday, June 17, 2015

မျိုးစောင့်ဥပဒေ လေးရပ်ကို လွှတ်တော်က ပြဋ္ဌာန်းရန် မသင့်ဟု ထန်တလန်မြို့နယ် အမတ်ပြော၏

စိုးသန်းလင်း

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကဲ့သို့ ဘာသာရေးကို အခြေခံသည့် မျိုးစောင့်ဥပဒေ လေးရပ်ကို လွှတ်တော်က ပြဋ္ဌာန်းရန် မသင့်ပါကြောင်း ချင်းပြည်နယ် ထန်တလန်မြို့နယ် အမတ် ဒေါ်ဇာတလဲာန်းက ယနေ့ (ဇွန် ၁၅ ရက်)က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

“ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် ဥပဒေဆိုတော့ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အမျိုးသမီးများအတွက်ရော ဘာလုပ်ပေးမှာလဲလို့ မေးချင်ပါတယ်။ အခု ဥပဒေ အပါအဝင် ဘာသာကို အခြေခံသော ဥပဒေ လေးရပ်ကို ပြည်သူ့လွှတ်တော်ကြီးက ပြဋ္ဌာန်းရန် မသင့်တော်ပါ။ ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးအတွက် မရှိမဖြစ် ဥပဒေ မဟုတ်တဲ့အပြင် ဘာသာ မတူသော လူနည်းစု တိုင်းရင်းသားများကို သွေးခွဲဆက်ဆံသော ဥပဒေဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတကာ ဥပဒေတို့ရဲ့ စံချိန်စံညွှန်းများနှင့်လည်း မကိုက်ညီပါ။

မြန်မာနိုင်ငံ လူဦးရေ၏ ၅၁ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ပါတယ်။ အမျိုးသမီးနှင့် လူငယ်များကို အကာအကွယ်ပေးတဲ့ ဥပဒေ မဟုတ်ဘဲ ချည်နှောင်ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ တိုင်းရင်းသားများကို အခွင့်အရေးပေးမယ်ဆိုရင် ဒီဥပဒေကို ပြဋ္ဌာန်းရန် မသင့်ပါ” ဟု ၎င်းက ပြောသည်။

မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင် အတည်ပြုချက်ပေါင်း ၂၇ ချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ထို ၂၇ ချက်အနက် ၁၈ ချက်ကို သဘောတူပြီး ကျန် ကိုးချက်တို့တွင် သဘောတားကွဲလွဲခဲ့သည်။ ယနေ့ အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲချက်များကို ပြည်သူ့လွှတ်တော်က အတည်ပြုနိုင်ရန် ဆွေးနွေးခဲ့ရာ NLD အမတ်နှစ်ဦးနှင့် တိုင်းရင်းသားအမတ် တစ်ဦးက ဝေဖန်ထောက်ပြပြီး ဥပဒေကြမ်း အတည်ပြုရေးကို ကန့်ကွက် ခဲ့ကြသည်။

NLD ပါတီဝင် ပုလဲမြို့နယ် အမတ် ဒေါ်ခင်စန်းလှိုင်က “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတွေ လုပ်နေချိန်မှာ တိုင်းရင်းသား အမျိုးသမီးများရဲ့ အခွင့်အရေးဟာလည်း မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများရဲ့ အခွင့်အရေး နဲ့ တန်းတူရှိရမယ်၊ ဘာ့ကြောင့်လဲဆိုတော့ တိုင်းရင်းသား အမျိုးသမီးတွေမှာလည်း ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့သူ၊ သူတို့ရဲ့ လူမျိုးနွယ်အလိုက် ကိုးကွယ်တဲ့ ဘာသာ မတူကွဲပြားနေတဲ့ ဒီလူတွေရဲ့ အပေါ်မှာလည်း ဥပဒေဟာ အကာအကွယ်ပေးရမှာ ဖြစ်တယ်၊ ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်မယ်ဆိုရင် အဲဒီဥပဒေရဲ့ ချည်နှောင်မှုဟာ အားလုံးရဲ့အပေါ်မှာ သက်ရောက်မှုရှိရမယ်၊ အခုပြဋ္ဌာန်းမယ့် ဥပဒေဟာ အားလုံးအပေါ် သက်ရောက်မှု မရှိဘူးလို့ ကျွန်မတို့ ယူဆတယ်။ အဲဒါကြောင့် ဒါကို ကျယ်ကျယ်ပြန့် ပြန့်လည်း ထပ်ပြီး ဆွေးနွေးစေချင်တယ်။ ပါတဲ့ အချက်အလက်တွေကလည်း အားလုံးရဲ့အပေါ်မှာ တန်းတူညီမျှ အခွင့်အရေးရှိတဲ့ ဥပဒေမျိုး ဖြစ်စေချင်တဲ့အတွက်ကြောင့် ဒီဥပဒေကို အလောသုံးဆယ် မပြဋ္ဌာန်းသင့်ပါဘူး” ဟု ထောက်ပြ ကန့်ကွက်ခဲ့သည်။

၁၉၅၄ ခုနှစ် မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေသည် ယခုအချိန်ထိ အသက်ဝင်နေကြောင်း၊ ထိုဥပဒေကို ပြင်ဆင်ချင်တယ်ဆိုလျှင် ယနေ့တိုင် အသုံးဝင်ပြီး ဘာသာခြား တိုင်းရင်းသား အားလုံးကို ခြုံငုံစောင့်ရှောက် ကာကွယ်ထားသည့် ဥပဒေ ဖြစ်သောကြောင့် ၁၉၅၄ ခုနှစ် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ အဖြစ်သာ ထပ်ထည့်ချင်သည့် အချက်များကို ထပ်ပြီး ထည့်စေလို ကြောင်း၊ ယခုကမူ ၁၉၅၄ ဥပဒေကို ပြင်ခြင်းဟု ပြောသော်လည်း ၁၉၅၄ ဥပဒေတွင်ပါသည့် အချို့ အချက်များ ပြန်ပါ မလာကြောင်း၊ ခရစ်ယာန်ဘာသာ၊ ဂျိန်းဘာသာ၊ မဟာမေဒင်ဘာသာ၊ ဟိန္ဒူဘာသာဝင် အမျိုးသမီးများကို ကာကွယ်ပေးခဲ့သည့် ပြဋ္ဌာန်းချက်များ ယခု ဥပဒေတွင် ပါဝင်မလာကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က ထောက်ပြသည်။

NLD ပါတီဝင် လမ်းမတော်မြို့နယ်အမတ် ဦးခင်မောင်ဝင်းကလည်း အဆိုပါ ဥပဒေကို စကတည်းက မပြဋ္ဌာန်းသင့်ကြောင်း ထောက်ပြခဲ့သည်။ သို့ ရာတွင် လွှတ်တော်၏ ဆန္ဒကို လျှို့ဝှက်မဲဖြင့် ရယူသည့်အခါ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံမဲ ၃၀၀ ဖြင့် အနိုင်ရကာ၊ ဒေါ်ခင်စန်းလှိုင်က ၃၇ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အခြား ပြင်ဆင်ချက်များကို မဲခွဲဆုံးဖြတ်ရာ တွင်လည်း ဒေါ်ခင်စန်းလှိုင်ဘက်က ၃၇ မဲခန့် ဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုအချက်အပေါ် မဇ္ဈိမက မေးသည့်အခါ ၎င်းက “လွှတ်တော်အမတ်တွေ အနေနဲ့  ဥပဒေတွေ ကို သေသေချာချာ ဖတ်သင့်တယ်၊ လေ့လာသင့်တယ်၊ သေသေချာချာ နားလည်သင့်တယ်။ ထောက်ခံမဲ ၃၇ မဲပဲ ရနေတာဟာ၊ အခုလိုမျိုး ဆောင်ရွက်နေတာဟာ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေ ရှိနေတယ်လို့ မြင်ပါတယ်” ဟု ပြန်ဖြေကြားသည်။

အဆိုပါ ဥပဒေကြမ်းအပေါ် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲချက် ကိုးချက်တို့ကို ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်သွင်းပြီးဆွေးနွေး ဆုံးဖြတ်သွားမည်ဟု ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

No comments: