သူဇာ
ဧက တသိန်းကျော် ထပ်မံ ချဲ့ထွင် အကောင်အထည်ဖော်ရန် လျာထားသည့် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ (၂၀၄၀) စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ အပြတ်အသတ်ဖြင့် လုပ်ကိုင်ခွင့် အတည်ပြုခဲ့သည်။
ယနေ့ ကျင်းပသည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) အစည်းအဝေးတွင် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲ (၁၁၆) မဲတွင် ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၂ မဲနှင့် ပယ်မဲ ၁ ဖြင့် ထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် ယင်းမဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို အကောင်အထည် ဖော်နိုင်ရန် ဇွန်လ ၁၀ ရက်နေ့ တိုင်းလွှတ်တော် အစည်းအဝေးတွင် အဆိုတရပ် တင်သွင်းခဲ့သည်။
အဆိုတင်သွင်းကတည်းက ယင်းစီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်အချို့က ပွင့်လင်းမြင်သာမှု မရှိသည့် စီမံကိန်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။
စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိသည့်အချက်နှင့် ပတ်သက်၍ ယနေ့ လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ယခုကဲ့သို့ ဆွေးနွေး တင်ပြခဲ့သည်။
“မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ ရေးဆွဲထားတဲ့ စာမျက်နှာ ၆ မှာ စီမံကိန်း ဦးဆောင်မှု ကော်မတီဟု ဖော်ပြထားပါတယ်။ အဲဒီမှာ မည်သူတွေနဲ့ ဖွဲ့စည်းထားတာကို မတွေ့ရှိရတဲ့ အတွက်ကြောင့်မို့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ယူဆရပါတယ်။ တဆက်တည်း လေ့လာကြည့်တဲ့အခါမှာ သက်ဆိုင်ရာ လုပ်ငန်း ကော်မတီ အဖွဲ့တွေ ပါဝင်တာကို တွေ့ရပေမယ့် အဲဒါတွေက လှို့ဝှက်ထားတော့ ကော်မတီ ဖွဲ့စည်းတာပဲ၊ လျှို့ဝှက်ထားရမယ့် အနေအထားလားလို့ ကျနော်တို့ မေးခွန်းထုတ်စရာ ဖြစ်သွားပါတယ်။ ဒီစီမံကိန်းကြီးကို လူထုကို ချပြမယ်ဆိုရင် ကော်မတီကိုလည်းပဲ လူထုကို ထင်သာမြင်သာအောင် ချပြဖို့ လိုတယ်လို့ တင်ပြပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဆွေးနွေးခဲ့သည်။
ယင်းစီမံကိန်း အဆိုတွင် ဦးစားပေး အကောင်အထည်ဖော်ရန် ၇ နေရာ သတ်မှတ်ထားရာ ဒုတိယ ဦးစားပေးအနေနှင့် အကောင်အထည် ဖော်မည့် စီမံကိန်းသည် ယခင်နှစ်က ရပ်ဆိုင်းခံခဲ့ရသည့် ရန်ကုန်မြို့သစ် စီမံကိန်း ဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဆွေးနွေးရာ ဆွေးနွေးမှု ခေါင်းစဉ်နှင့် လွဲမှားနေသည် ဆိုပြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက လွှတ်တော်တွင် သတိပေးခဲ့သည်။
“ဒုတိယ ဦးစားပေးအနေနဲ့ ပါလာတဲ့ စီမံကိန်းဟာ သမ္မတအမိန့်နဲ့ ရပ်ဆိုင်းလိုက်တဲ့ စီမံကိန်းပါ။ ဒါကို ကျမက ထည့်ဆွေးနွေးဖို့ ကြိုးစားတာကို ပြီးခဲ့တဲ့ရက်က အတည်ပြုခဲ့ပြီးတဲ့ စီမံကိန်းကို ထည့်သွင်းပြောစရာ မလိုဘူး။ အခု ကျမ ဆွေးနွေးတဲ့ ခေါင်းစဉ်နဲ့ လွဲမှားနေတယ်ဆိုပြီး သတိပေးတာပါ။ ကျမကို ဆွေးနွေးခွင့် လုံးဝ မပေးပါဘူး” ဟု ဒေါက်တာ ညိုညိုသင်းက မီဒီယာများကို ပြောသည်။
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတွင် မြို့သစ်မြေနေရာအဖြစ် ၇ နေရာကို လျာထားပြီး မြေဧက ၁၁၈၇၃၂ ဧကတွင် အကောင်အထည် ဖော်ဆောင်မည်ဟု ရေးဆွဲထားကြောင်း သိရသည်။
စီမံကိန်းတွင် ဦးစားပေး ဆောင်ရွက်မည့် နေရာများအဖြစ် ပထမဦးစားပေးသည် ရန်ကုန် အရှေ့မြောက်ပိုင်း မြို့သစ်၊ ဒုတိယ ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင် မြို့သစ်၊ မှော်ဘီမြို့သစ်၊ လှည်းကူးမြို့သစ်များကို အဆင့်ဆင့် သတ်မှတ်ထားကြောင်း သိရသည်။
မြို့သစ်များ တည်ဆောက်ရန် လျာထားချက်များအရ ရန်ကုန် အရှေ့မြောက်ပိုင်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ဘီလီယံပေါင်း ၄၉၁ ဒသမ ၂၃ ၊ ရန်ကုန် အနောက်တောင်ပိုင်းအတွက် ကျပ်ဘီလီယံပေါင်း ၃၀၇၀ ဒသမ ၆၀၊ သန်လျင် မြို့သစ် အတွက် ၉၂၆ ဒသမ ၅၂ ဘီလီယံ ၊ ဒလမြို့သစ်အတွက် ၁၈၆၈ ဒသမ ၇၇ ဘီလီယံ၊ ထန်းတပင် မြို့သစ် အတွက် ၁၂၆၂ ဒသမ ၈၇ ဘီလီယံ၊ မှော်ဘီမြို့သစ်အတွက် ၂၇၁ ဒသမ ၉၇ ဘီလီယံ၊ လှည်းကူး မြို့သစ်အတွက် ၂၈၅ ဒသမ ၅၅ ဘီလီယံ တို့ဖြင့် စုစုပေါင်း ကျပ်ဘီလီယံ ၈၁၇၇ ဒသမ ၅၁ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် လျာထားသည့် မြေနေရာများအတွက် နေရာသတ်မှတ်ချက်အလိုက် အစိုးရဘက်မှ တဧကလျှင် ကျပ် သိန်း ၅၀၊ ကျပ် သိန်း ၁၀၀ ခန့်သာ ပေးရန် စီမံကိန်းအဆိုတွင် ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။

No comments:
Post a Comment