Friday, October 31, 2014

တောင်ကြီးတွင် ဟိုတယ်ခန်း ဈေးနှုန်း နှစ်ဆကျော်မြင့်

ဂျွန်ချစ်ငြိမ်း

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလမတိုင်မီ တစ်ပတ်အလိုမှစ၍ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းခများ ယခင်နှုန်းထားထက် နှစ်ဆကျော် မြင့်တက်သွားသည်ဟု အလည်အပတ်ရောက်ရှိနေသူများနှင့် ဟိုတယ်လုပ်ငန်း ရှင်အချို့က အတည်ပြုသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကမူ ဈေးနှုန်းထိန်းချုပ်ရန် အစီအစဉ် မရှိဘဲ ဈေးကွက်သဘောအရ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သည်ဟု အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ် လုပ်ငန်းရှင် ဦးအောင်ကျော်က “ကျွန်တော်တို့ ဟိုတယ်အနေနဲ့ နဂိုမူရင်း ဈေးထက် ၂၀ ရာခိုင်နှုန်းပဲ တင်ထားတယ်၊ တချို့ ဟိုတယ်တွေဆို သိန်းနဲ့ချီ တင်တာရှိတယ်”ဟု ပြောသည်။

ယခင်တည်းခိုနှုန်းထား ကျပ်တစ်သောင်းခန့်ရှိ အခန်းခသည် ယခုအခါ ကျပ်သုံးသောင်းခွဲ ပေးဆောင်ရပြီး ငါးသောင်းတန် အခန်းခနှုန်းသည် တစ်သိန်းခွဲကျော်အထိ ဈေးနှုန်းမြင့် တက်နေသည်ဟု တောင်ကြီးဒေသ ခံ ကိုဝင်းထွန်းက မဇ္ဈိမကို ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် ဟိုတယ်ကြီး အလုံး ၂၀ နှင့် တည်းခိုခန်း ၃၁ လုံး ရှိနေပြီး ယမန်နှစ်ပွဲတော်ကာလ အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တစ်သိန်းကျော် လာရောက်သည်ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့် ခရီးသွားဝန်ကြီးဌာန မှတ်တမ်းများက ဆိုသည်။

၂၀၁၄ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ အဝေရာကွင်းအတွင်း ကျင်းပမည် ဖြစ်သည်။

No comments: