စံမောင်သန်း
ရက္ခိုင့်တပ်မတော် AA နှင့် ဆက်နွယ်မှုရှိသည်ဟု သံသယဖြင့် အဖမ်းခံထားရသူ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ရခိုင်မျိုးနွယ်စုဝင် မြိုလူမျိုး ၈ ဦး ပြန်လည် လွတ်မြောက်လာသည်ဟု သတင်းရရှိသည်။
တရားလိုက အမှုကိုပြန်ရုပ်သိမ်း၍ ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်တရားရုံးက လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု အဆိုပါ အမှုကို လိုက်နေသူ ရှေ့နေ ဦးအောင်ကျော်ဖြူက ပြောသည်။
“ တရားလိုက အမှုကိုပြန်ရုပ်သိမ်းလိုက်တဲ့အတွက် ကျောက်မြို့တရားရုံးက အဲဒီ ၈ ယောက်ကို ပြစ်မှုဆိုင်ရာ ဥပဒေမ ၄၉၄ (က) နဲ့ လွှတ်ပေးလိုက်တာပါ။ သူတို့ အမှုတွဲမှာ ရခိုင်အမျိုးသား ၃ ဦးကျန်ပါသေးတယ်။ သူတို့ကို ဇွန်လ ၁၉ ရက်နေ့မှာ ရုံးထုတ်ပါမယ်“ဟု ဦးအောင်ကျော်ဖြူကပြောသည်။
အဆိုပါ ၈ ဦးလွတ်မြောက်လာကြောင်း ကျောက်တော်မြို့မ စခန်းမှူးက အတည်ပြုပြောကြားသည်။
“၈ ဦးလွတ်မြောက်လာတယ်ဆိုတာဟုတ်ပါတယ်။ သူတို့က မြိုအမျိုးသားတွေပါ။ ခဏတဖြုတ်လွှတ်တာပါ” ဟု စခန်းမှူးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါ ၈ ဦးသည် ကျောက်တော်မြို့နယ် ပီချောင်းဖျား ကုလားချောင်းပတ်ဝန်းကျင်တွင် AA ကပြုလုပ်သော အစည်းအဝေးကိုတက်ရောက်ခဲ့ကြောင်း အထောက်အထားတွေ့ရှိရ၍ မေလ ၂၀ ရက်နေ့ ပတ်ဝန်းကျင်က
ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် AA နှင့် ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၃၂ ဦးထဲမှ ၈ ဦး လွှတ်မြောက်လာသဖြင့် နောက်ထပ် ၂၄ ဦး ကျန်ရှိကြောင်း သိရသည်။

No comments:
Post a Comment