Wednesday, June 17, 2015

တက်သစ်စ မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရမှု ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေး

ကျော်စိုးမိုး

တက်သစ်စ မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရသည့်အမှုအတွက် ပြန်ခေါ် သက်သေနှစ်ဦးကို ဇွန် ၁၁ ရက်၊ မွန်းလွဲပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

အမှုအတွက် တရားစွဲခံထားရသည့် ကိုအံ့ဖြိုးပိုင်ကို မေ ၂၉ ရက်က သေဒဏ်ကျခံစေရမည့် ပြစ်မှုပုဒ်မ ၃၀၂(၁)(ခ) ဖြင့် စွဲချက်တင် အမိန့်ချမှတ်ပြီးနောက် ပြန်ခေါ်သက်သေများကို စစ်ဆေးနေခြင်းဖြစ်ကာ ဇွန် ၁၁ ရက်က အေးချမ်းမြတ်မိုး၏ အိမ်နီးချင်းဖြစ်သူ ဦးခင်မောင်မောင်စိုးနှင့် သူငယ်ချင်းဖြစ်သူ မစန္ဒကူးလှိုင် တို့နှစ်ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မစန္ဒကူးလှိုင်ကို စစ်ဆေးရာ ပြီးခဲ့သည့် ၂၀၁၄၊ သြဂုတ် ၂၃ ရက်က ကန်တော်ကြီး မျှော်စင်ကျွန်း အနီးတွင် ၎င်းနှင့် အေးချမ်းမြတ်မိုး အတူရှိနေစဉ် အံ့ဖြိုးပိုင်ရောက်ရှိလာပြီး ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ ခြင်းရှိသည်ဟု တရားလိုပြ သက်သေအဖြစ် အစစ်ဆေးခံချိန်က ထွက်ဆိုထားခဲ့ခြင်းနှင့် ပတ်သက်၍ တရားပြိုင်ရှေ့နေက မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့မေးမြန်းရာတွင် မစန္ဒကူးလှိုင်က အဆိုပါ ခြိမ်းခြောက်ခံရသည့်ဖြစ်စဉ်ကို ၎င်းတို့၏ လူကြီးမိဘများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများကို အကြောင်းကြားခဲ့ခြင်း မရှိဟု ထွက်ဆိုခဲ့ပြီး ခြိမ်းခြောက်ခံရ သည်ဆိုသောနေ့ ဖြစ်သည့် သြဂုတ် ၂၃ ရက်က၊ အံ့ဖြိုးပိုင်သည် ရှိုးပွဲတစ်ခုသို့ ရောက်နေသည် ဆိုခြင်းကို လည်း မသိပါဟု ထွက်ဆိုခဲ့သည်။

အမှုအတွက် ပြန်ခေါ်သက်သေ ခြောက်ဦးကို စစ်ဆေးရန် တင်သွင်းထားပြီး ကျန်ရှိနေသည့် ရဲအရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအပါအဝင် လေးဦးကို ထပ်မံစစ်ဆေးသွားမည် ဖြစ်သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်သြဂုတ် ၂၆ ရက်၊ ည ၇ နာရီဝန်းကျင်က ဒဂုံမြို့နယ်၊ ဦးဝိစာရ အိမ်ရာ၊ တိုက်အမှတ် ၃၂ ၊ ၃ လွှာတွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မော်ဒယ် အေးချမ်းမြတ်မိုး အပြင်မှ ပြန်လာစဉ် တိုက်ခန်း၏ ဒုတိယထပ်တွင် အဆိုပါ အိမ်ရာဝင်းအတွင်း၌ နေထိုင်သည့် ကိုအံ့ဖြိုးပိုင် ဆိုသူက လည်ပင်းကို ဓားနှင့် ထိုးခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်စဉ်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အံ့ဖြိုးပိုင်ကို ဒဂုံမြို့မ ရဲစခန်းက (ပ) ၁၈၄/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အနောက်ပိုင်းခရိုင် တရားသူကြီးက ပြစ်မှုကြီးအမှတ် ၈၃/၁၄ ဖြင့် လက်ခံစစ်ဆေးနေကာ လာမည့်ဇွန် ၁၈ ရက်တွင် ပြန်ခေါ်သက်သေကို စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားသည်။

No comments: