Wednesday, June 10, 2015

ပေါက်တောမြို့နယ် ANP လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပြီးစီး

နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ( ANP) ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲကို ဇွန်လ ၅ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု သတင်း ရရှိသည်။

လက်ရှိ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး ANP ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံရသူ ဦးတက်ထွန်းအောင် လွှတ်တော်သုံးရပ် ရွေးချယ်ပြီးစီးသွားကြောင်းကို အတည်ပြု ပြောကြားသည်

အမျိုးသားလွှတ်တော်တွင် ပါတီတွင်း ဦးတက်ထွန်းအောင်၊ ဦးထွန်းဦးဇံ၊ ဦးအောင်သိန်းထွန်း တို့ ကိုယ်စားလှယ် သုံးဦး ၀င်ရောက် ယှဉ်ပြိုင်ရာ ဦးတက်ထွန်းအောင်က အနိုင်ရရှိခဲ့သည်။

ပြည်သူ့ လွှတ်တော်တွင် ဦးစောထွန်းစိန်နှင့် ဦးအောင်ကျော်ဇံတို့ ယှဉ်ပြိုင်ရာ ဦးအောင်ကျော်ဇံက အနိုင်ရရှိသွားခဲ့သည်။

ပြည်နယ် လွှတ်တော် အမှတ် (၁) နေရာတွင် ဦးသာထွန်းအောင်နှင့် ဦးသာထွန်းအေး တို့ ယှဉ်ပြိုင်ရာ ဦးသာထွန်းအောင် အနိုင်ရရှိသွားခဲ့သည်။ ပြည်နယ် လွှတ်တော် အမှတ် (၂) နေရာတွင် ဦးမောင်မြင့်နှင့် ဦးအောင်ကျော်ထွီးတို့ ယှဉ်ပြိုင်ရာ ဦးအောင်ကျော်ထွီးက အနိုင်ရရှိသွားခဲ့သည်။

ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ရမည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ကြံ့ခိုင်ရေး ပါတီက ဖြစ်ကြောင်း၊ ရခိုင်အမျိုးသားပါတီမှာ ပေါက်တောမြို့နယ်တွင် အားကောင်းသဖြင့် ကြံ့ခိုင်ရေး ပါတီကို အလွယ်တကူ အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဦးတက်ထွန်းအောင်က ပြောကြားသည်။

No comments: