Thursday, May 17, 2012

ဒု-သမ္မတ ဦး​တင်​အောင်မြင့်​ဦး​ နုတ်ထွက်မှု တရား​ဝင်သတင်း​ထုတ်ပြန်​ပေး​ရန် ​တောင်း​ဆို

အံ့ဘုန်းမြတ်

ဒု-သမ္မတ ၁ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ ရာထူး​က နုတ်ထွက်သွား​ပြီလို့​ သတင်း​တွေ ထွက်​ပေါ်ပြီး​ ​နောက်ပိုင်း​ သမ္မတက တာဝန်ခံမှု အပြည့်​နဲ့​ သတင်း​ထုတ်ပြန်​ပေး​ဖို့​ လွှတ်​တော်ကိုယ်စား​လှယ်အချို့​က ​တောင်း​ဆို လိုက်ကြပါတယ်။

ဒု-သမ္မတ ၁ ဦး​တင်​အောင်မြင့်​ဦး​ ကျန်း​မာ​ရေး​ကြောင့်​ ရာထူး​က နုတ်ထွက်စာ တင်ထား​တယ်လို့​ သတင်း​တွေ ထွက်​ပေါ်ခဲ့​ပြီး​ သမ္မတအ​နေနဲ့​ ဒီနုတ်ထွက်စာကို တရား​ဝင် အသိအမှတ်ပြု လက်မခံ​သေး​တာဟာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ ၂၁ ရက်အတွင်း​ လွှတ်​တော်ပြန်လည်​ခေါ်ယူပြီး​ ဒု-သမ္မတ ​နေရာကို ​ရွေး​ကောက် တင်​မြှောက်ရမယ်ဆိုတဲ့​ အချက်​ကြောင့်​ တရား​ဝင် ထုတ်ပြန် ​ကြေညာတာမျိုး​ မရှိ​သေး​တာပါ။

ဒါနဲ့​ပတ်သက်ပြီး​ အမျိုး​သား​လွှတ်​တော် ဥပ​ဒေမူကြမ်း​ ​ကော်မတီအဖွဲ့​ဝင် ​ဒေါက်တာမြတ်ဥာဏစိုး​က “ဒုတိယ သမ္မတ (၁) က ကျန်း​မာ​ရေး​အရ အနား​တောင်း​ထား​တယ်ဆိုတာက​တော့​ ​သေချာသ​လောက်ပါပဲ။ အဲဒီ​တော့​ တရား​ဝင်ထုတ်ပြန်​ကြေညာခြင်း​ မရှိ​သေး​ဘူး​ဆိုတာက​တော့​၊​ တရား​ဝင် ဒါကို လက်ခံလိုက်ပြီဆိုရင် ကျ​နော်တို့​က ၂၁ ရက်အတွင်း​မှာကို လွှတ်​တော်ပြန်​ခေါ်ရမယ့်​ အ​နေအထား​မျိုး​ပါ။ ဒါ​ကြောင့်​မို့​လို့​ ဒီဟာ​လေး​ကို​တော့​ သမ္မတကြီး​က ထုတ်ပြန် မ​ကြေညာထား​သေး​ဘူး​လို့​ ထင်ပါတယ်” လို့​ ​ပြောပါတယ်။

သမ္မတအ​နေနဲ့​ ဒီနုတ်ထွက်လွှာကို လက်ခံ လက်မခံ တရား​ဝင် ထုတ်ပြန်​ကြေညာ​ပေး​ဖို့​ လိုအပ်တယ်လို့​ အမျိုး​သား​လွှတ်​တော် နိုင်ငံသား​များ​ရဲ့​ မူလအခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီ​ရေး​နှင့်​ လူ့​အခွင့်​ရေး​ကော်မတီ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က ဆိုပါတယ်။

“အစိုး​ရအဖွဲ့​က ထုတ်ပြန်မှပဲ တရား​ဝင်သိတာ​လေ။ ဒီလိုမျိုး​ ပြင်ပမှာ ​ကောလာဟလပဲ ဖြစ်ဖြစ်​ပေါ့​နော် အယူအဆမျိုး​စုံ မီဒီယာ​တွေမှာ ထွက်​နေတယ်ဆိုရင် အစိုး​ရအဖွဲ့​ရဲ့​ တာဝန်က​တော့​ဖြင့်​ ဒါ ပြည်သူ​တွေ အမှန်ဘက်ကို သိ​အောင် ပြည်သူ​တွေ ရှင်း​ရှင်း​လင်း​လင်း​သိ​အောင် သူတို့​ပြောကြား​တဲ့​ ပွင့်​လင်း​မြင်သာမှု​ပေါ့​။ ဒါ​တွေကို လူထုကြား​ထဲကို အမှန်တခု တင်လည်း​ တင်ထား​တယ်၊​ ဒီလို သုံး​သပ်​နေတယ်၊​ သတင်း​စာရှင်း​လင်း​ပွဲ မလုပ်နိုင်ရင်​တောင်မှ​လေ။ လက်ခံလည်း​ လက်ခံတယ်၊​ လက်မခံရင်လည်း​ လက်မခံဘူး​။ ဒါကို နိုင်ငံအကျိုး​အတွက် အကုန်လုံး​ အကျိုး​အတွက်​လေ ထုတ်ပြန်​ပေး​သင့်​တဲ့​ သ​ဘောလို့​ ကျ​နော် သ​ဘောရပါတယ်။”

လစ်လပ်သွား​မယ့်​ ဒုတိယသမ္မတ ၁ သီဟသူရဦး​တင်​အောင်မြင့်​ဦး​ရဲ့​ ​နေရာကို ဒုတိယသမ္မတ ၂ အဖြစ် တာဝန်ထမ်း​ဆောင်​နေတဲ့​ ​ဒေါက်တာ စိုင်း​မောက်ခမ်း​က ဥပ​ဒေအရ လွှဲ​ပြောင်း​တာဝန်ထမ်း​ဆောင်ရမှာပါ။

ဒေါက်တာစိုင်း​မောက်ခမ်း​ရဲ့​ ဒုတိယသမ္မတ ၂ ​နေရာအတွက် ကာကွယ်​ရေး​ဦး​စီး​ချုပ်က အမည်စာရင်း​တင်သွင်း​ ခန့်​အပ်ထား​တဲ့​ တပ်မ​တော်သား​ လွှတ်​တော်ကိုယ်စား​လှယ် ၂၅ ရာခိုင်နှုန်း​ အစုအဖွဲ့​က တင်​မြှောက်ကြရမှာ ဖြစ်ပါတယ်။

ဒီလို ဒုတိယသမ္မတ ၂ ​နေရာ တင်​မြှောက်မယ့်​အ​ပေါ် ဘယ်လို ပုဂ္ဂိုလ်မျိုး​ ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စား​စရာ ​ကောင်း​နေတဲ့​အ​ပေါ်ကိုလည်း​ ​ဒေါက်တာ​အေး​မောင်က အခုလို​ပြောပါတယ်။

“သမ္မတကြီး​ ပြီး​ခဲ့​တဲ့​ကာလ​လေး​က ​ပြောခဲ့​တဲ့​ မိန့်​ခွန်း​လေး​တွေက​တော့​ စိတ်ဝင်စား​ဖို့​ ​ကောင်း​ပါတယ်။ ပြုပြင်​ပြောင်း​လဲလိုတဲ့​ ဥစ္စာ​လေး​နဲ့​ မပြုပြင် မ​ပြောင်း​လဲလိုတဲ့​ ဥစ္စာ​လေး​ နှစ်ခုရဲ့​ ခြား​နား​ခြင်း​ကို သူညွှန်း​တာ ရှိတယ်။ တကယ်လို့​များ​ ဒုတိယ သမ္မတ တဦး​ဦး​ကို အစား​သွင်း​ဖို့​ လိုမယ်ဆိုရင် ပြုပြင်​ပြောင်း​လဲ လိုတဲ့​ပုဂ္ဂိုလ်၊​ ​ပျော့​ပျောင်း​တဲ့​ ပုဂ္ဂိုလ်၊​ တပ်မ​တော်နဲ့​ပတ်သက်လို့​ နီး​စပ်တဲ့​ ပုဂ္ဂိုလ်၊​ တပ်မ​တော်အ​ပေါ်မှာလည်း​ပဲ ယုံကြည်သလို၊​ တပ်မ​တော်က ​လေး​စား​တဲ့​ ပုဂ္ဂိုလ်လည်း​ ဖြစ်လာမယ်လို့​ ထင်ပါတယ်။ ​ပျော့​ပျောင်း​ပြီး​ကာမှ သမ္မတကြီး​နဲ့​လည်း​ လက်တွဲနိုင်တဲ့​ ပုဂ္ဂိုလ်၊​ အကုန်လုံး​ နှစ်ဦး​နှစ်ဖက် အပြန်အလှန်​လေး​စား​မှု ရှိတဲ့​ ပုဂ္ဂိုလ်မျိုး​ကို ​ရွေး​ပေး​နိုင်ကြမယ်လို့​လည်း​ ထင်တယ်​လေ။ လွှတ်​တော်အမတ်​တွေ အကုန်လုံး​လက်ခံနိုင်တဲ့​ ပုဂ္ဂိုလ် ဖြစ်ဖို့​လည်း​ ကြိုး​စား​မယ် ထင်ပါတယ်။”

ဒုတိယသမ္မတ ဘယ်သူဖြစ်မလဲဆိုတဲ့​အ​ပေါ် ခန့်​မှန်း​မှု​တွေ အမျိုး​မျိုး​ ရှိ​နေတဲ့​ထဲက ​ဒေါက်တာ မြတ်ဥာဏစိုး​က သူ့​ရဲ့​ခန့်​မှန်း​ချက်ကိုလည်း​ အခုလို ​ပြောဆိုထား​ပါတယ်။

“ကျ​နော် တဦး​တည်း​ အမြင်ကို ​ပြောရရင်​တော့​ လက်ရှိမြန်မာနိုင်ငံမှာ သမ္မတကြီး​ကလည်း​ တကယ့်​ကို ပြုပြင်​ပြောင်း​လဲ​ရေး​ကို ​ဖော်​ဆောင်​နေတာ​တော့​ ရှိပါတယ်။ တဖက်မှာလည်း​ လွှတ်​တော် ဥက္ကဋ္ဌ​တွေကလည်း​ ဒါ​တွေကို ​ဆောင်ရွက်​နေပါတယ်။ ​နောက်တခါ ကျ​နော်တို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ​ဆောင်ရွက်​နေတယ်​ပေါ့​။ သုံး​ဦး​သုံး​ဖလှယ်ရဲ့​ သား​ရွှေအိုး​ထမ်း​တဲ့​ ပုံစံမျိုး​ ဖြစ်နိုင်တာက​တော့​ ဥပမာ သူရဦး​ရွှေမန်း​ကို တပ်မ​တော်သား​ကိုယ်စား​လှယ်များ​က ဒု-သမ္မတအဖြစ် ​ရွေး​ချယ်လိုက်မယ်ဆိုရင် လွှတ်​တော်ဥက္ကဋ္ဌ​နေရာက လစ်လပ်သွား​မှာပါ။ အဲဒီ​တော့​ လွှတ်​တော်ဥက္ကဋ္ဌ ​နေရာမှာ​တော့​ ​ကော့​မှူး​မြို့​နယ်က ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က​နေပြီး​တော့​ ဒီ​နေရာမှာ အများ​သ​ဘောတူတယ်ဆိုရင်​ပေါ့​ လွှတ်​တော်ကိုယ်စား​လှယ် အများ​စုက သ​ဘောတူတယ်ဆိုရင် တာဝန်ထမ်း​ဆောင်လို့​ ရပါတယ်။”

ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ အခန်း​ (၃) နိုင်ငံ​တော်အကြီး​အကဲ (နိုင်ငံ​တော်သမ္မတနှင့်​ ဒုတိယသမ္မတများ​) ဆိုတဲ့​ အခန်း​ရဲ့​ ပုဒ်မ ၇၂ နှစ်မှာ​တော့​ သမ္မတနဲ့​ ဒုတိယသမ္မတ​တွေဟာ မိမိသ​ဘောဆန္ဒ​တွေအရ သက်တမ်း​မကုန်ဆုံး​မီ ရာထူး​က နုတ်ထွက်လိုရင် နုတ်ထွက်ခွင့်​ရှိတယ်လို့​ ​ဖော်ပြထား​ပါတယ်။

အဲ့​ဒီလို နုတ်ထွက်တာနဲ့​ ပတ်သက်ပြီး​ ပုဒ်မ ၇၃ ရဲ့​ အပိုဒ်ခွဲ (စ) မှာ လွှတ်​တော်အစည်း​အ​ဝေး​ ကျင်း​ပ​နေချိန် နုတ်ထွက်ရင် တပတ်ကြိုတင်ပြီး​ သမ္မတက ပြည်​ထောင်စု လွှတ်​တော်နာယကကို အ​ကြောင်း​ကြား​ဖို့​ ပြဋ္ဌာန်း​ထား​ပါတယ်။ အပိုဒ်ခွဲ (ဆ) မှာ​တော့​ လွှတ်​တော်အစည်း​အ​ဝေး​ ရပ်နား​နေချိန်မှာ နုတ်ထွက်ခဲ့​ရင် ပြည်​ထောင်စုလွှတ်​တော် အကြီး​အကဲက သမ္မတရဲ့​ အ​ကြောင်း​ကြား​စာကိုရရှိပြီး​ ၂၁ ရက်အကြာမှာ လွှတ်​တော်​ခေါ်ယူပြီး​ ပြန်လည်အစား​ထိုး​ တင်​မြှောက်ရမယ်လို့​ ပြဋ္ဌာန်း​ထား​ပါတယ်။

No comments: