ထွန်းထွန်း
မန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်အတွင်း မြန်မာ နယ်ခြားစောင့်တပ် (BGP) နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ် (BGB) တို့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာ့ ရေပိုင်နက်အတွင်း လက်နက် ကိုင်ဆောင်ထားသည့် အရပ်ဝတ် လူ ၃ ဦး ပါဝင်သော စက်လှေတစီး ကျွံဝင်လာသဖြင့် စစ်ဆေး မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိဘဲ စတင် ပစ်ခတ်ခဲ့ သောကြောင့် မြန်မာဘက်က ပြန်လည် ပစ်ခတ်ခဲ့ရကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းက ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းက “ဒီပစ်ခတ်မှု ဖြစ်စဉ်မှာ သူတို့ဘက်က တယောက်ကို လက်နက်နဲ့အတူ ဖမ်းမိခဲ့တယ်။ ကျနော်တို့ဘက်ကလည်း တယောက် ဒဏ်ရာနည်းနည်း ရသွားတယ်၊ သူတို့ဘက်က တယောက်လည်း ခေါင်းမှာ ဒဏ်ရာ ရသွားတယ်လို့ သိထားပါတယ်” ဟု ပြောသည်။
ပစ်ခတ်မှုကြောင့် အရပ်ဝတ်ဖြင့် BGB တပ်ဖွဲ့ဝင် တဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တဦးမှာလည်း ဒဏ်ရာ ရရှိသွားကြောင်း၊ မြန်မာဘက်မှ BGP တပ်ဖွဲ့ဝင် တဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုနှင့်ပတ်သက်၍ BGB ဘက်မှ ကင်းလှည့်ရေယာဉ်မှာ ကင်းလည့်နေစဉ် နားလည်မှု လွဲမှားကာ ပစ်ခတ် ခံခဲ့ရကြောင်းနှင့် တပ်ဖွဲ့ဝင် တဦးလည်း ဖမ်းဆီးခံထားရကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် BDnews က ရေးသား ထားသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းက “နတ်မြစ်က အကျယ်ကြီးပါ။ မှားစရာလည်း မရှိပါဘူး။ နောက်ပြီး အရပ်ဝတ်နဲ့ ကင်းလှည့်တယ်ဆိုတာ သိပ်တော့ အဓိပ္ပာယ် မရှိပါဘူး” ဟု သုံးသပ်သည်။
BGB ဘက်မှ ဒဏ်ရာ ရရှိခဲ့သူမှာ အသက် (၂၁) နှစ်အရွယ် Bilpob ဆိုသူ ဖြစ်ကြောင်း သိရပြီး ကော့စ်ဘဇား ဆေးရုံကို တင်ပို့ ကုသထားရကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဆိုသည်။
ဖမ်းဆီးရမိ ထားသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB မှ တပ်သားအား မြန်မာ နယ်ခြားစောင့်တပ် တာဝန်ရှိသူများက စစ်ဆေးလျက်ရှိပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ အကြား ဆက်သွယ် ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:
Post a Comment