Friday, October 31, 2014

တောင်ကြီး တန်ဆောင်တိုင်ကွင်းရှိ သရဲအိမ်မီးလောင်ကာ အမျိုးသမီးတစ်ဦးသေဆုံး

ဂျွန်ချစ်ငြိမ်း

တောင်ကြီး တန်ဆောင်တိုင်ပွဲ ကျင်းပသည့် အဝေရာမီးပုံပျံကွင်းရှိ သရဲအိမ် ကလေး ကစားကွင်းတွင်အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီ ၄၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

မီးလောင်မှုကြောင့် အဆောက်ဦအတွင်းရှိ လူ (၆) ဦးအနက် ရန်ကုန်မှလာသည့် အသက် ၄၄ နှစ်အရွယ် မသန်းသန်းမြင့်မှာ အခန်းတွင်း ပိတ်မိပြီး မီးလောင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်အား မီးသတ်ဌာနက စစ်ဆေးရာ အလျား ၆၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ ထရံမိုး ထရံကာ၊ ဝါးခင်း၊သစ်တိုင် အဆောက်အဦအတွင်းရှိ မီးအလှဆင်ရန် ယာယီ သွယ်တန်းထားသော အော်တိုမီးထိန်းစက်မှ အပူလွန်ကဲပြီးမီးပွားလွင့်စင်ရာမှ အနီးရှိ မီးလောင်ရန် လွယ်ကူသည့် ဖော့၊ ပိတ်စများကို မီးကူးကာ အဆောက်အဦး မီးလောင်ခဲ့သည်ဟုတောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

လောင်ကျွမ်းမှုကြောင့် အဆောက်အဦး ဆုံးရှုံးမှုတန်ဖိုး ၂ သိန်းခွဲကျပ်၊ အတွင်းဖော့ပစ္စည်းမျိုးစုံ တန်ဖိုး ၉ သိန်းခွဲ စုစုပေါင်း ၁၂ သိန်းခန့်မီးလောင် ဆုံးရှုံးခဲ့သည်ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ပြီး ဒေါ်ခင်မေအောင် မြောက်ဥက္ကလာပတွင် နေထိုင်သူအားတောင်ကြီးမြို့၊ မြို့မရဲစခန်းမှ (ပ) ၂၂၅/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

No comments: