Friday, October 31, 2014

ဂျော်ဒန်သို့ အမျိုးသမီးများ တရားမဝင်ပို့ရန်ကြိုးစားသည့် ပွဲစားသုံးဦးကို အမှုဖွင့်ထားပြီ

ခင်မြတ်မြတ်ဝေ

ဂျော်ဒန်နိုင်ငံသို့ အမျိုးသမီးငယ် ၁၇ ဦးကို တရားမ၀င်ပို့ဆောင်သည့် ပွဲစား မသင်းသင်းမိုးအပါအဝင် ၃ ဦးကို မင်္ဂလာဒုံ ရဲစခန်းတွင် အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန ဦးစီးမှူး ဒေါ်ညိုညိုစောက တရားလိုလုပ်ကာ အောက်တိုဘာ ၂၅ ရက်က အမှုဖွင့်ထားသည်ဟု မင်္ဂလာဒုံ ရဲစခန်းမှ တာဝန်မှူး က မဇ္ဈိမကို ပြောသည်။

ဂျော်ဒန် နိုင်ငံသို့ တရားမဝင်ပို့ဆောင်သည့် မသင်းသင်းမိုး၊ ဒေါ်သန္တခိုင်၊ ဦးအေးထွန်းတို့ သုံးဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ (၂၆) ဖြင့် အောက်တိုဘာလ ၂၅ရက်က အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

"လောလောဆယ်တော့ ရဲလုပ်ငန်းဆိုင်ရာ လုပ်ထုံလုပ်နည်း တွေလုပ်နေတယ်။ လူကုန်ကူးမြောက်တယ်၊ မမြောက်ဘူးဆိုတာတော့ မသိသေးဘူး။ တရားရုံ ရောက်မှ သိရမယ်။ ခုလောဆယ်တော့ ဒီပုဒ်မနဲ့ အမှုဖွင့်ထားတယ်"ဟု ယင်းကဆိုသည်။

အောက်တိုဘာ ၂၅ရက်က ဂျော်ဒန်နိုင်ငံတွင် အထည်ချုပ်လုပ်ငန်းဖြင့် အလုပ်လုပ်ကိုင်ရန် အမျိုးသမီး ၁၇ ဦးကို တရားဝင်အထောက်အထား စာရွက်စာတန်းများ၊ ဗီဇာများ မပါဘဲ ပတ်စပို့စ်စာအုပ်တစ်ခုတည်းဖြင့် ခေါ်ဆောင်ရန် ကြိုးစားခဲ့သည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာဌာနတွင် စစ်ဆေးကာ ထိန်းသိမ်းနိုင်ခဲ့သည်။

"လူကုန်းကူးမှုမမြောက်ဘူး၊ ပြည်ပ အလုပ်အကိုင် လိုင်စင်မရှိဘဲ ဖွင့်ထားတဲ့အတွက် ပြည်ပလိုင်စင်နဲ့ပဲ အရေးယူထားတယ်" ဟု လူကုန်းကူးမှု တိုက်ဖျက်ရေးမှ ရဲမှူး Rokand က မဇ္ဈိမကို ပြောသည်။

အမှုဖွင့်ခံထားရသည့် မသင်းသင်းမိုးသည် ရွှေပြည်သာမြို့နယ် ထန်ချောင်းပင်ရပ်ကွက်တွင် နဒီရွှန့်လက် အမည်ဖြင့် တရားဝင် လိုင်စင်မရှိပဲ ခရီးဝန်ဆောင်မှု လုပ်ငန်းအမည်ဖြင့် ရုံးခန်းဖွင့်လှစ်ထားခြင်းဖြစ်သည် ဟု အလုပ်သမားများက ပြောသည်။

No comments: