Friday, October 31, 2014

UNFC မှ KNU ယာယီနုတ်ထွက်သည့် ဆုံးဖြတ်ချက် မပြောင်းလဲ

ဖနိဒါ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ဝင်အဖြစ်မှ KNU နုတ်ထွက်၊ မထွက် ဆုံးဖြတ်ရန် အစည်းအဝေးကို ၆ ရက်ကြာ ကျင်းပပြီးနောက် ယခင်ဆုံးဖြတ်ထားသည့်အတိုင်း အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားဦးမည်ဟု KNU၏ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

"UNFC နှင့် ပူးပေါင်း ပါဝင်မှုနှင့် ပတ်သက်၍ KNU ဗဟိုကော်မတီဝင်များမှ ဆွေးနွေးသုံးသပ်၍ ဆက်လက် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ယာယီရပ်ဆိုင်းမှုကာလအတွင်း UNFC နှင့် ဆက်လက် ညှိနှိုင်းသွားကာ လိုအပ်သလို၊ တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ တိုင်းရင်းသားတို့၏ နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ဖော်ဆောင်နိုင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်"ဟု အစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ ပါရှိသည်။

KNU၏ ၁၅ ကြိမ်မြောက် ကွန်ဂရက်အပြီး ဗဟိုအမြဲတမ်း ကော်မတီ၏ တတိယအကြိမ်မြောက် အရေးပေါ် အစည်းအဝေးကို အောက်တိုဘာ ၂၃ရက်မှ ၂၉ ရက်အထိ ၆ ရက်ကြာ (၂၆ ရက်တွင် အစည်းအဝေးနားသည်) ကျင်းပအပြီး အချက် ၆ ချက် ဆုံးဖြတ်ကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

No comments: