Wednesday, June 10, 2015

ရန်ကုန်မြို့တွင်း လူကူးခုံးကျော် တံတား ၆ စင်း ထပ်ဆောက်မည်

မေစိုးစံ

ရန်ကုန်မြို့တွင်း၌ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ထပ်မံတည်ဆောက်မည့် လူကူးခုံးကျော်တံတား ၆ စင်း စီမံကိန်းအတွက် စမ်းသပ်မှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနမှ သိရ သည်။

“အခု Soil Test (မြေသားစမ်းသပ်မှု) တွေ စလုပ်နေတယ်၊ ပြီးရင် ဒီဇိုင်း လုပ်မယ်၊ ရိုးရိုးလှေကားတွေပဲ တည်ဆောက်သွားမယ်” ဟု လမ်းတံတားဌာန လက်ထောက် ဌာနမှူး ဦးတင်ထွန်းဦးက ပြောသည်။

လူကူးခုံးကျော်တံတား ၆ စင်းကို ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းမ၊ လသာမြို့နယ် အနော်ရထာ လမ်းနှင့် လမ်းမတော် လမ်းဆုံ၊ ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနှင့် ဗဟန်း (၃) လမ်း၊ ကမာရွတ်မြို့နယ် ပညာရေး တက္ကသိုလ် နှင့် Juction Square ရှေ့၊ ပြည်လမ်းနှင့် မာလာဆောင်အရှေ့၊ ပြည်လမ်းနှင့် အင်းလျားကန်ရှေ့တို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

တည်ဆောက်မည့် ခုံးကျော်တံတား ၆ စင်းအတွက် ဘဏ္ဍာငွေ ကျပ် သန်း ၁,၅၂၀ လျာထားကြောင်း ဦးတင်ထွန်းဦးက ပြော သည်။

“ပြီးခဲ့တဲ့ နှစ်တုန်းက ၅ စင်း တည်ဆောက်ဖို့ စီစဉ်ခဲ့တယ်။ ၃ စင်းတော့ ပြီးသွားပြီ။ ကမာရွတ် လှည်းတန်း လမ်းဆုံနဲ့ မော်တင် လမ်းဆုံက လူကူးတံတား ၂ စင်းက ဆောက်နေဆဲပါ”ဟုလည်း ဦးတင်ထွန်းဦးက ဆိုသည်။

တည်ဆောက်ပြီးစီးသွားသည့် ခုံးကျော်တံတား ၃ စင်းသည် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့် ကုန်တိုက်အရှေ့တွင် စက်လှေကားပါ လူကူးခုံးကျော်တံတား၊ ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းဆုံတွင် စက်လှေကားပါ လူကူးခုံးကျော်တံတားနှင့် မင်္ဂလာဒုံမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း အရှေ့ ပြည်လမ်းပေါ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းစေရန်အတွက် လူကူးခုံးကျော် တံတားများ တည်ဆောက် ပေးနေသော်လည်း လူကူးတံတား ကို အသုံးပြု သွားလာနေသူ အရေအတွက်သည် ၅၀ ရာခိုင်နှုန်းသာ ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနမှ သိရသည်။

No comments: