စိုးသန်းလင်း
စင်္ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၈ ကြိမ်မြောက် Sea Games ပြိုင်ပွဲတွင် U-23 ဘောလုံးပြိုင်ပွဲ၌ ဒုတိယဆု ရရှိခဲ့သည့် မြန်မာ U-23 အသင်း၏ ကြိုးပမ်းခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်ကြောင်း ဇွန် ၁၆ရက် နံနက်က ချီးကျူး ပြောဆိုခဲ့သည်။
“ဘယ်နှစ်နှစ်ရှိပြီလဲ ဘယ်တုန်းကမှ ဘောလုံးပွဲကို တယ်လီဗေးရှင်းပေါ်မှာ အစကနေ အဆုံး မကြည့်ဖူးဘူး၊ မနေ့ကပဲ အစကနေကြည့်ဖူးတယ်၊ ကျေနပ်ပါတယ်။ ဒီလောက်တက်လာတာ တော်တော်ကို တော်တယ်လို့ ဒီလိုပဲ ပြောရမှာပဲ၊ ဘာဖြစ်လို့ လဲဆိုတော့ အန်တီတို့ နိုင်ငံက ဒီလိုမျိုးကစားတာ သိပ်မှမကြာသေးပဲ၊ အဲဒီတော့ နည်းနည်းတော့ အိပ်ရေးပျက်သွားတယ်”ဟု သူမက ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေး မစမီ မီဒီယာသို့ ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး နည်းမျိုးစုံ အဆောင်အယောင်မျိုးစုံတို့ဖြင့် တစ်ခဲနက် အားပေးခဲ့ကြသည့် ထိုင်းနှင့် မြန်မာ ဗိုလ်လုပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ဒုတိယနေရာ ရခဲ့သည်။ ယင်းဘောလုံးပွဲသည် ဇွန် ၁၅ရက် ည၇နာရီခွဲတွင် စတင်ခဲ့ပြီး ည ၉း၀၀ နာရီတွင် ပြီးစီးခဲ့သည်။ ထို့ ကြောင့် ည ၈း၀၀ နာရီတွင် အိပ်ရာဝင်ပြီး နံနက် ၄း၀၀ နာရီတွင် အိပ်ရာထလေ့ ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အိပ်ရာဝင် နောက်ကျခဲ့သည်ဟုလည်း သိရသည်။
No comments:
Post a Comment