Friday, June 19, 2015

ရန်ကုန်တိုင်းတွင် ကျပ်ဘီလီယံ ရှစ်ထောင်ကျော် ကုန်ကျမည့် မြို့သစ် ခုနစ်ခု တည်ဆောက်ရန် တိုင်းအစိုးရ ခွင့်ပြုချက်တောင်း

မင်းမင်း

မြေဧကပေါင်း တစ်သိန်းကျော်ပေါ်တွင် ကျပ်ငွေဘီလီယံပေါင်း ရှစ်ထောင်ကျော် ကုန်ကျမည့် မြို့သစ်(၇)ခု တည်ဆောက်ခွင့်ပြုရန် ရန်ကုန်အစိုးရအဖွဲ့၏ကိုယ်စား ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တိုင်းလွှတ်တော်၏ ခွင့်ပြုချက်ကိုတောင်းခံ လိုက်သည်။

အကောင်အထည်ဖော်ရန် တိုင်းလွှတ်တော်သို့ ခွင့်ပြုချက် တောင်းခံလိုက်သည့် မြို့သစ်(၇)ခုမှာရန်ကုန်အရှေ့ပိုင်းမြို့သစ်၊ ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့ သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီမြို့သစ်နှင့် လှည်းကူးမြို့သစ်တို့ ဖြစ် သည်။

ရန်ကုန်မြို့တွင် ကြုံတွေ့နေရသော အိုးမဲ့အိမ်မဲ့ပြဿနာ၊ ကျူးကျော်ပြဿနာ၊ ယာဉ်ကြောကြပ်တည်းမှု ပြဿနာနှင့် လူဦးရေသိပ်သည်း မှု မြင့်မားခြင်း ပြဿနာတို့ကို ဖြေရှင်းရန် အထက်ပါ မြို့သစ် စီမံကိန်းများသည် "ဦးစားပေး အကောင်အထည်ဖော်သင့်သည့် စီမံကိန်းလုပ်ငန်းရပ်များ" ဟု မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော် သို့ ရှင်းပြသည်။

ရန်ကုန်တိုင်းအစိုးရနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲထားသည့် "မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ အစီရင် ခံစာ" ကို ဇွန် ၁၀ ရက်တွင် ပြုလုပ်သည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် မြို့တော်ဝန်က တင်ပြစဉ် အဆိုပါ မြို့သစ် စီမံကိန်းများကို အကောင်အထည်ဖော်ရန် လွှတ်တော် ၏ခွင့်ပြု ချက်ကို တောင်းခံလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာကို ဇွန်လ ၁၉ ရက်တွင် ဆွေးနွေးရန် တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်လိုက်ပြီး လွှတ်တော် အမတ်များက ဆွေးနွေးလိုသည့် အကြောင်းအရာများကို ဇွန်လ ၁၅ ရက်တွင် နောက်ဆုံးထားကာ လွှတ်တော်သို့ တင်ပြရန် လွှတ်တော်ဥက္ကဋ္ဌက အသိပေးထားသည်။

အစီရင်ခံစာကို ဇွန်လ ၁၉ ရက်တွင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ကန့်ကွက်မည့် လွှတ်တော် အမတ် ဦးရေနည်း ပါက အထက်ဖော်ပြပါ မြို့သစ် စီမံကိန်းများ အကောင် အထည် ပေါ်လာမည့် အနေအထား ဖြစ်သည်။

တိုင်းလွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဒေါက်တာညိုညိုသင်းကမူ မြို့သစ် စီမံကိန်းများ အကောင်အထည်ဖော်ရန် ကုန်ကျ မည့်ငွေကြေးကို စနစ်တကျ စိစစ်ရန်လိုအပ်ပြီး အစိုးရက လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသင့်သည်ဟု လွှတ်တော် အစည်း အဝေးအပြီး သတင်းထောက်များကို ပြောသည်။

"ကုန်ကျမယ့် ဒီပိုက်ဆံ ဘယ်ကလာတာလဲဆိုတာ ထိန်းကျောင်းဖို့ ယန္တရားတစ်ရပ် အင်မတန် အရေးကြီးပါ တယ်" ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။ အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်တောင်းထားသည့် မြို့သစ်စီမံကိန်း တစ်ခုချင်းစီ၏ ကုန်ကျစရိတ်၊ အကျယ်အဝန်းများကိုလည်း မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်သို့ ရှင်းပြခဲ့သေးသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
 


ရန်ကုန်အရှေ့ပိုင်းမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၁၇,၃၇၅ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ငွေ ၄၉၁ ဒသမ ၂၃ ဘီလီယံ ကုန်ကျမည် ဖြစ်သည်။

ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၂၁,၇၁၆ ရှိပြီး မြို့သစ် တည်ဆောက်ရန် ကျပ်ဘီလီယံပေါင်း ၃,၀၇၀ ဒသမ ၆ ကုန်ကျမည် ဖြစ်သည်။ ထူးခြားချက်အဖြစ် အဆိုပါမြို့သစ်မှာ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ ထောက်ပြဝေဖန်မှုများကြောင့် ရပ်ဆိုင်းလိုက်ရသည့် ရန်ကုန်မြို့သစ်စီမံကိန်း၏ ဧရိယာအတွင်း ပါရှိသည်။ စီမံကိန်းနယ်နိမိတ်မှာ အရှေ့ဘက်တွင် ရန်ကုန်မြို့၏ အနောက်ဘက်ကမ်း၊ ပန်းလှိုင်မြစ်ဆုံရာမှ ရန်ကုန်မြစ် အတွင်း တွံတေးတူးမြောင်းဆုံရာအထိ၊ တောက်ဘက်တွင် ခနောင်တိုချောင်းနှင့် တွံတေးတူးမြောင်း အတိုင်း တူးမြောင်းကူးတံတားအထိ၊ အနောက်ဘက်တွင် လှိုင်သာယာ တွံတေးတူးမြောင်းအတိုင်း ပန်းလှိုင်မြစ်ကူး တံတားအထိ၊ မြောက်ဘက်တွင် ပန်းလှိုင်မြစ်တောင်ဘက်ခြမ်းအတိုင်း ရန်ကုန်မြစ်ဆုံရာအထိ ဖြစ်သည်။

သန်လျင်မြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၂၁,၁၉၃ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ငွေ ၉၂၆ ဒသမ ၅၂ ဘီလီယံ ကုန်ကျမည် ဖြစ်သည်။

ဒလမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၁၅,၁၇၃ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ငွေ ၁,၈၆၈ ဒသမ ၇၇ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။

ထန်းတပင်မြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၂၄,၇၄၈ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ငွေ ၁,၂၆၂ ဒသမ ၈၇ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။

မှော်ဘီမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၁၁,၅၉၄ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ငွေ ၂၇၁ ဒသမ ၉၇ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။

လှည်းကူးမြို့သစ်

မြို့သစ်၏ အကျယ်အဝန်းမှာ မြေဧကပေါင်း ၆,၉၃၃ ရှိပြီး မြို့သစ်တည်ဆောက်ရန် ကျပ်ငွေ ၂၈၅ ဒသမ ၅၅ ဘီလီယံ ကုန်ကျမည် ဖြစ်သည်။

No comments: