Monday, May 21, 2012

မဖြူဖြူသင်း​အ​ကြောင်း​ ဘဝရုပ်ပုံလွှာကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြု

နေသွင်

ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ မင်္ဂလာ​တောင်ညွန့်​မြို့​နယ်က​နေ ​ရွေး​ကောက်ခံရတဲ့​ လွှတ်​တော်အမတ် ​ဒေါ်ဖြူဖြူသင်း​ရဲ့​ ဘဝရုပ်ပုံလွှာ ​ဆောင်း​ပါး​ကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြုတာ​ကြောင့်​ ဂျာနယ်မှာ ​ဖော်ပြခွင့်​မရဘူး​လို့​ သိရပါတယ်။

ဆောင်း​ပါး​ရှင် ​မောင်ကိုကို (အမရပူရ)က ​ရေး​သား​တဲ့​ ​ဆောင်း​ပါး​ကို First Weekly ဂျာနယ်မှာ ​ဖော်ပြဖို့​ လွန်ခဲ့​တဲ့​ နှစ်ပတ်​ကျော်ကတည်း​ စီစဉ်ခဲ့​ပေမယ့်​ စိစစ်​ရေး​က ခွင့်​မပြုခဲ့​ကြောင်း​ ဂျာနယ်တာဝန်ခံ ကို​အောင်စိုး​သူက ​ပြောပါတယ်။

“အဲဒီစာမူကို ​ခေတ္တဆိုင်း​ထား​ပါဆိုတဲ့​ ညွှန်ကြား​ချက်​ပေါ့​။ ဆရာ ဦး​ကိုကို (အမရပူရ) ကလည်း​ ခပ်စွာစွာ​လေး​ရေး​ထား​တာ ဆို​တော့​ သူက ဒါကို ခဏ ဆိုင်း​ထား​ပါဦး​ ဆိုပြီး​တော့​ ညွှန်ကြား​ချက်လာတာပဲဗျ။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် ​ဒေါ်ဖြူဖြူသင်း​ဟာ လွန်ခဲ့​တဲ့​ ၁၀ နှစ်အတွင်း​ အိပ်ခ်ျအိုင်ဗွီ/​အေအိုင်ဒီအက်စ် ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှုလုပ်ငန်း​တွေ လုပ်ကိုင်​နေစဉ် အာဏာပိုင်​တွေရဲ့​ အ​နှောင့်​အယှက်မျိုး​စုံကို ကြုံခဲ့​ရသလို၊​ ကာလတခု ဖမ်း​ဆီး​ချုပ်​နှောင်ခံရတာ​တွေ၊​ ထွက်​ပြေး​တိမ်း​ရှောင်ခဲ့​ရပါတယ်။

ဆောင်း​ပါး​ရှင် ​မောင်ကိုကို (အမရပူရ)က​တော့​ သူ့​ဆောင်း​ပါး​ကို စိစစ်​ရေး​က ခွင့်​မပြုတာနဲ့​ ပတ်သက်လို့​ အခုလို​ပြောပါတယ်။

“​အော်ပီကျယ်၊​ ​ကေ​အေတီ၊​ ဆရာ​မောင်​ပေါ်ထွန်း​၊​ ကို​နေဝင်း​၊​ ကိုရဲလွင်၊​ ခင်​မောင်ရင်၊​ ကို​နေမျိုး​စေသဖြင့်​ profile ​တွေပဲ ကိုင်တာ။ အနုပညာရှင်​တွေက​တော့​ ပြဿနာမရှိဘူး​။ နိုင်ငံ​ရေး​မှာ မဖြူဖြူသင်း​ကို စပြီး​ကိုင်ကြည့်​တာ။ ကျ​နော်​ရေး​တာက ပြည့်​စုံ​အောင် ​ရေး​လိုက်တာ ဆိုင်း​ငံဆိုပြီး​ လုပ်ပစ်လိုက်တယ်။ နိုင်ငံ​ရေး​အရ နာမည်ကြီး​တဲ့​သူ​တွေ ကျ​နော်တို့​က လုပ်ဖို့​ ရှိတာကို။ ​ရှေ့​ဆက်ပြီး​ ဆက်လုပ်ဖို့​ နည်း​နည်း​ ခက်သွား​တာ​ပေါ့​။ ကျ​နော်တို့​ရေး​တာက ဘဝ​တွေကို ပြည့်​စုံ​အောင် ​ရေး​ရတာကို။ ကိုမင်း​ကိုနိုင်တို့​ စသဖြင့်​ပေါ့​ ကျ​နော်က ​ရေး​ဖို့​ အစီအစဉ်ရှိတယ်​လေ။”

သောကြာ​နေ့​တိုင်း​ တပတ်တခါထုတ်​နေတဲ့​ First Weekly ဂျာနယ်မှာ အရင်တုန်း​ကလည်း​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုဂျင်မီရဲ့​ စစ်​ကြော​ရေး​ကာလ အ​တွေ့​အကြုံ အ​ကြောင်း​ပါဝင်တဲ့​ ကျ​နော်နှင့်​ နိုင်ငံ​ရေး​ အခန်း​ဆက် ​ဆောင်း​ပါး​ကို စိစစ်​ရေး​က ခွင့်​မပြုတာ ဖြစ်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ကိုဂျင်မီကိုယ်တိုင် စာ​ပေ စစ်စစ်​ရေး​ ဒု – ညွှန်ချုပ် ဦး​တင့်​ဆွေနဲ့​ ​ဆွေး​နွေး​ပြီး​တဲ့​နောက်မှာ​တော့​ အခု​နောက်ဆုံး​ထုတ် ဂျာနယ်မှာ ပြန်လည်​ဖော်ပြခွင့်​ ပြုလိုက်တယ်လို့​ ကိုဂျင်မီက ​ပြောပြပါတယ်။

“စစ်​ကြော​ရေး​ကာလမှာ ကျ​နော် ကြုံရတဲ့​ အ​ခြေအ​နေ​လေး​တခု လွတ်လပ်မှု ဆိုတဲ့​ဟာက ချုပ်​နှောင်ခံရတဲ့​သူကမှ ပိုနား​လည်တာဗျ။ အလင်း​တဲ့​ တန်ဖိုး​ကို မျက်စိကန်း​ဖူး​တဲ့​သူကမှ ပိုနား​လည်တယ်ဗျ။ အဲဒီ​တော့​ ကျ​နော် စစ်​ကြော​ရေး​ ​ရောက်တဲ့​ကာလမှာ ကျ​နော့်​ကို လက်ထိပ်​နောက်ပြန်ခတ်တယ်။ မျက်စိကို ပိတ်စည်း​ထား​တယ်။ အ​မှောင်ခန်း​ထဲကို ထည့်​ထား​တယ်။ အဲဒီ​နောက် လက်ထိတ်​နောက်ပြန်က​နေ ​ရှေ့​ကိုခတ်တဲ့​ အ​ခြေအ​နေ​ရောက်တယ်။ အဲဒီလို အ​တွေ့​အကြုံမှာ ကျ​နော်ရဲ့​ စိတ်ခံစား​ချက်​လေး​တွေ​ပေါ့​။ ကျ​နော့်​မှာ ဘာအာဃာတမှ မထား​ဘူး​။ သင်ခန်း​စာယူနိုင်​အောင် တချိန်က ဆိုး​ခဲ့​တဲ့​ အတိတ်​တွေဟာ ဒီ​ခေတ်မှာ​တော့​ တဖြည်း​ဖြည်း​ ​လျော့​ပါး​လာပြီ။ ​နောက်ဆိုရင် တဖြည်း​ဖြည်း​နဲ့​ ​ပျောက်ကွယ်ရမယ့်​ အ​ခြေအ​နေ​ပေါ့​။ အဲဒီကာလ​တွေတုန်း​က လွတ်လပ်ခြင်း​ဆိုတာကို ဘယ်လို သတ်မှတ်ခဲ့​ရတယ်​ပေါ့​။ အဲဒါမျိုး​ပါပဲ။ အဲ​တော့​ ပွင့်​ပွင့်​လင်း​လင်း​ပြောရရင် စာစစ်မှူး​တွေကလည်း​ ပထမဆုံး​ အ​တွေ့​အကြုံဆို​တော့​ ဒါကို ခွင့်​မပြုတာလား​ မသိဘူး​။ ​သေချာပြန်ဖတ်ကြည့်​မှ ​တော်​တော်​ပြေပြစ်ပါတယ်။ ​ပေး​မယ်ဆို ​ပေး​လို့​ရပါတယ်။ ဒါက​တော့​ အဆင့်​လည်း​ ကွာမှာ​ပေါ့​နော်။”

ဒေါ်ဖြူဖြူသင်း​ရဲ့​ ဘဝ​ကောက်​ကြောင်း​ ​ဆောင်း​ပါး​ကို​တော့​ ​ဖော်ပြခွင့်​ရ​အောင် ​နောက်တကြိမ် ထပ်ကြိုး​စား​ဦး​မယ်လို့​ First Weekly ဂျာနယ် တာဝန်ခံ ကို​အောင်စိုး​သူက ​ပြောပါတယ်။

ဒီအ​တောအတွင်း​မှာ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနလက်​အောက်ခံ၊​ စာ​ပေစိစစ်နှင့်​ မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြား​ရေး​မှူး​ချုပ် ဦး​တင့်​ဆွေက​တော့​ လာမယ့်​ ဇွန်လက စတင်ပြီး​ စာ​ပေအမျိုး​အစား​အား​လုံး​ စာ​ပေစိစစ်​ရေး​က​နေ ကင်း​လွတ်ခွင့်​ ​ပေး​တော့​မှာ ဖြစ်တဲ့​အ​ကြောင်း​ တရား​ဝင် ​ပြောဆိုထား​ပါတယ်။

No comments: