တင်ထက်ပိုင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော အသက် ၇၀ နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို အလုပ်တာဝန်ကြောင့် မအားလပ်သည့်အတွက် ၂ ရက်နောက်ကျပြီးမှ ဇွန်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမ၌ နံနက် ၉ နာရီမှ ၁၀ နာရီအထိ ကျင်းပမည်ဟု သတင်းရရှိသည်။
ယင်းမွေးနေ့ပွဲ အခမ်းအနားကို NLD ပါတီမှ ဦးဆောင်ကျင်းပကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည် ဖြစ်ပြီး သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ NLD ဗဟိုကော်မတီဝင် ၁၂၀၊ အရန်ကော်မတီဝင် ၃၀၊ ဗဟို လုပ်ငန်းအဖွဲ့ဝင် ၅၀ စသည်ဖြင့် ဧည့်သည်အရေအတွက် ၂၅၀ ခန့် ဖိတ်ကြားထားကြောင်း တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မွေးနေ့ ကျရောက်သည့် ၁၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ တာဝန် ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် နေပြည်တော်တွင် အကျဉ်းချုံး မွေးနေ့ပွဲ ပြုလုပ်ကာ ၂၁ ရက်နေ့တွင် ရန်ကုန်၌ ပြန်လည် ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဦးစိုးညွန့်၏ အဆိုအရ သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကတော့ အမှန်တကယ် ဒီနေ့ပါ။ ဒါပေမယ့် သူလွှတ်တော် တက်နေရပါတယ်။ လွှတ်တော်ကို သူ အကြောင်းမဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ဘယ်တော့မှ သူမပျက်ပါဘူး။ ညနေ လေယာဉ်ပျံနဲ့ ပြန်လာပါမယ်။ မနက်ဖြန် ဒီမှာ ဗဟိုကော်မတီ အစည်းအဝေး ရှိပါတယ်။ ဗဟိုကော်မတီ အစည်းအဝေး မနက်ဖြန် ဖွင့်ပွဲနေ့မှာ သူ ပါတီဥက္ကဋ္ဌ တယောက် အနေနဲ့ ပြောဖို့ ရှိပါတယ်။ ဒုတိယနေ့ ကျရင်တော့ မွေးနေ့လေး လုပ်ဖို့ရှိပါတယ်။ အဲဒါကတော့ ၉ နာရီကနေ ၁၀ နာရီ ကြားပါ” ဟု ဦးစိုးညွန့်က ပြောသည်။
ခန်းမနေရာ အခက်အခဲကြောင့် ဧည့်သည် အများအပြား မဖိတ်ကြားနိုင်ဘဲ ပါတီ အဖွဲ့ဝင်များ၊ ဖိတ်သင့်ဖိတ်ထိုက်သော သံတမန်နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဧည့်သည်များနှင့် အကျဉ်းချုံးကာ ပြုလုပ်သွားရန် စီစဉ်ထားပြီး “ပန်းရဲ့လမ်း” အဖွဲ့မှလည်း လာရောက် ဖျော်ဖြေမှု ပြုလုပ်မည်ဟု ဦးစိုးညွန့်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ၏ မေတ္တာများ၊ ထောက်ခံသူများ၏ စေတနာ တန်ဖိုးများကို သိခဲ့ရပြီး အင်အားဖြစ်စေခဲ့ကြောင်း၊ မြန်မာပြည်သူများအား သန့်ရှင်းသော နိုင်ငံရေးလမ်းစဉ်ကို ကျင့်သုံးစေချင်ကြောင်း၊ နိုင်ငံအတွက် အင်မတန် အရေးကြီးသော၊ နိုင်ငံ၏ နောက်နှစ်ပေါင်းများစွာသော အနာဂတ်အတွက် အဆုံးအဖြတ် ပေးနိုင်မည့် ရွေးကောက်ပွဲတွင် မှန်မှန်ကန်ကန် ရလဒ်ထွက်နိုင်ရန် လိုအပ်ကြောင်း စသည်ဖြင့် ဗီဒီယိုဖိုင်မှတဆင့် မွေးနေ့ အမှတ်တရစကား ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “မွေးနေ့အတွက် ပြောတဲ့စကားတွေဟာ နိုင်ငံရေး စကားတွေပဲလားလို့ တချို့က မေးပါတယ်။ အဲဒါကတော့ ရှောင်လို့မရပါဘူး။ ကျမ ဒီလို မွေးနေ့အတွက် ပြောရတဲ့ အခြေအနေ ရောက်လာတာလည်း နိုင်ငံရေးကြောင့် ရောက်လာတာပါ။ ဒါကြောင့် နိုင်ငံရေး စကားပဲ ပြောရမှာပါပဲ။ ဒီနိုင်ငံဟာ အခုနှစ်ဆိုရင် ကျမရဲ့ ၇၀ မြောက် မွေးနေ့ ရှိလို့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်မို့လို့ အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒီရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် ရလဒ်ထွက်ဖို့ဆိုတာ ကျမတို့ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်” ဟု ပြောကြားထားသည်။
နေပြည်တော်တွင် အကျဉ်းချုံး ကျင်းပမည့် မွေးနေ့ပွဲနှင့် ပတ်သက်၍ နေပြည်တော်သို့ ရောက်ရှိနေသော NLD လွှတ်တော် ကိုယ်စားလှယ်များထံသို့ ဧရာဝတီမှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
သို့သော် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်အား မွေးနေ့အထိမ်းအမှတ်အဖြစ် အနီရောင် နှင်းဆီပန်းများ ပေးခဲ့ကြကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့ချုပ်၏ ဌာနချုပ်ရုံးစိုက်ရာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်တွင်လည်း NLD ပါတီ၏ နာယက ဦးတင်ဦးက ဦးဆောင်၍ ရဟန်း၊ သံဃာများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခဲ့ခြင်း၊ NLD လူငယ်လုပ်ငန်းအဖွဲ့က ဦးစီး၍ ပြည်သူလူထုနှင့် စုပေါင်းသွေးလှူဒါန်းပွဲ တခုကို ရန်ကုန်မြို့ အမျိုးသားသွေးဌာနတွင် ဇွန်လ ၁၉ ရက်နေ့ မနက် ၁၁ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပခဲ့ခြင်းများလည်း ရှိကြောင်း သတင်းရရှိသည်။
ထို့အပြင် မန္တလေး၊ ဧရာဝတီတိုင်း အစရှိသည့် ပြည်နယ်နှင့် တိုင်း အသီးသီးတွင် NLD အဖွဲ့ဝင်များက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူဒါနများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

No comments:
Post a Comment