Saturday, June 20, 2015
ALD (ပြည်ပ-ဂျပန်) ကို ရခိုင်အမျိုးသားအင်အားစု(ဂျပန်) အမည်သစ်ဖြင့် ပြောင်းလဲ ဖွဲ့စည်း
ဂျပန်နိုင်ငံတွင်နှစ်ပေါင်းများစွာ အမျိုးသားရေး၊ ဒီမိုကရေစီအရေး၊ တန်းတူ အခွင့်အရေး ရရှိရေးတို့အတွက် လှုပ်ရှားတိုက်ပွဲဝင်ခဲ့သော ရခိုင်ဒီမိုကရေစီချုပ် (ပြည်ပ)အား ရခိုင်အမျိုးသားအင်အားစု(ဂျပန်) Arakan National Force (Japan) အ မည်ဖြင့် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သတ်၍ အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ကိုကျော်သန်းလှိုင် က ယခုလို ပြောဆိုသည်။
“ ကျွန်တော်တို့ ALD(Japan) အနေနဲ့ ALD နဲ့ RNDP ပေါင်းစည်းရေးကို အစဉ်တစိုက်တောင်းဆိုခဲ့တယ်။ ပါတီနှစ်ခုပေါင်းပြီး ANP ဖြစ်သွားတဲ့ အခါ ALD ( Japan) ကို တစ်ခြားနာမည်တစ်ခုနဲ့ ပြောင်းလဲ ဖွဲ့စည်းဖို့ လုပ်ခဲ့တယ်။ ဒါပေမယ့် အဲဒီကာလက ကန့်ကွက်မှုတွေရှိတဲ့ အတွက် အချိန်ယူခဲ့ရတယ်။ အခုတော့ ALD ( Japan) နာမည်နဲ့ ဆက်သွားရင် ANP ကို အနှောင့်အယှက် ဖြစ်နိုင်တဲ့ အတွက် အခုလို နာမည် ပြောင်းလဲ ဖွဲ့စည်းလိုက်တာပါ” ဟု ဆိုသည်။
ALD (Japan) အမည်အား ပြောင်းလဲ ဖွဲ့စည်းရန် အတွက် ဇွန်လ ၇ ရက်နေ့က အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး မဲစနစ်ဖြင့် ဆုံးဖြတ်ရာ ထောက်ခံမဲ ၂၁ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၄ မဲဖြင့် ရခိုင်အမျိုးသား အင်အားစု(ဂျပန်) ကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု သူက ပြောဆိုသည်။
ALD ( Japan) ကို ဂျပန်ရောက် ရခိုင်အမျိုးသားများ ခေတ်စနစ်၏ လိုအပ်ချက်အရ ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ရခိုင်အမျိုးသားများ၏ အရေးကိုသာမက မြန်မာ့ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်အရေးတို့တွင် ဂျပန်နိုင်ငံရောက် တစ်ခြား တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက် လှုပ်ရှားခဲ့သည်ဟု သိရသည်။
ယခုအမည်သစ်ဖြင့်ဖွဲ့စည်းလိုက်သော ရခိုင်အမျိုးသားအင်အားစု(ဂျပန်)သည် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် ဖက်ဒရယ်နိုင်ငံဖြစ်ပေါ်ရေး၊ ရခိုင်ကံကြမ္မာ ရခိုင်ဖန်တီးနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု သတင်း ရရှိသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment