Saturday, May 19, 2012

ဒီပါတီ မထိနဲ့ … ဒီဒေါက်တိုင် မနှဲ့နဲ့

ရန်ကုန်သားတာတေ

“ငါကကျပ်ငွေနဲ့ ရတာ၊ မင်းလို ဒေါ်လာနဲ့ လစာရတာ မဟုတ်ဘူးကွ။ ကျပ်ငွေနဲ့ ရပေမယ့် ဦးသြဘာသကျောင်းမှာ ဆွမ်းခွက်ဆေး၊ ကြမ်း တိုက်လာတဲ့ ကျောင်းထွက်ကွ ဘာမှတ်တုန်း” (ပုံ – ဦးသြဘာ ကျောင်း ထွက် ဘော်ဒီဂတ်)

“ကျုပ်က ဆဋ္ဌမဒေါက်တိုင်ကွ။ ယောက္ခမကို အလုပ်အကျွေးပြုနေတာ။ မင်းတို့က စိန်နားကပ်အရောင်နဲ့ အပေါင်ဆိုင်သွား … အဲလေ ပါး ပြောင်ကြတာ” (ပုံ – အကြွေးဝိုင်းစာစောင်မှ ဂျာနယ်လစ်)

“ကျပ်ငွေနှင့် ဒေါ်လာကို အစိုးရက ပေါက်ဈေးသတ်မှတ်ပြီးဖြစ်သဖြင့် ကျပ်စား၊ ဒေါ်လာစား ပြဿနာ မရှိသင့်။ ရှိသမျှဒေါက်တွေ ကျိုး သော် လည်း ဆဋ္ဌမဒေါက်တိုင်ကို စတီးရိုးဖြင့် အစားထိုးမည်။ စိန်နားကပ်အရောင်နှင့် ပါးပြောင်ကြသည့်တိုင် စိန်နားကပ်ပိုင်ရှင်နှင့် ဆက်လက် ဆက်ဆံသွားမည်” (ပုံ – ဆဋ္ဌမဒေါက်တိုင်များ အစည်းအရုံး)

“ဆဋ္ဌမဒေါက်တိုင်ကို အရင်းကဖြုတ်ပြီး ထင်းလုပ်ပစ်လိုက်မယ်။ ဘာမှတ်သလဲ။ စိန်နားကပ်အရောင်နဲ့ ပါးပြောင်တော့ မီးပျက်တဲ့ရက် အ လင်းရောင်တောင်ရသေးတယ်။ စိန်နားကပ်နဲ့ ပတ်သက်လို့ အနားတောင်မကပ်နဲ့” (ပုံ – ရမ်းသမ်းထောက်ခံသူများ)

“ဆဋ္ဌမ ဒေါက်တိုင်ကို ခုံနှဲ့သူများ၊ အကြွေးဝိုင်းစာစောင်ကို အကြွေးတောင်းစာပို့သူများ … အဲ …မှားလို့ … ကိုယ်မထိတထိ လက်မရောက် တရောက်ပြုသည့် မည်သည့် ကျောင်းထွက် ဘော်ဒီဂတ်ကို မဆို ရှုတ်ချသည်” (ပုံ – တမတ်တန် ဂျာနယ်

“လက်သည်းဆိပ်တော့ ချိုင်းက ယားတယ်ပေါ့လေ။ အကြွေးဝိုင်းစာစောင်ကို ထိတော့ တမတ်တန် ဂျာနယ်က ဘယ်နေမလဲ။ သူတို့က သူကြီးသားတွေ၊ သူကြီးဆီက မသေခင် အမွေခွဲပြီး ဂျာနယ်ထုတ်စားတော့ အရင်းပြုတ်ကုန်မှာကိုး” (ပုံ – ရမ်းသမ်းထောက်ခံသူများ)

“စိန်နားကပ်လည်း စိတ်မဝင်စားဘူး၊ ဘော်ဒီဂတ်လည်း စိတ်မဝင်စားဘူး။ စိန်နားကပ်ငှားရင် ပေါင်စားမယ်၊ ဘော်ဒီဂတ်ထွားရင် လူမိုက် ငှားမယ် … ဒါပဲ” (ပုံ – ဘက်မလိုက် ကြားမနေ ဂျာနယ်လစ်)

“ကျွန်ုပ်တို့က ဘာဖြစ်ဖြစ် စိန်နားကပ်နဲ့ ဘော်ဒီဂတ်ကိုသာ မျက်စိမှိတ်ထောက်ခံသည်။ မိုက်လျှင် မုခဘုတ်အုပ်မှာ ချမည်။ ဘယ်သူက ထ မင်းမစား၊ အိပ်ယာမဝင်ဘဲ အပြန်အလှန်မုခစာအုပ်ရေးရဲသလဲ … လာခဲ့။ မနိုင်လျှင် လူချင်းတွေ့က ဖက်ကိုက်မည်” (ပုံ – ရမ်းသမ်း ထောက် ခံ သူများကို မြှောက်ပေး … အဲလေ … ထောက်ခံသူများ)

ဦးရုက္ခစိုးနှင့် တွေ့ရန် ဒွိုင်ဆူးထေ့ တောင်ပေါ်ရှိ စံနန်းဆောင်ဝတွင် ရောက်နေသော ဖိုးရှုပ်နဲ့ ကြွက်စုတ်ကား ဦးရုက္ခစိုး ဖတ်နေသော စာ သံ များကြောင့် နားမလည်ဖြစ်ကာ တယောက်မျက်နှာ တယောက် ကြည့် မိလေသည်။

ကြွက်စုတ် ။ ။ ဦးရုက္ခစိုး ဓာတ်ကွန်ပြူတာရှေ့မှာ ဘာတွေ ဖတ်နေတာတုန်းဗျ။ သိုင်းဝတ္ထုလား။

ဦးရုက္ခစိုး ။ ။ ခေတ်သစ် မော်ဒန် “မုခဘုတ်အုပ်” သိုင်းဝတ္ထုဆို မှန်မယ်။ အပြန်အလှန် စကားလုံးတွေ၊ ဆဲသံတွေနဲ့ တဖြောင်းဖြောင်း တ ဂျိမ်းဂျိမ်း ပစ်ခတ်နေကြတာ နားရွက်နားက ရွှီကနဲ ရွှီကနဲ ဖြစ်သွားလို့ မနည်းရှောင်နေရတယ်ဟေ့။

ဖိုးရှုပ် ။ ။ ဦးရုက္ခစိုး ဖတ်နေတဲ့ဟာက ဒီမိုကရေစီ မိခင်ကြီးရဲ့ ဘော်ဒီဂတ်နဲ့ နေ့ချင်းကြီး ဂျာနယ်လစ်တွေ ကျီစားတာကို ပရိသတ်တွေ မြှောက်ပေးတာကနေ ရန်ထဖြစ်ကြတဲ့ပွဲ ဖတ်နေတယ်ထင်တယ် .. ဟိ … ဟိ။

ဦးရုက္ခစိုး ။ ။ ဟိုတလောက သတင်းတပုဒ် ဖတ်လိုက်ရတယ်။ အလုပ်မရှိသူ ဝေလေလေများသာ မုခဘုတ်အုပ် အသုံးများသည်တဲ့။ အခု အဲဒီအဆိုပဲ မှန်တယ် ပြောရမလား၊ “ဒီပါတီကို မထိနဲ့က တဖက်” … “ဒီဒေါက်တိုင်ကို မနှဲ့နဲ့က တဖက်” မနူးမနပ်တွေ နပမ်းလုံးတဲ့ပွဲ လူကြီးတွေလည်း မနေရ … ဆိုးပါ့ကွာ။

ကြွက်စုတ် ။ ။ ဦးရုက္ခစိုးလည်း မုခဘုတ်အုပ် မသုံးရမနေနိုင်ဆိုတော့ အလုပ်မရှိ ဝေလေလေထဲ ပါတာပေါ့နော်။

ဦးရုက္ခစိုး ။ ။ သယ် … ရာရာစစ … တန်ဆေးလွန်ဘေးပဲကွ။ မင်းလိုသာပြောကြကြေးဆို သမ္မတအိမ်တော် မုခဘုတ်အုပ် ပြန်ကြားရေးဌာနလည်း ဝေလေလေတွေ ဖြစ်ကုန်တော့မပေါ့။

ဖိုးရှုပ် ။ ။ ဦးရုက္ခစိုး၊ အဲဒီ မုခဘုတ်အုပ် နပမ်းသတ်ပွဲမှာ ဘယ်သူက လွန်တာလဲဗျ။ ဂျာနယ်လစ်ကတော့ သတင်းယူ၊ ဓာတ်ပုံရိုက်မှာပဲဗျ။ ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲပါဗျာ။

ကြွက်စုတ် ။ ။ ဖိုးရှုပ် မင်းဘာသိလို့တုန်း၊ တချို့ဂျာနယ်လစ်တွေက မနေ့ကမွေး ဒီနေ့ကြီး၊ ချက်ချင်းဆရာကြီးဂိုက် ဖမ်းနေတာ။ မပြည့်အိုးတွေက မင်းလိုပေါ့ဖိုးရှုပ်ရာ … အဟား။

ဖိုးရှုပ်ကား ဒေါသထွက်လာလေသည်။

ဖိုးရှုပ် ။ ။ ဘာကွ၊ မင်းတို့သာ မျက်စိစုံမှိတ်ပြီး မူမသိ၊ အနှစ်သာရမသိ၊ ကိုယ်ပြောလိုက်တဲ့စကား ကိုယ့်ခေါင်းဆောင် ပြန်ထိပြီး ကိုယ့်ပေါင် လှန်ထောင်း လို့ ထောင်းမှန်းမသိ ဖြစ်နေတာကွ …။

ဦးရုက္ခစိုး ။ ။ ကိုင်းကိုင်း … တော်ကြတန်ကြ၊ မုခဘုတ်အုပ်ရန်ပွဲနဲ့ပဲ ငါ့အဖို့ တော်လောက်ပြီ၊ မင်းတို့ ရန်ပွဲ မကြည့်ချင်ဘူး။ ဘာမဟုတ် တာ လေးကို ဘေးတီးမီးထိုး၊ မြှောက်ပေးရင် ပုဆိုးကျွတ်အောင်က၊ လူကောင်းသူကောင်းတွေလည်း မနေရ …။ သူတို့ ဖြစ်ပုံရော၊ မင်းတို့ဖြစ်ပုံရောက ကလေးချင်းရန်ဖြစ်တာ မိဘတွေပါ နပမ်းလုံးရသလို ဖြစ်နေတယ်။

ဖိုးရှုပ် ။ ။ ဦးရုက္ခစိုး မသိလို့၊ ဒီပါတီက အရေးကြီးတဲ့ပုဂ္ဂိုလ်က တော်တော်၊ အနားက လူတွေက ယောက်ယက်ခတ်နေတာဗျ။ တကယ်ဆို တလျှောက်လုံး ကျနော်တို့ ဂျာနယ်လစ်တွေက ရေးခဲ့တာပဲဗျ။ ခုမှ ရွှေပျောက်သလိုလို၊ ထီလက်မှတ်ပျောက်သလို ဖြစ်လို့ ရလား။

ကြွက်စုတ် ။ ။ ဖိုးရှုပ်ရယ် … ဒါကလည်း ဒီပါတီအကြောင်းရေးလို့ပဲ ဂျာနယ်ရောင်းကောင်းတာ ထည့်ပြောဦးလေ။

ပွဲက ဇာတ်ရှိန်မြင့်လာသဖြင့် ဦးရုက္ခစိုးကား ဖြန်ဖြေရေး စရလေတော့သည်။

ဦးရုက္ခစိုး ။ ။ ဘယ်သူက ဘယ်သူ့ရယ် မဟုတ်ဘူး။ ဒါက နှစ်ဖက်စလုံး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ အညမညပဲ။ သူ့ကြောင့် ငါ့ကြောင့် ပြော နေလို့ လုပ်စရာတွေ မပြီးမြောက်သွားဘူး။ တော်ကြ။

ဖိုးရှုပ် ။ ။ ဦးရုက္ခစိုးရဲ့ … သူတို့ကလည်း ဘုန်းကြီးကျောင်း တက်တုန်းက စာကြေအောင် မသင်ခဲ့ဘူးထင်ပါရဲ့။ မာရေကြောရေနဲ့ဗျ။

ကြွက်စုတ် ။ ။ အောင်မယ် … ဖိုးရှုပ်ရယ် … မင်းတို့ ဂျာနယ်လစ်ဆိုတာလေး ကင်မရာပေးပြီး လွှတ်လိုက်ရင် ချိုတပ်လိုက်တဲ့ မြင်းအတိုင်းပဲ … ထင်တလုံးနဲ့ကိုး။

ဖိုးရှုပ် ။ ။ မင်းက ပြောမှာပေါ့ … မင်းတို့ ဒီပါတီကလူတွေလည်း ဟိုအစိမ်းရောင်ဝတ်တွေနဲ့ ဘာထူးတုန်း၊ နှဲကြီး လက်ထဲရောက်တဲ့လူလို … အသံထွက်အောင် မှုတ်ပြချင်တော့တာကိုး …။

ကြွက်စုတ် ။ ။ ဒီမိုကရေစီဆိုတာ ပြောချင်တာပြော၊ ဓာတ်ပုံရိုက်ချင်ရာရိုက်၊ ရေးချင်ရာ ရေးလို့ ရလို့လားကွ။ ဒီပါတီရဲ့ အရေးကြီး ပုဂ္ဂိုလ် တ ယောက် လုံခြုံရေး ကလည်း အရေးကြီးတာပေါ့။ အိုပါးတို့ နိုင်ငံက ဘော်ဒီဂတ်တွေဆို သေနတ်တွေတကားကားနဲ့။

ဖိုးရှုပ် ။ ။ မပြည့်အိုး ဘောင်ဘင်ခတ်တဲ့သူတွေကို ကွက်ပြီး ပြောပါကွာ။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မပေါ့။ သိမ်းကြုံး ပြောလို့ ဖြစ်မလား။ အောက်ခြေကလူတွေ မကောင်းတာနဲ့ပဲ ခေါင်း ဆောင်လုပ်တဲ့သူနာမည် ပျက်မယ်။ မင်းက ထောက်ခံချင် လည်း ဦးရုက္ခစိုး ပြောသလို ဒီပါတီ မူဝါဒလေး၊ သဘောတရားလေးလည်း နားလည်အောင် လုပ်ပါဦး၊ ဘာမှ မသိ ရမ်းထောက် ခံနေရင် မြင်းထိန်း ငတာ ဖြစ်နေပါဦးမယ်။

ဦးရုက္ခစိုးရှေ့ မျက်မှောက် လက်ငင်းဖြစ်နေသော “ဒီပါတီကို မထိနဲ့က တဖက်” … “ဒီဒေါက်တိုင်ကို မနှဲ့နဲ့က တဖက်” ပွဲကား အထွဋ်အ ထိပ် ရောက်လေပြီ။

ကြွက်စုတ် ။ ။ ဒီလို မင်းက စည်းကမ်းမဲ့ ပြောဆိုတာ ဒီမိုကရေစီ နည်းလမ်းကျသလားကွ … မင်းတို့ ဂျာနယ်လစ်တွေဟာ တယောက်ကို ထိရင် အကုန်နာတတ်တာကိုး ..။

ဖိုးရှုပ် ။ ။ မင်းတို့က ပိုဆိုးသေး … ကျီးကန်းတွေလိုပဲ …. ဝိုင်းပြီးတော့ …

ဦးရုက္ခစိုးကား များစွာ စိတ်ရှုပ်လာသဖြင့် ဖိုးရှုပ်ရော ကြွက်စုတ်ကိုပါ အော်လေတော့သည်။

ဦးရုက္ခစိုး ။ ။ ဟေ့ တော် … တန် … တိတ် …။ မုခဘုတ်အုတ် ရန်ပွဲနဲ့တင် စိတ်ညစ်လှပြီ။ အခု မျက်မြင်ကိုယ်တွေ့ ရန်ပွဲ ထပ်ကြုံနေရပြန်ပြီ။ ကိုင်း … သွားကြတော့ … နပမ်းလုံးချင်လည်း အပြင်မှာ လုံးကြပေတော့။

ဦးရုက္ခစိုးသည် လက်သီးတပြင်ပြင် အံတကြိတ်ဖြစ်နေသော ဖိုးရှု့ပ်နှင့် ကြွက်စုတ်ကို စံနန်းအိမ်အပြင်ဘက်သို့ မောင်းထုတ်လိုက်လေတော့သည်။

ဦးရုက္ခစိုး ။ ။ အမှိုက်ကစ ပြသာဒ်မီးလောင်၊ မုခဘုတ်အုပ်မှာတောင် မနည်းရှောင်နေပါတယ်ဆိုမှ ကိုယ့်ရှေ့လာပြီး ရန်ဖြစ်ကြတာနဲ့ တိုးနေ တယ်။ ဒုက္ခ …။

ဤသို့ဖြင့် ဦးရုက္ခစိုးသည် ညနေစောင်းသောကာလ စိတ်က မရိုးမရွရှိသည်နှင့် မုခဘုတ်အုပ်သို့ တက်လိုက်သည်ရှိသော် မြင်လိုက်ရသော ကြေညာချက်များကြောင့် ဆွေ့ဆွေ့ခုန် ဒေါသ ထွက်ကာ သတင်းကို အတင်းဖွလေသော ဖိုးရှုပ်နှင့် ကြွက်စုတ်ကို အမှုန့်ကြိတ်ချင်စိတ်များ တဖွားဖွား ပေါ်နေလေတော့သတည်း။

“ဦးရုက္ခစိုး၏ ဒွိုင်ဆူးထေ့ စံနန်းအိမ်တွင် တံခါးပိတ်အစည်းအဝေးပြုလုပ်ကာ ကျွန်ုပ်တို့၏ ဒီပါတီကို ထိပါးပြောဆိုမှုများ ပြုလုပ်သည်ဟု ကြားသိရသဖြင့် ဦးရုက္ခစိုးကို ပြင်းထန်စွာ ကန့်ကွက်လိုက်ပါသည်” (ပုံ – ရမ်းသမ်းထောက်ခံသူများ)

“ဒွိုင်ဆူးထေ့တွင် စကားဝိုင်းဆွေးနွေးပွဲ၌ နှစ်ဖက်စလုံး “မှား” သည်ဟု ပြောဆိုခဲ့ကြောင်း ကြားသိရသဖြင့် လက်ခံကျင်းပသော ဦးရုက္ခစိုး ကို ကန့်ကွက်လိုက်ပြီး ဖြစ်စဉ် အသေးစိတ်ကို စုံစမ်း ထုတ်ပြန် သွား မည်” (ပုံ – ဆဋ္ဌမဒေါက်တိုင်များ အစည်းအရုံး)

No comments: