Thursday, October 30, 2014

စားထိုးမြေယာ ပြန်မပေးလျှင် တောင်သူများ အခက်ခဲကြုံမည်

ဖြိုးဝေအောင်

ရဲတပ်ဖွဲ့လေ့ကျင့် ကွင်းပြုလုပ်ရန် အတွက် ကန့်ကွက်ထားသောမြေယာများပေါ်တွင် လုပ်ကိုင်စားသောက်ခွင့် သို့မဟုတ် အစားထိုးမြေယာ ပြန်မပေးနိုင်လျှင် မိမိတို့အနေဖြင့် အခက်ခဲကြုံလာနိုင်သည်ဟု မထောခူကျေးရွာမှ တောင်သူများကဆိုသည်။

“တကယ်လို့သူတို့ ပြန်မပေးဘူး။ ကန့်ကွက်မယ် ။သိမ်းမယ်ဆိုရင် အစားထိုးမြေပြန်ရှာပေးရမယ်လေ။ ဘာလို့လဲဆိုတော့ ဒီမြေပဲရှိတယ်။ တခြားလုပ်ကိုင်ဖို့ မြေမရှိဘူး။” ဇရပ်ဖြူကျေးရွာမှ ဦးစေးရယ်ကပြောသည်။

လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စုတွင် တောင်သူ ၁၂ ဦး ပိုင်ဆိုင်သည့် မြေ ၅၈ ဧကကို ရဲတပ်ဖွဲ့ လေ့ကျင့်ရေးကွင်းပြုလုပ်ရန် လောပိတရဲစခန်းမှ ယခင်နှစ် တကည်းက ကန့်ကွက်ထားကြောင်းဒေသခံများကဆိုသည်။

“ရှိတာက ဒီမြေပဲလေ။ သူ့တို့သိမ်းသွားမယ်ဆိုရင် အခက်အခဲများကြီးရှိတာပေါ့။ အဲမြေတွေကိုပဲ မှီခိုနေရတယ်လေ။ ပြီးတော့ တကယ်လို့နစ်နာကြေးပေးမယ်ဆိုရင်လည်း တန်ရာတန်ကြေးပေးမှ အခြားမြေကိုပြန်ရှာဝယ်လို့ရမယ်။” တောင်သူတဦးကပြောသည်။

ယခုအခါတွင် ၎င်းတို့ ကန့်ကွက်တားမြစ်ထားသော မြေယာများပေါ် ကို တိုင်းတာပြီး မှတ်တိုင်(အလံတိုင်) များစိုက်ထူထားခဲ့ကြောင်း ဒေသခံများဆိုသည်။

၎င်းမြေ ၅၈ ဧကကို မထောခူကျေးရွာအုပ်စုရှိ ဇရပ်ဖြူ၊ သတ္တပလူ၊ နမ့်ပ၀ါနှင့် လောဓလေးစသည့် ကျေးရွာများ မှ တောင်သူ ၁၂ ဦးပိုင်ဆိုင်ကြောင်းသိရသည်။

၎င်းမြေပေါ်တွင် ပြောင်း၊စပါးကို အဓိက စိုက်ပျိုးလေ့ရှိပြီး တစ်နှစ်လျှင် စပါးက (၁)ဧက (၁၂၅၀)ပိသာ ၊ ပြောင်းက အတင်း(၄၀) ပုံမှန်ထွက်ရှိကြောင်း တောင်သူတဦးကပြောသည်။

၎င်းမြေကို ပြန်လည်ရရှိရန်အတွက် ကန့်ကွက်စာ၊အသနားခံစာ ကို ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဌါနဆိုင်ရာအသီးသီးတွင် အောက်တိုဘာ (၂၁) ရက်နေ့ က စာတင်ထားခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

No comments: