Thursday, October 30, 2014

ကိုပါကြီးအမှု ဖော်ထုတ်ပေးရန် ပြည်တွင် ဆန္ဒပြ

ရေခဲ (ပြည်)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးပြီးနောက် သေဆုံးသွားပြီဟု သတင်းထုတ်ပြန်ခဲ့သည့် အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှု အမှုမှန်ဖော် ထုတ်ပေးရန် ပဲခူးတိုင်း၊ ပြည်မြို့ရှိ အရပ်ဖက်လူမှုအဖွဲ့များ၊ နိုင်ငံရေး အင်အားစုများက အောက်တိုဘာ ၂၉ ရက်တွင် ဆန္ဒပြတောင်းဆိုလိုက်သည်။

“ကိုပါကြီးကို ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ် အစဖျောက်ဖျက်တဲ့အပေါ် အမှန်တရားပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ဖို့ ကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူဖို့ ပြည်ဒေသခံလူမှုနိုင်ငံရေး အင်အားစုတွေက ဆန္ဒပြတောင်းဆိုခြင်းဖြစ်တယ်” ဟု ဦးဆောင်ဆန္ဒပြသူ ကိုမင်းမင်းကပြောသည်။

ဆန္ဒပြသူတို့သည် ပြည်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်မှ ဗိုလ်ချုပ်လမ်းအတိုင်း ကိုးသောင်းမီးပွိုင့်ရှေ့သို့ချီတက်ခဲ့ကြပြီး ခွင့်ပြုချက်တွင် မပါဝင်သည့် ရွှေတစ်ချောင်းလမ်း အတွင်းဝင်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က တားမြစ်သည်။

သို့သော် ဆန္ဒပြသူတို့က လက်မခံခဲ့ဘဲ အဆိုပါ လမ်းမှ တစ်ဆင့် ဗိုလ်ချုပ်ကြေးရုပ်သို့ ပြန်လည်ချီတက်ခဲ့ပြီး ဆန္ဒပြပွဲကို ရပ်နားလိုက်သည်။

ဥပဒေမဲ့ဖမ်းဆီးမှု အလိုမရှိ၊ ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျရှုံးပါစေ၊ အဓမ္မ၀ါဒ ကျရှုံးပါစေ၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး စသည့်ကြွေးကြော်သံများ ဟစ်ကြွေးကြသည်။

No comments: