Friday, October 31, 2014

Miss Tourism International Myanmar 2014 တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အလှမယ်သည် ပြိုင်ပွဲ ကုန်ကျ စရိတ် တာဝန်ယူ ရမည်

ပန်းမြတ်ဇော်

Style Plus H အဖွဲ့မှ Miss Tourism International Myanmar 2014 အဖြစ် ရွေးချယ် ခံရသည့် အလှမယ် သည် အလှမယ်နှင့် ပတ်သက်သည့် အင်္ဂါရပ်နှင့် အညီ နေထိုင် ရမည့် အပြင် ယင်းအဖွဲ့၏ ထုတ်ပြန် ထားသည့် စည်းကမ်းချက် ကို လိုက်နာ ကာ ပူးပေါင်း တိုင်ပင်လိုစိတ် ရှိရမည်ဟု ၎င်းတို့၏ ဖေ့ဘွတ် စာမျက်နှာတွင် ရေးသား ထားသည်။ ယင်းအပြင် ရွေးချယ် ခံရသည့် အလှမယ် သည် တစ်နှစ်တိတိ ယင်းအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပြီး ပျက်ကွက်ပါက ခန့်အပ် ထားသည့် အလှမယ်ကို ဘွဲ့ကို ရုပ်သိမ်းမည့် အပြင် သွားရောက် ယှဉ်ပြိုင်သည့် ကုန်ကျစရိတ် များကို တာဝန်ယူ ရမည်ဟု Style Plus H မှ မလှနုထွန်းက မဇ္စျိမကို ပြောသည်။

"တစ်နှစ် စာချုပ် ဆိုတာက စည်းကမ်း စာချုပ်ပါ ။ ကျန်တဲ့ အရာတွေ မပါဝင်ပါဘူး။ ပြီးတော့ အစ်မ ဘက်က စရိတ် မခံပေးတော့ဘူး။ သူ့ မိဘ ၊ အေဂျင်စီ ဖြစ်ဖြစ် သူတို့ဘက်က တာဝန် ယူရမယ်။ တစ်ခြား အဝတ်အစား ပိုင်းတော့ အစ်မ ဘက်က တာဝန် ယူပေးမယ်။ ပထမ ကတော့ အစ်မက သနားပြီး အကုန် လုပ်ပေးတယ်။ အစ်မပဲ နာမည် ပျက်သွားတယ်။ အခုတော့ ဘာမှ ဝင်ပါတော့မှာ မဟုတ်ဘူး။ လာလျှောက် တဲ့ သူက ပိုင်ဆိုင်မှု ပြနိုင် ရမယ်။ ပြီးတော့ ပွဲ ကျင်းပမယ့် ရက်က တော်တော် ကြာတာမို့ အဲဒီရက် အတွင်း နေနိုင် မနေနိုင်ကို အဓိက မေးမှာပါ။ ပြိုင်ပွဲ ပြီးဆုံးတဲ့ အချိန်အထိ ၀င်ပြိုင်သူဟာ အပြုံးမပျက် ပြိုင်ရမှာပါ" ဟု၎င်းက ပြောသည်။

Miss Tourism International ပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဒီဇင်ဘာ ၉ရက်မှ ဇန်နဝါရီ ၃ရက် အထိ ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး ဒီဇင်ဘာ ၃၁ရက်တွင် နောက်ဆုံး ပြိုင်ပွဲကို ကျင်းပမည် ဖြစ်သည်။ ယင်း ပြိုင်ပွဲ တွင်ပါဝင် ယှဉ်ပြိုင်သူများ သည်အောက်တိုဘာ ၃၁ ရက် နောက်ဆုံး ထားကာ လာရောက် လျှောက်ထား နိုင်ပြီး နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် လူတွေ့ စစ်ဆေးမှု စတင် ပြုလုပ် မည် ဖြစ်ကာ နိုဝင်ဘာ ၁၀ ရက်တွင် အပြီးသတ် ရွေးချယ်မှု ပြုလုပ်မည်။

လာရောက် လျှောက်ထား သူများသည် အသက် ၁၈ နှစ် မှ ၂၅ နှစ် အတွင်း ဖြစ်ပြီး မိမိ အနုပညာ လုပ်အားခ၏ ရာခိုင်နှုန်းကို အဖွဲ့ အစည်း သို့ ပေးဆောင် ရမည် မဟုတ်ဟု မလှနုထွန်းက ပြောသည်။ ၎င်းသည် သွားရောက် ယှဉ်ပြိုင်မည့် ရွေးချယ်ခြင်း ခံရသည့် အလှမယ် ကို ပြိုင်ပွဲ၏ နည်းပြ ဆရာ အဖြစ် လေ့ကျင့် သင်ကြား ပေးမည် ဖြစ်သည့် အပြင် ရေကူး ဝတ်စုံဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်း ခံရမည် ဖြစ်သော် လည်း စင်မြင့်ပေါ်၌ ရေကူး ဝတ်စုံဖြင့် ယှဉ်ပြိုင် ရမည် မဟုတ်ဟု ၎င်းက ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် မည်သည့် ဘာသာဝင် မဆို ၀င်ရောက် ယှဉ်ပြိုင် နိုင်ပြီး မလေးရှား နိုင်ငံ၌ ပညာသင်ကြား နေသည့် မြန်မာ အမျိုးသမီး များသည်လည်း ၀င်ရောက် လျှောက်ထား ပါက ဗီဒီိယို ဖိုင်ဖြင့် ရွေးချယ်သွား မည်ဖြစ်သည်။ Miss Tourism International ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် အလှမယ်သည် အင်္ဂလိပ် စာတတ်ကျွမ်းပြီး ခရီးသွားခြင်းနှင့် ပတ်သက် သည်များ သိရှိသူများ ကိုသာ အဓိကထား ရွေးချယ်မည် ဖြစ်သည်။

ယင်းပြိုင် ပွဲ ကို မလေးရှား နိုင်ငံတွင် ၁၉၉၄ခုနှစ် ကစတင် ကျင်းပခဲ့ပြီး မြန်မာ နိုင်ငံ အနေဖြင့် ယခုမှသာ ပထမဆုံး အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ Miss Tourism International ပြိုင်ပွဲတွင် နိုင်ငံတကာမှ အလှမယ် ၄၅ယောက်နှင့် အထက် ဝင်ရောက် ယှဉ်ပြိုင် ကြပြီး၂ဝ၁၃ခုနှစ် ၌မလေးရှား နိုင်ငံတွင် ကျင်းပ ပြုလုပ် ခဲ့သည့် Miss Tourism International 2013 ပြိုင်ပွဲတွင် ဖိလစ်ပိုင် နိုင်ငံမှ Angeli Dione Gomez က အနိုင်ရရှိ ခဲ့သည်။

No comments: