Saturday, May 12, 2012

အစိုးရအာဏာပိုင်များ မြစ်ကြီးနားလုံခြုံရေး တင်းကြပ်

KNG

ကချင် ပြည်နယ် မြစ်ကြီး နားမြို့ ပေါ်ရှိ ရပ်ကွက် တိုင်းတွင် မေလ မှစပြီး လုံခြုံရေး တင်းကြပ် လာပြီဟု မြစ်ကြီးနား ဒေသခံ များပြော သည်။

ကချင်ပြည် နယ်မြို့ တော်တွင် မကြာ ခဏ ဗုံးပေါက် ကွဲမှုများ ဖြစ်ပေါ် လာခြင်းကြောင့် အစိုးရက ပိုမို လုံခြုံရေး တင်းကြပ် လာသည့် အ နေဖြင့် ရပ်ကွက် တိုင်းတွင် အလည့် ကျ ည ကင်းစောင့် ခိုင်းသည် ဟု ဒူကထောင် ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။

ယခု လဆန်းမှစပြီး ရပ်ကွက်တိုင်းတွင် တစ်အိမ် တစ်ယောက်ဖြင့် ညတိုင်း လူ ၅ ယောက်စီ အလည့်ကျ စောင့်ရကြောင်းနှင့် အကယ်၍ တစ်အိမ်မှ တစ်ယောက်မသွားပါက အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။

“ရပ်ကွက်တိုင်းမှာ ကင်းစောင့်ဖို့ နေရာလုပ်ထားတယ်။ အဲဒီနေရာမှာ အလေ့ကျသွားစောင့်ရတယ်။ တစ်အိမ် တစ်ယောက် တစ်ညကို ၄၊ ၅ ယောက်သွားစောင့်ရတယ်။ တစ်အိမ်က တစ်ယောက် မသွားဘူး ဆိုရင် အရေးယူမှာတဲ့။ ဘယ်လို အရေးယူမယ်ဆိုတာက မသိသေးဘူး။ အခုချိန်ထိတော့ အရေးယူခံရတာ မရှိသေးဘူး။ ရပ်ကွက်လူကြီးတွေ အမိန့်ပေးတာပဲရှိသေးတယ်။” ဟု ပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဂိတ်များနှင့် ရပ်ကွက်အ၀င်အထွက်ပေါက်များတွင်လည်း ညနေ ၇ နာရီ နောက်ပိုင်း ဆယ်ကယ်ဖြင့်သွားလာသူများကို ညကင်းများ၊ မီးတပ်နှင့် ရဲများမှ မော်တော်ဆိုင်ကယ် ထိုင်ခုံ အဖုံး များဖွင့်ခိုင်းပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သီတာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ပတ် မေ ၅ ရက်နေ့ ညတွင်လည်း အမြောက်ကားကြီး ၂ စီးဖြင့် အစိုးရစစ်သားများနှင့် ရဲများက မြစ်ကြီးနား မြို့တွင်း လည့်ပတ် သွားလာ သည်ကို မြင်ရ သည်ဟု စီတာပူ ရပ်ကွက် ဒေသခံ တစ်ဦး က ပြောသည်။

“ရှေ့မှာတော့ ရဲကားတစ်စီးအရင်သွားတယ်။ အဲဒီနောက်မှာ အမြောက်ကား ၂ စီး၊ အဲဒီနောက်မှာ တော့ ဆိုင်ကယ်နဲ့ စစ်သားတွေ သွားတယ်။ စစ်သား တွေရဲ့ နောက်မှာ တော့ ရဲကား တစ်စီးပြန် သွား တယ်။ အဲဒီလို လမ်းမကြီး အတိုင်း လည့်ပတ်ကြ တာဟုတ်တယ်။” ဟု ၎င်းက ပြောသည်။

သင်္ကြန်ကာလမှစပြီး ကချင်ပြည်နယ်မြို့တော်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ပေါက်ကွဲမှုများဖြစ်ပေါ်တိုင်း နိုင်ငံပိုင်အစိုးရသတင်းစာများတွင် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့(KIA) ကိုစွပ်စွဲ ထားသော်လည်း KIA က မြန်မာ အစိုးရ စစ်ရေး ပစ်မှတ်များ မှတပါး လက်နက်မဲ့ ပြည်သူ များကို တိုက်ခိုက်ခြင်း မရှိကြောင်း ငြင်းဆို သည်။

No comments: