Friday, October 21, 2016

တိုင်းပြည်ရဲ့တံခါးအားလုံး လုံခြုံစေဖို့ဆိုရင်

မင်းကောင်းချစ်


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ကျီးကန်းပြင် အမှတ်-၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ဌာနချုပ် ဗဟိုကင်းအပါအဝင် ငါးခူရစခန်းနဲ့ ရသေ့တောင် ကိုးတန်ကောက်စခန်းတို့ကို အောက်တိုဘာ ၉ ရက်နေ့ မနက် ၁ နာရီခန့်ကစပြီး RSO (Rohingya solidarity organization) ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့က အကြမ်းဖက်ပြီး တပြိုင်နက် ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ စက်ရပ်သတင်းကို DVB TV သတင်းစာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။

မိုက်မဲရက်စက်တဲ့ ဘယ်အကြမ်းဖက်မှုမျိုးကိုမှ လက်မခံနိုင်ပါဘူး။ ဒါကြောင့် သူတို့လုပ်ရပ်ကို ဒီနေရာကနေ ရှုတ်ချပါတယ်။ အခုလို အကြမ်းဖက် အဖြေရှာမှုတွေကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင် လုပ်ဆောင် မထောက်ခံပါဘူး။ အကြမ်းဖက်မှုနဲ့ ထိုက်တန်တဲ့ အရေးယူအပြစ်ပေးမှုတွေ ဆောင်ရွက်ရမှာပါ။ အဲဒီမှာ နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ် အလွန်ပြင်းပြတဲ့ သူတွေကလည်း ဒေါသတွေဆူဝေပြီး စိတ်ခံစားချက်ကို ရှေ့တန်းတင်လို့ အကြမ်းဖက်သမားတွေ ခိုလှုံနေတဲ့ ဒေသခံရွာတွေပါ မီးရှို့ မောင်းထုတ်၊ သတ်ဖြတ် အကြမ်းဖက်ဖို့ ဆော်သြရေးသား တောင်းဆိုလာကြတာ တွေ့လာရပါတယ်။

တကယ်တော့ ဒီ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်စခန်းတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှု မဖြစ်ခင်ကတည်းက ဒီရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ် စတဲ့ အင်တာနက်စာမျက်နှာတွေမှာ တပ်မတော်ရဲ့ ကချင်ဒေသထိုးစစ်တွေ၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အရှိန်မြှင့်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တွေကို သတ်ဖြတ်ချေမှုန်းဖို့ လူသတ်စစ်ပွဲအတွက် လှုံ့ဆော်တိုက်တွန်းမှုတွေကို ငြိမ်းချမ်းရေးလမ်းစဉ် ဗုဒ္ဓဘာသာဝင်အများစုနေတဲ့ တိုင်းပြည်မှာ တရားဝင် ကျယ်ကျယ်လောင်လောင် ရေးသား ပြောဆိုလာကြတာကို ၀မ်းနည်းဖွယ် တွေ့မြင်နေရပါတယ်။

ဒီကိစ္စဟာ အလွန်သတိထား ကိုင်တွယ်ရမှာပါ။ သွေးဆူပြီး မခံချင်စိတ်တခုနဲ့ မဆင်မခြင် တုံ့ပြန်လို့ မဖြစ်ပါဘူး။ အဲဒီလို လက်နက်နဲ့ အကြမ်းဖက်တိုက်ခိုက်လာမှုတိုင်းဟာ လက်သင့်ခံစရာ အကြောင်းမရှိပါဘူး။ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ထိထိရောက်ရောက် တုံ့ပြန်ရမှာပါ။ ဘယ်သူတွေက သိမ်းတာလဲဆိုတာ သေချာအောင် စုံစမ်းစစ်ဆေးပြီးမှ အရေးယူရမှာပေါ့။ အသိဉာဏ်ရှေ့ထားပြီး ခေါင်းအေးအေးထား တုံ့ပြန်ဖို့လိုတယ်။ အခုလို တနိုင်ငံလုံး သတ်ကြ ဖြတ်ကြဆိုပြီး လူသတ်စစ်ပွဲတွေ အပြင်းအထန်ဖြစ်ပွားအောင် လှုံ့ဆော်နေကြချိန်မှာ ပိုပြီး သတိထားပြောဆို ရေးသားသင့်တယ်။

နိုင်ငံရေးကိစ္စတွေကို ဖြေရှင်းရာမှာ လက်နက်နဲ့ ချေမှုန်းပစ်ပြီး ရှင်းလင်းအမြစ်ဖြတ်တဲ့ နည်းလမ်းတခုတည်းသာ ရှိတယ်ဆိုတာ ဆင်ခြင်တုံတရားနည်းပါးမှုနဲ့ အာဏာရှင်ဝါဒ အကြမ်းဖက်ဝါဒပဲ။ ရှေ့နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို အသေအချာ ထည့်သွင်းစဉ်းစားပြီး မှန်ကန်တဲ့နည်းနဲ့ ထိထိရောက်ရောက် ဖြေရှင်းဖို့ တိုက်တွန်းပါတယ်။

အထိရောက်ဆုံး ဖြေရှင်းနိုင်ဖို့က နိုင်ငံရေးအမြင် ရင့်သန်တဲ့ အရပ်သားအစိုးရမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေးဝန်ကြီးဌာန လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိဖို့ လိုသလို ဥပဒေစိုးမိုးမှုရှိအောင် တိတိကျကျ ဆောင်ရွက်အရေးယူနိုင်ရင်၊ နယ်စပ်စည်းရိုးလုံအောင် ကာကွယ်နိုင်မယ့် လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရင် အနောက်တံခါးမှ မဟုတ်ဘူး၊ နယ်စပ်တံခါးအားလုံး လုံအောင်စောင့်ရှောက်နိုင်ပါတယ်။ အခုဟာက တရားဥပဒေ မစိုးမိုးအောင် အခွင့်ထူးခံပြီး အကြမ်းဖက်ဖြေရှင်းချင်တဲ့ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အာဏာသုံးရပ်ကို ကိုင်ထားတော့ ဘယ်တံခါးမှ လုံအောင် မကာကွယ်နိုင်ဘူး ဖြစ်နေတာ မဟုတ်လား။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဘက်က အနောက်တံခါးမှ မလုံတာ မဟုတ်ပါဘူး၊ တရုတ်၊ ယိုးဒယား၊ အိန္ဒိယနယ်စပ်တလျှောက်က အရှေ့တံခါး၊ အရှေ့တောင်တံခါး၊ အနောက်မြောက်တံခါး၊ မြောက်ဘက်တံခါး၊ ရှိရှိသမျှတံခါးတွေ မလုံဘဲ သစ်တွေ၊ ကျောက်စိမ်းတွေ၊ တိုင်းပြည်သယံဇာတတွေ ခိုးထုတ်၊ လူတွေ ခိုးထုတ်ခံနေရတာ မဟုတ်လား။

ဘယ်ကိစ္စကိုမဆို အကြမ်းဖက်နည်းနဲ့ လက်နက်ကိုင်ဖြေရှင်းလို့ ရလဒ်ကောင်း ဘယ်လိုမှ မရနိုင်သလို ပြဿနာအရင်းအမြစ်ကို မရှင်းထုတ်နိုင်ပါဘူး။ ဥပမာ KIA ကချင်တော်လှန်ရေး လက်နက်ကိုင်တပ်စခန်းဌာနချုပ်ကို တပ်မတော်က စစ်ဗိုလ် စစ်သားလေးတွေ အသက်စတေး၊ တိုင်းပြည်ဘဏ္ဍာ အမြောက်အမြားကို အသုံးပြုပြီး တက်သိမ်းနိုင်ရုံနဲ့ ကချင်တော်လှန်ရေးကို နိဂုံးသတ်နိုင်တယ် ထင်ပါသလား။ တကယ်တော့ မတရားမှုအပေါ် ပုန်ကန်မှု၊ အဖိနှိပ်မခံမှုဆိုတာ လူသားတွေရှိနေသ၍ အမြဲမပြတ် ပေါ်ထွန်းနေမှာပါ။ သူတို့ ဘာလို့ပုန်ကန်ရတာလဲဆိုတဲ့ အကြောင်းတရားကို ရှာဖွေပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာမှသာ ရေရှည်ခံတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး ဘုံရည်မှန်းချက်ကို တည်ဆောက်နိုင်မှာပါ။

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်တုန်းကလည်း ရခိုင်ပြည်နယ်မှာ မူဂျာဟစ် သောင်းကျန်းသူတွေကို ကုလားဆိုးသူပုန်တွေ နှိမ်နင်းတယ်ဆိုပြီး စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ကြပါတယ်။ လက်နက်ကိုသာ အားကိုးတဲ့ စစ်ရေးနည်းကိုသာ အသုံးပြုခဲ့ပြီး ရေရှည်အတွက် အေးချမ်းစေဖို့ နိုင်ငံရေးနည်းလမ်းတွေနဲ့ အဖြေမရှာခဲ့တော့ ပြဿနာတွေက ခဏသာ ငြိမ်သွားပေမယ့် မီးခဲပြာဖုံးထားသလို ကျန်ရစ်ခဲ့တာပါ။

အခုရက်ပိုင်းမှာ ထိုးစစ်တွေ အရှိန်မြှင့်ပြီး လူသတ်စစ်ပွဲတွေ တိုင်းပြည်ဘဏ္ဍာဖြုန်းပြီး ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး စစ်ဆင်ရေးတွေ တိုးလုပ်ဆောင်နေကြတယ်။ အင်တာနက်ပေါ်မှာလည်း ဘုမသိ ဘမသိတွေကော၊ သိသိနဲ့ အမိန့်အရ ဝါဒဖြန့်နေရသူတွေကော၊ သမိုင်းကြောင်းမသိ၊ နိုင်ငံရေးအသိ နိမ့်ကျပြီး လူမျိုးရေးအစွန်းရောက်၊ ဘာသာရေးအစွန်းရောက် မှိုင်းမိနေတဲ့လူတွေက စစ်ပွဲတွေကို အားပေးအားမြှောက်ပြု ထောက်ခံနေကြတာ အလွန်အန္တရာယ်များလှတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသက ပြည်သူတွေဟာ ကောင်းစွာ အိပ်ပျော်ခွင့်မရ၊ ကောင်းစွာစားသောက်ခွင့်မရ၊ ကောင်းစွာ ကျန်းမာရေးစောင့်ရှောက်ခွင့်မရ၊ ကောင်းစွာ ပညာသင်ကြားခွင့်မရ၊ မလုံခြုံတဲ့ဘဝတွေနဲ့ ရှင်သန်နေထိုင်နေရတာ ရာစုနှစ်ဝက် ကျော်နေပါပြီ။

နိုင်ငံကသာ ၁၉၄၈ ခုနှစ်က လွတ်လပ်ရေးရခဲ့ပေမယ့် သူတို့မှာ လွတ်လပ်ရေးအရသာကို တခါမျှ မခံစားဖူးသေးပါဘူး။ ကိုယ်နေတဲ့ရွာကို မီးနဲ့တိုက်တာခံရ၊ နောက်ဆုံး ပုန်းလျှိုးကွယ်လျှိုး တောထဲက ရွာပုန်းရွာရှောင်တွေတောင် ဖျက်ဆီးခံရတော့ သူများတိုင်းပြည်က စစ်ဘေးဒုက္ခသည် စခန်းမှာ မနေချင်ဘဲ နေနေကြရတာ။ အဲဒီလို တိုင်းရင်းသားပြည်သူတွေ စစ်ငရဲဒုက္ခတွေ ခံနေကြရတာ နှစ်ပေါင်း ၇၀ နီးပါး ရှိနေပြီ။ ကိုယ်ချင်းစာပြီး စစ်ပွဲတွေရပ်အောင် ငြိမ်းချမ်းရေးရအောင် ပြည်သူတိုင်းက ဝိုင်းဝန်းကြိုးပမ်းကြပါ။

ပြည်တွင်းစစ်မီးတောက်ကြီးကို ငြှိမ်းသတ်နိုင်ဖို့ဆိုတာ တပ်မတော်ကို ပြည်သူက ရွေးကောက်တဲ့ နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်မှုအောက် တိတိကျကျရောက်လာအောင် ၂၀၀၈ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဖို့လိုပါတယ်။ အဲဒါကိုပြင်နိုင်ဖို့ ပြည်သူတိုင်းက တခဲနက် ထောက်ခံတိုက်တွန်းဖို့ လိုတယ်။

တပ်မတော်ဟာ ပြည်သူ့သမ္မတအမိန့်ကို မနာခံသ၍၊ မိဘပြည်သူ့ဆန္ဒကို အလေးမထားသ၍ ညီအစ်ကိုချင်းသတ်ရတဲ့ လူသတ်စစ်ပွဲတွေ ဆက်ဖြစ်နေလိမ့်မယ်။ ဘယ်ဘက်ကသေသေ၊ နိုင်ငံရဲ့သားသမီးတွေ သေဆုံးရတာပါ။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်ဖြစ်နေရတဲ့ စစ်ဘေးဒဏ်သင့် ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ကိုယ်ချင်းစာကြပါ။

တိုင်းပြည်သာ ငြိမ်းချမ်းမယ်၊ အစိုးရက ပြည်သူနဲ့ တသားတည်းရှိနေရင် ဘင်္ဂါလီမကလို့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ အကြမ်းဖက်ဝါဒကို အကြမ်းဖက်နည်းနဲ့ မဖြေရှင်းနိုင်ဘူး။ အခု အမေရိကန်တွေ ISIS တွေကို မနှိမ်နင်းနိုင်တာ အဲဒါကြောင့်ပဲ။ သူတို့ကိုယ်တိုင်က သူများတိုင်းပြည်ကို ဘူလီလုပ်နေတော့ ဘာကိစ္စမဆို လက်နက်၊ ငွေကြေးနဲ့ ဖိနှိပ်ဖြေရှင်းဖို့ ကြိုးစားနေတာ လူတိုင်း မြင်နေရတာ မဟုတ်လား။

အခုလတ်တလော လုပ်ဆောင်ရမှာက RSO rohingya solidarity organization ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ကို လိုက်လံရှာဖွေ ဖမ်းဆီးအပြစ်ပေးရမယ်။ ဒီလိုဖမ်းဆီးရာမှာ ပြည်သူနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်။ နောက်ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရအနေနဲ့ မြန်နိုင်သမျှမြန်မြန် ပြည်သူတွေသိအောင် တိတိကျကျ ထုတ်ပြန်ပေးဖို့လိုတယ်။ ဒါမှ ကောလာဟလတွေ ပြန့်ပြီး ရောင်တော်ပြန်နဲ့ ရောကျိတ်လို့ အမုန်းစကား ပြောနေတာတွေကို တားဆီးနိုင်မှာဖြစ်တယ်။

ရေရှည်မှာ ရခိုင်ဒေသငြိမ်းချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဖြစ်ဖြစ်၊ တတိုင်းတပြည်လုံး ငြိမ်းချမ်းရေးရနိုင်ဖို့ဖြစ်ဖြစ် နယ်စပ်လုံခြုံရေးဆိုင်ရာဥပဒေ၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေတွေ၊ အကြမ်းဖက်ခြင်းဆိုင်ရာ ဥပဒေ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဥပဒေ စတဲ့ လိုအပ်ရင် ဥပဒေသစ်တွေ ပြဋ္ဌာန်းဖို့နဲ့ ထိန်းချုပ်ကာကွယ်ပေးရမှာ ဖြစ်တယ်။ သေချာတာကတော့ အဲဒီ နိုင်ငံရေးကိစ္စရပ်တွေကို တပ်မတော်က ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ဇွတ်အတင်း ဆောင်ရွက်မယ်ဆိုရင် ဆိုးကျိုးတွေနဲ့သာ ရင်ဆိုင်ရမှာပါ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရမယ့် ဒီတာဝန်ကို ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရကသာ ပြည်သူ့ဆန္ဒကို လေးလေးစားစား နားထောင်ရင်း ဆောင်ရွက်ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူ့အသွေးအသား အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးပစ်နေတဲ့ မငြိမ်သက်မှုတွေ၊ ပြည်သူတွေရဲ့ဘ၀ မလုံခြုံစေတဲ့ တရားဥပဒေ မစိုးမိုးမှုတွေ လက်နက်ကိုင် အကြမ်းဖက်မှုတွေ၊ လူသတ်စစ်ပွဲတွေကို အပြီးတိုင်ချုပ်ငြိမ်းသွားဖို့ မိုက်မဲရက်စက်တဲ့ ဘယ်အကြမ်းဖက်မှုမျိုးကိုမှ လက်မခံနိုင်ပါဘူး။ ဥပမာတခုပေးရရင် မြန်မာပြည်နယ်စပ်ရဲ့ အရှေ့တံခါးနားမှာ တရုတ်လူမျိုးအုပ်စုတစုက မြန်မာ့သစ်တောတွေ ခိုးခုတ်ပြီး တရုတ်ပြည်ထဲ ခိုးသွင်းနိုင်ဖို့ နယ်ခြားစောင့်ကင်းစခန်းတွေကို အလစ်ဝင် တိုက်ခိုက်သတ်ဖြတ်လာလို့ မြန်မာဘက်က ပြန်လည်တိုက်ခိုက်ရင်း ဖမ်းမိတဲ့ တရုတ်လူမျိုးတွေကို စိတ်လိုက်မာန်ပါနဲ့ အကုန်သတ်ပစ်လိုက်ကြလို့ လက်လွတ်စပယ် ရှင်းလို့မရပါဘူး။ တရုတ်နဂါးကြီးကို ကြောက်ဖို့ မလိုပေမယ့် နိုင်ငံတကာဥပဒေတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှသာ အင်အားကြီးတဲ့ တရုတ်နိုင်ငံကို မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရင်ဆိုင်နိုင်မှာပါ။

ဒီဆောင်းပါးမှာ အဓိကဆွေးနွေးချင်တာက နိုင်ငံတခုလုံးနဲ့ဆိုင်တဲ့ နိုင်ငံအရေးအရာ ကိစ္စရပ်တွေကို အကြမ်းဖက်ဖြေရှင်းလို့ အရင်းခံပြဿနာတွေ ပြေလည်အောင် မဖြေရှင်းနိုင်ပါဘူး။ အဲဒီလိုဆိုလိုက်လို့ လက်နက်ကိုင်အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရာမှာ တပ်မတော်ကို ဘေးချိတ်ထားရမယ် မဆိုလိုပါဘူး။ နိုင်ငံရေးအသိ မြင့်မားတဲ့ ခေတ်မီတပ်မတော်တရပ်ဟာ တိုင်းပြည်တိုင်းမှာ မဖြစ်မနေရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် နေရာမှန်မှာရှိဖို့ အလွန်အရေးကြီးပါတယ်။

ဒီမိုကရေစီနိုင်ငံတနိုင်ငံက တပ်မတော်ဆိုတာ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ပြည်သူကအပ်နှင်းတဲ့ တိုင်းပြည်အုပ်ချုပ်ခွင့်ရရှိသော အစိုးရတရပ်ရဲ့ ညွှန်ကြားမှုကို တိတိကျကျနာခံလို့ ပရောဖက်ရှင်နယ်ကျကျ နိုင်ငံကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမှာပါ။

လက်ရှိမြန်မာနိုင်ငံမှာက တပ်မတော်ဟာ ပြည်သူ့အစိုးရလက်အောက်က သီးခြား ကင်းလွတ်နေပါတယ်။ သမ္မတအမိန့်ကို နာခံစရာမလိုတဲ့သဘောမျိုး ဖြစ်နေတာ တပ်မတော်မှ မဟုတ်ပါဘူး။ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရဲ၊ စသုံးလုံး၊ အကျဉ်းဦးစီးဌာနတွေ ပါဝင်တဲ့ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနတွေ အားလုံး ပါဝင်နေပါတယ်။ ဒါကြောင့် လက်ရှိအရပ်သားအစိုးရမှာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကို တည့်မတ်အောင် လုပ်ဖို့ အလွန်အခက်အခဲတွေ့နေရတာ လူတိုင်း မြင်သာပါတယ်။

အဲဒီလိုဖြစ်နေအောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားတာမို့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ခရီးမတွင်ဘဲ နှောင့်နှေးနေရတာ ဖြစ်ပါတယ်။ တပ်မတော်ကို ခေတ်မီပြီး ပရောဖက်ရှင်နယ်ကျကျ ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ဖို့ ပြည်သူက ရွေးကောက်တဲ့ နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်မှုအောက် တိတိကျကျ ရောက်လာအောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ အမြန်ဆုံးခေါ်ယူ ကျင်းပနိုင်အောင် မြန်မာနိုင်ငံသားတိုင်း ၀ိုင်းဝန်းတိုက်တွန်းသင့်ပါတယ်။ ဒါဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်မှာဖြစ်သလို မိဘပြည်သူတွေ လေးစား အားထားရတဲ့၊ ပြည်သူချစ်တဲ့တပ်မတော် ဖြစ်လာစေဖို့နဲ့ တိုင်းပြည်ရဲ့ တံခါးအားလုံး လုံခြုံစေဖို့အတွက် တခုတည်းသောနည်းလမ်း ဖြစ်ပါကြောင်း ထပ်မံအသိပေးလိုက်ပါတယ်။

No comments: