Friday, October 31, 2014

မြဝတီနယ်စပ် ဖိုက်ဘာ ဆက်ကြောင်း ပြတ်တောက်နေ၍ အင်တာနက် အမြန်နှုန်းနှေးနေ

မောင်မန်း

အောက်တိုဘာလ ၂၉ ရက်က ထိုင်းနိုင်ငံ မြ၀တီနယ်စပ်မှ ဖြတ်သန်းသွယ်တန်းထားသည့် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် ပြည်တွင်းတွင် အင်တာနက်ဆက်သွယ်မှု အချို့ ပြတ်တောက်ပြီး အမြန်နှုန်း နှေးနေသည်ဟု ပြည်ပဆက်သွယ်ရေးဌာန(အဝေးဆက်) က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကိုပြောသည်။

ဦးစိုင်းစောလင်းထွန်းက "မနေ့က (၂၉ရက်က) မြ၀တီ နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်တဲ့အတွက် ပြည်တွင်း အင်တာနက်ဆက်သွယ်မှု ပြတ်တောက်တာရှိပါတယ်။ ဒီနေ့တော့ တက်တဲ့ နေရာတွေ ပြန်တက်နေပါပြီ"ဟုဆိုသည်။

ယင်းဆက်ကြောင်းသည် 17GB ခန့် Bandwidth ရှိသည် ဆက်ကြောင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးက ပြည်တွင်းအင်တာနက်အသုံးပြုနိုင်မှု ပိုမိုများပြားလာစေရန် အင်တာနက် Bandwidth ကို တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ အောက်တိုဘာ လကုန်တွင် ထိုင်းနိုင်ငံမှ တာချီလိတ်ကို ဖြတ်ပြီး သွယ်တန်းမည့် ဖိုက်ဘာဆက်ကြောင်းသစ်ကို သွယ်တန်းဆောင်ရွက်နေသည်ဟု ဦးစိုင်းစောလင်းထွန်းက ပြောသည်။

၎င်းက " အင်တာနက် Bandwidth တိုးချဲ့နိုင်ဖို့အတွက် ထိုင်းနိုင်ငံကနေ တာချီလိတ်ကို ဖြတ်ကျော်သွယ်တန်းမယ့် ဖိုက်ဘာဆက်ကြောင်းကို အောက်တိုဘာလကုန်မှာအပြီး ဆောင်ရွက်သွားမှာပါ။ ဒီဆက်ကြောင်းက အင်တာနက် Bandwidth 15 GB လောက်ရနိုင်မှာပါ" ဟု ဆိုသည်။

လက်ရှိအချိန်တွင် အင်တာနက် Bandwidth 32.5 GB အထိ ရှိနေပြီး တာချီလိတ် ဆက်ကြောင်းသစ် ချိတ်ဆက်ပြီးစီးပါက Bandwidth 45 GB ခန့်အထိရရှိလာမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဖိုက်ဘာဆက်ကြောင်း သစ်များပြီးစီးပါက ယခင်ဆက်ကြောင်းများ ပြတ်တောက်ချိန်တွင် အရန်လိုင်းအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်ဟုသတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောကြားထားသည်။

ဆက်သွယ်ရေးနည်းဥပဒေ ထွက်ရှိလာချိန်တွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ချထားပေးရန် ရှိနေပြီး လုပ်ကိုင်ခွင့်ချထားပေးမည့် လုပ်ငန်းလိုင်စင်များတွင် အင်တာနက် ဝန်ဆောင်မှုကဲ့သို့ လုပ်ငန်းလိုင် စင်များ ပါဝင်နေသဖြင့် အင်တာနက်အသုံးပြုနိုင်မှု လက်ရှိထက် ပိုမိုများပြားရန် လိုအပ်နေသည်။

ယင်းကဲ့သို့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် တာချီလိတ်ဆက်ကြောင်းကို သွယ်တန်းခြင်း ဖြစ်သည်ဟု လည်း ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ပြောသည်။

No comments: