Friday, May 18, 2012

ဆန္ဒပြအလုပ်သမားများ၏ အခြေခံလစာ တောင်းဆိုညှိနှိုင်းမှု ပြေလည်မှုမရရှိသေး

ရိုးမ ၃

အခြေခံ လစာ ၃၀၀၀၀ ကျပ် တိုးမြှင့် ပေးရန် အပါအဝင် သူတို့၏ လိုလား ချက်များကို ဆန္ဒပြ တောင်းဆို နေကြသည့် လှိုင်သာယာ စက်မှု ဇုန် စက်ရုံ များမှ အလုပ် သမား များနှင့် အလုပ်ရှင် သူဌေး များ၏ ညှိနှိုင်းမှု များမှာ ယနေ့ အထိ ပြေလည်မှု မရှိသေး သဖြင့် အလုပ် သမား များ ဆက်လက် ဆန္ဒပြ နေကြ သည်။


“ဒီနေ့အထိ စံပယ်ပွင့်ရော၊ နေမင်းအောင်ပါ ပြေလည်မူ မရကြသေးပါဘူး။ မနေ့က ၈ မိုင်အလုပ်သမားရုံးက ပြောလိုက်သလို လာရောက် ဖြေရှင်းပေးခြင်းလည်း မရှိပါဘူး။ ဒီနေ့ ၂ ရုံစလုံး ဆက် ဆန္ဒပြ ကြ ပါတယ်” ဟု အလုပ် သမားများ ဆန္ဒပြမှုကို စောင့်ကြည့် နေသူ တဦး ကပြောသည်။

စံပယ်ပွင့်၊ နေမင်းအောင်၊ ပုလဲ စသည့် စက်ရုံများမှ အလုပ်သမားများသည် ၁၆၊ ၅၊ ၂၀၁၂ ရက်နေ့မှစ၍ သူတို့၏ လိုအပ်ချက်များကို စက်ရုံများရှေ့တွင် ထိုင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆို နေကြ ခြင်းဖြစ် သည်။

အဆိုပါ ဆန္ဒပြစက်ရုံများသို့ လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးရာ ဥက္ကဌ (ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း) ဦးအောင်သိန်းလင်းမှ ယမန်နေ့က သွားရောက် ညှိနှိုင်း ပေးခဲ့ သော်လည်း ပြေလည်မှု မရ ရှိခဲ့ကြောင်း သိရသည်။

ယနေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၄၀ ခန့်သည် ပါတီဝတ်စုံများ ဝတ်ဆင်ကာ စက်ရုံနားသို့ လာရောက် အင် အားပြနေကြကြောင်း ဆန္ဒပြမှုကို စောင့်ကြည့်နေသူက ပြောသည်။

သူက “ထူးခြားတာက ဒီနေ့ ကြံ့ဖွံ့တွေ ၄၀ လောက်လည်း စက်ရုံနားမှာ လာအင်အား ပြကြပါတယ်။ မနေ့က အောင်သိန်းလင်းလာတာနဲ့ ဆက်စပ်နေသလားတော့ မပြောတတ်ဘူး။ လိုင်သာယာ ၂ ရပ်ကွက် က ကြံ့ဖွံ့တွေပါ။ သူတို့လည်း ဝတ်စုံပြည့်ပါပဲ”ဟု ပြောသည်။

ကြံ့ဖွံ့အဖွဲ့ဝင်များ အင်အားပြမှုကို အမျိုးမျိုးဝေဖန်ပြောဆိုနေကြသော်လည်း မည်သည့်အတွက်ကြောင့် လာရောက် အင်အားပြသည်ကိုမူ တိတိကျကျ မသိရသေးပေ။

လက်ရှိတွင် လှိုင်သာယာစက်မှုဇုံအတွင်း စက်ရုံများမှ အလုပ်သမား ၃ ထောင်ကျော် လစာတိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုနေကြပြီး ၈ မိုင် အလုပ်သမားရုံးအပါအဝင် တာဝန်ရှိသူများမှ ကြားဝင် ညှိနှိုင်း ပေးမှုများ ရှိနေပြီး အလုပ်ရှင် များဘက်မှ ခြိမ်းခြောက်မှု များလည်း ရှိနေ ကြောင်း သိရသည်။

No comments: