Friday, October 31, 2014

ထိုင်းရောက် မြန်မာဒုက္ခသည်များ အရေး MOU ထိုးရန် ကာကွယ်ရေးဝန်ကြီးကို UNHCR တိုက်တွန်း

စိမ့်စမ်းရေ

နှစ်ပေါင်းများစွာ ပြည်တွင်း မငြိမ်သက်မှုများကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံအတွင်း သွားရောက်နေထိုင် ရသည့် မြန်မာဒုက္ခသည်များ နိုင်ငံတွင်းပြန်လည် အခြေချနိုင်ရေး လိုအပ်နေရာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ဒုက္ခသည် များ ပြန်လည်ရွှေ့ပြောင်းရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ သို့မဟုတ် သဘောတူညီမှုဖြစ်စေ လက်မှတ်ရေးထိုးစေလိုသည်ဟု အရှေ့တောင် အာရှဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ၏ ညှိနှိုင်းရေးမှုး Mr.James Lyanch က အောက်တိုဘာ ၂၈ရက်က တိုက်တွန်းလိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား ရန်ကုန်မြို့၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဌာနေကိုယ်စားလှယ် Mr.Giuscppe Devin -centiis နှင့် အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ညှိနှိုင်းရေး မှူး Mr.James Lyanch တို့က ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ အောက်တိုဘာ ၂၈ ရက်က လာရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချရာတွင် နေထိုင်မည့် ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး၊ စားဝတ်နေရေး ပြဿနာ၊ မြေမြုပ်မိုင်းရှင်းလင်းရေးနှင့် အများနည်းတူ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်သွားနိုင်ရန် အထူးလိုအပ်ပြီး ယင်းကိစ္စရပ်ကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံဘက်မှ အဓိက ဦးဆောင်ရမည်ဟုလည်း အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ညှိနှိုင်းရေးမှူး Mr.James Lyanch က ဆိုထားသည်။

ဒုက္ခသည်များ ပြန်လည်ရွှေ့ပြောင်းရေးသည် နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် အလုပ်သမားဝန်ကြီးဌာန၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့က အဓိကထား ဆောင်ရွက်ရမည် ဖြစ်ပြီး ယင်းဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည်ဆွေးနွေးခဲ့သည်။

No comments: