ကေဇူး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တစ်ဘက်ကမ်းရှိ ကုလားတန် မြစ်ကြောင်းတစ်လျှောက်တွင် အိမ်ရာ စီမံကိန်း တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် ကိုရီးယားနိုင်ငံ အခြေစိုက် BXT International Co.Ltd တို့ ဇွန် ၅ ရက်က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြသည်။
ကုလားတန် မြစ်ကြောင်းတစ်လျှောက်ပေါ်တွင် မြေဧက တစ်ရာကျော်ကို ဖော်ထုတ်ပြီး အိမ်ရာ စီမံကိန်းများ တည်ဆောက်သွားမည်ဟု ဆိုသည်။
အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး ပြည်နယ် စီးပွားစီမံဝန်ကြီး ဦးမြအောင်က “အိမ်ရာစီမံကိန်း တွေ ဖြစ်လာရင် ဒီဒေသရဲ့ စီးပွားရေး၊ လူမှုရေး အဆင့် အတန်းတွေကအစ အားလုံး မြင့်လာမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မတ်လအတွင်းက စစ်တွေမြို့တစ်ဘက်ကမ်းရှိကစ္ဆပနဒီ အိမ်ရာစီမံကိန်းကို ရခိုင်ပြည်နယ် အစိုးရနှင့်ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သော ဆုထူးပန် ကုမ္ပဏီတို့ သဘောတူညီမှု လက်မှတ်ရေး ထိုးခဲ့သေးသည်။
“စစ်တွေမြို့ကြီးကို နိုင်ငံတကာ အဆင့်မီ မြို့တစ်မြို့အဖြစ် အကောင်အထည်ဖော်နိုင်အောင် စီမံကိန်းတွေ လုပ်နေတာဖြစ်ပါတယ်” ဟု ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဇွန်လ အတွင်းက သတင်းမီဒီယာများကို ပြောကြားထားသည်။
ရခိုင်ပြည်နယ်လွှတ်တော် အမတ်ဦးစောငြိမ်းက ထိုစီမံကိန်းများနှင့် ပတ်သက်၍ “တင်ဒါ ခေါ်တာတွေ လည်း မတွေ့ဘူးဗျ။ လူထုအတွက် ဘာဖြစ်လာမလဲ ဆိုတာ လည်း သိခွင့်မရှိဘူး” ဟု ဆိုသည်။
ကစ္ဆပနဒီအိမ်ရာစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း အိမ်ရာစီမံကိန်းတို့သည် ပြည်ထောင်စု အစိုးရ မပါဝင်ဘဲပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီများ သဘောတူညီမှု လက်မှတ်ရေး ထိုးရသော စီမံကိန်းများ ဖြစ်သည်။
No comments:
Post a Comment