Thursday, October 30, 2014

မော်လမြိုင်တွင် စက်မှုဇုန်အသစ် ထပ်မံဖော်ဆောင်မည်

သီဟကိုကို

မွန်ပြည်နယ်တွင် ကျောက်တန်းစက်မှုဇုန်(မော်လမြိုင်)ကို အကောင်အထည်ဖော်သွားရန် စီစဉ်ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှရှိန်က မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်စက်မှုဇုန်ကို အကောင်အထည်ဖော်ခဲ့ဖူးသော်လည်း အောင်မြင်ခြင်းမရှိသည့် အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နှင့်အနီးဆုံးနေရာတွင် စက်မှုဇုန်အသစ်တစ်ခု အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မော်လမြိုင်စက်မှုဇုန်အသစ် တည်နေရာကို မော်လမြိုင်မြို့၊ ကျောက်တန်းကျေးရွာရှိ မြေဧက ၃၀၀ ခန့်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး စက်မှုဇုန်လမ်းဖောက်လုပ်ရေး၊ မြေသားမြှင့်တင်ပြုပြုင်ရေး၊ လျှပ်စစ်မီး နှင့် ရေရရှိရေးလုပ်ငန်း ကဏ္ဍလေးခုအတွက် ဆောင်ရွက်မည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူထားကာ ကုမ္ပဏီ ပေါင်း ၁၃ ခု လာ ရောက်လျှောက်ထားပြီးဖြစ်သည်။

စက်မှုဇုန်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးလှရှိန်က “လာမယ့်နှစ် ဧပြီလ၊ မေလလောက်မှာ စက်မှုဇုန် အကောင်အထည်ဖော်ရေး လုပ်ငန်းတွေကို အပြီးသတ်ဆောင်ရွက်သွားမယ်။ ဒါဆိုရင် လာမယ့်နှစ် ပွင့်လင်းရာသီဆိုရင် စက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေ စနိုင်မယ်” ဟု ပြောသည်။

စက်မှုဇုန်ကို အကောင်အထည်ဖော်မည့် ကျောက်တန်းကျေးရွာရှိ မြေနေရာသည် ယခင်က လယ်ယာမြေ ဖြစ်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့က စက်မှုဇုန်ဖြစ်မြောက်ရန်အတွက် လယ်ယာမြေကို အခြားမြေအဖြစ် အသုံးပြုခွင့် လ/န(၃၉) ထုတ်ပေးခဲ့ကာ လယ်မြေပိုင်ရှင်များထံမှ စက်မှုဇုန်ရင်းနှီးလုပ်ကိုင်ရန် စိတ်ဝင်စား သည့်လုပ်ငန်းရှင်များကို တိုက်ရိုက်ဝယ်ယူခွင့်ပေးခဲ့သည်။

မြေ တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ကြပြီး ယခု အချိန်တွင် မြေဧက ၃၀ ခန့်သာ ကျန်ရှိတော့သည်ဟု ဦးလှရှိန်က ဆိုသည်။

စက်မှုဇုန်မြေကွက် ဝယ်ယူထားသူများသည် စက်မှုဇုန်အကောင်အထည်ဖော်ရေး လုပ်ငန်းများအတွက် ကျပ်သိန်း ၁၇၀ ကို အရစ်ကျစနစ်ဖြင့် စက်မှုဇုန်ဖြစ်မြောက်ရေး ကော်မတီသို့ ပေးသွင်းရမည်ဖြစ်သည်။

ယခင် မော်လမြိုင်စက်မှုဇုန်ကို ကျိုက်မရောမြို့နယ်တွင် ၂၀၀၀ ပြည့်နှစ်က စတင်အကောင်အထည်ဖော် ခဲ့သော်လည်း စက်ရုံ အဆောက်အအုံ ဆောက်လုပ်ခြင်းမရှိဘဲ မြေကွက်အလွတ်များကိုသာ စိစစ်တွေ့ရှိ ရသည့်အတွက် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ကြရန် စက်တင်ဘာ ၂၂ ရက် တွင် မော်လမြိုင်စက်မှု ဇုန်ကြီးကြပ်မှုကော်မတီက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါစက်မှုဇုန်သည် မြို့နှင့် အလှမ်းဝေးပြီး တံတားများမှာလည်း ကုန်တန်ချိန် အများအပြား တင်ဆောင် ဖြတ်သန်းနိုင်ခြင်း မရှိသဖြင့် လုပ်ငန်းရှင်များက စိတ်ဝင်တစားလုပ်ကိုင်မှု မရှိခဲ့ခြင်းဖြစ်သည်။

No comments: