Tuesday, June 16, 2015

လှေစီးရွှေ့ပြောင်းသူတွေကို နေရပ်ပြန်ပို့ရန် ရခိုင်ဒေသခံများ အစိုးရကို တိုက်တွန်း ဆန္ဒပြ

မဇ္ဈိမ

ပင်လယ်ပြင်က ကယ်ဆယ်ထားသည့် လှေစီးရွှေ့ပြောင်းဒုက္ခသည်များ အားလုံးကို ၎င်းတို့ နေရပ်ကို ပြန်ပို့ရန် ရခိုင်ဒေသခံများက အစိုးရကို တိုက်တွန်းကာ ဇွန် ၁၄ရက်က ဆန္ဒပြခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ခုက ဒေသခံများ၊ သံဃာများ စုစုပေါင်း ၂၀၀၀ကျော်က စစ်တွေမြို့ကို လာရောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲကို စည်းရုံးကျင်းပသည့် အောင်ဌေးဆိုသူကမူ ''လှေစီးဒုက္ခသည်တွေကို သူတို့ရဲ့ နေရင်းနိုင်ငံကို အခုချက်ချင်းပြန်ပို့ပါ။ ကျွန်တော်တို့ရဲ့ ပြည်နယ်ကို မဖျက်ဆီးပါနဲ့''ဟု ပြောကြားသည်။

အကယ်၍ ရွှေ့ပြောင်းအခြေချများကို နိုင်ငံက လက်ခံလိုက်ပါက နောက်ထပ်လည်း ရောက်လာဦးမည်ဖြစ်ပြီး ပြဿနာ ပိုမိုကြီးထွားလာလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

ရွှေ့ပြောင်းအခြေချ ၁၅၀ကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ပေးခဲ့ပြီး ဒုတိယအသုတ်အဖြစ် ၃၇ဦးကိုလည်း ထပ်မံပို့ဆောင်တော့မည် ဖြစ်သည်။ ကျန်လူများ မည်သည့်နိုင်ငံသားများဖြစ်သည်ကိုမူ စစ်ဆေးခွဲခြားဆဲပင်ဖြစ်သည်။ ရခိုင်အစိုးရကမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသူများကို နေရပ်နိုင်ငံသို့ ချက်ချင်းပြန်ပို့နိုင်ရန် စီစဉ်နေကြောင်း ပြောကြားထားသည်။

No comments: