Friday, October 31, 2014

ရန်ကုန်လေဆိပ်မှ နိုင်ငံခြား ပုံမှန်ခရီးစဉ်များ ၂၀၁၉ ခုနှစ်တွင် ဟံသာဝတီလေဆိပ်သို့ ရွှေ့ပြောင်းမည်

သီဟကိုကို

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားလေကြောင်းလိုင်း ပုံမှန်ခရီးစဉ်များသည် ဟံသာဝတီ လေဆိပ် ဖွင့်ချိန်တွင် ရွှေ့ပြောင်းရမည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

ရန်ကုန်မြို့နှင့် မိုင် ၅၀ သာကွာဝေးသည့် တည်နေရာတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် တည်ဆောက်မည်ဖြစ်သော်လည်း ရန်ကုန်လေဆိပ်သည် အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် ဆက်လက်သတ်မှတ်သွားမည်ဟု လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

“နိုင်ငံတကာအဆင့်လေဆိပ်တစ်ခုကို ကျွန်တော်တို့ အဆင့်လျှော့မှာမဟုတ်ပါဘူး။ နိုင်ငံခြားလေကြောင်း ပုံမှန်ခရီးစဉ်တွေကိုပဲ ဟံသာဝတီလေဆိပ် စဖွင့်ချိန်မှာ ရွှေ့ပြောင်းမှာပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အဆင့်မြှင့်တင်လျှင်ပင် ခရီးသည်ဦးရေ ခြောက်သန်းခန့်သာ အမြင့်ဆုံး ဝင်ဆံ့နိုင်မည်ဖြစ်သောကြောင့် မြို့နှင့်မိုင်အနည်းငယ် အကွာအဝေးတွင်ရှိသော ပဲခူးမြို့အနီး၌ ခရီးသည် ၁၂ သန်းခန့် ဝင်ဆံ့နိုင်မည့် အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်ကို တည်ဆောက်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်လေဆိပ်က လေယာဉ်မှာပါတဲ့ ခရီးသည်တွေ၊ ကုန်တွေလောက်ပဲ ၀င်ရောက်နိုင်တယ်။ Cargo (လေယာဉ်ဖြင့် သယ်ယူပို့ဆောင်သည့် ကုန်စည်) လေယာဉ်ကြီးတွေ ဝင်လို့မရဘူး။ ကျွန်တော်တို့ဆီမှာ ဈေးကွက်က ဘယ်လောက်ပဲရှိနေ၊ လက်ခံမရဘူးဖြစ်နေတယ်” ဟု ပြောသည်။

၂၀၁၃ ခုနှစ်တွင် ရန်ကုန်လေဆိပ်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသည် အ၀င်အထွက် ဦးရေ သုံးသန်းခန့်ရှိပြီး ခရီးသည် လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်နေပြီဖြစ်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းမရှိဖြစ်နေသည့်အတွက် ဟံသာဝတီလေဆိပ် မဖွင့်မီအထိ နိုင်ငံခြား လေကြောင်းပုံမှန် ခရီးစဉ်များကို ရန်ကုန်လေဆိပ်မှ လက်ခံမည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းကိုPioneer Aerodrome Services က လုပ်ကိုင်ခွင့်ရရှိထားပြီး ခရီးသည်ဦးရေ ခြောက်သန်း ဝင်ဆံ့သည်အထိ နှစ်နှစ်ကျော်ကြာ တည်ဆောက်သွားမည်ဖြစ်သည်။

No comments: