ဖဲဘူး
ဘာလခဲမြို့နယ် ရေနီပေါက်ကျေးရွာတွင် တည်ဆောက်မည့် ခနောက်စိမ်းသန့်စင်စက်ရုံ ကို ဒေသခံများ သဘောမတူပါက ရုတ်သိမ်းပေးမည်ဟု လူထုကုန်သွယ်ပံ့ပိုးမှုမြန်မာ (Business support Myanmar) ကုမ္ပဏီ မှ မန်းနေဂျင်းဒါရိုက်တာ ဦးမျိုးသန့်က ဆိုသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ဒေသခံများနှင့် ကုမ္ပဏီ တို့ တွေ့ဆုံကာ စာချုပ်သစ် ပြန်လည်ချုပ်ဆိုရေး အတွက် ဆွေးနွေးခဲ့ကြသည်။
"သဘောမတူခဲ့ ရင်တော့ မလုပ်ရုံပဲရှိတာပေါ့။ သဘောမတူဘူး မလုပ်ပါနဲ့ ဆိုရင် ကျနော်တို့ မလုပ်ဘူး။ ဒီတနည်းပဲရှိတယ်ပေါ့" ဟု ဦးမျိုးသန့်က ဆိုသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်တွင်းရှိ လူမှုအသင်းအဖွဲ့များကလည်း တက်ရောက်လာကြပြီး ဒေသခံများ အတွက် မေးမြန်း တောင်း ဆိုပေးကြသည်။
ကုမ္ပဏီဖက်မှ ဒေသများတောင်း ဆိုသော အချက်များကို အလေးထားကာ စာချုပ် ချုပ်ဆိုပေးသွာမည်ဖြစ်ပြီး ဒေသခံများက လက်မခံပါကလည်း စက်ရုံတည်ဆောက်မည့်ကိစ္စ ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ဆိုသည်။
တွေ့ဆုံပွဲတွင် သန့်စင်စက်ရုံတည်ဆောက်ပြီးပါက ထွက်လာမည့် ဘေးထွက်ဆိုးကျိုးများအတွက် ကုမ္ပဏီမှ တာဝန်ယူပေးရန် နှင့် ၎င်းကိစ္စကို စာချုပ်အတွင်း ထည့်သွင်းပေးရန် ဒေသခံများကအဓိက အတောင်းဆိုထားသည်။
သန့်စင်စက်ရုံတည်ဆောက် ရန်အတွက် အနီးနားပတ်ဝန်ကျင်ရှိ ကျေးရွာ ၇ ရွာမှ ဒေသခံများ သဘောတူညီချက်ရယူရမှာဖြစ်ပြီး လက်ရှိတွင် ဝမ်ချယ်ကျေးရွာမှ ကန့်ကွက်ထားကြောင်း သိရသည်။
"ကောင်းကျိုးနဲ့ ဆိုးကျိုးကတော့ ဆိုးကျိုးပဲဖြစ်လာမယ်လို့ထင်တယ်။ အဲဒါကြောင့် ကျနော်တို့ လူငယ်တွေလာပြီး ကန့်ကွက်တာပေါ့" ဟု ဝမ်ချယ်ရွာမှ လူငယ်ခေါင်းဆောင် ကိုကျော်ကင်းကဆိုသည်။
ပထမအကြိမ်ချုပ်ဆိုခဲ့သော စာချုပ်တွင် အချက် အလက် ၅ ခုသာ ပါဝင်ခဲ့ပြီး ကျေးရွာ တာဝန်ရှိသူများ အချို့၏ သဘောတူမှုဖြင့်သာ ချုပ်ဆိုခဲ့ကြောင်းသိရသည်။
"အရင်စာချုပ်ချုပ်တုန်းကတော့ ဥပဒေအမြင်အရ ပြောရမယ်ဆိုရင် ဥပမာ ဆိုးကျိုး၊ ကောင်းကျိုးမပါဘူး။ နှစ်ဖက် ကတိ ခံဝန်ချက်မပါဘူး။ အဲဒါကြောင့်မလို့ ဒီစာချုပ်ကို ပြန်ချုပ်သင့်တယ်ပေါ့" ဟု law home မှ မနန်းသက်သက်ဝေက ဆိုသည်။
တွေ့ဆုံပွဲတွင် ကုမ္ပဏီဖက်မှ သန့်စင်စက်ရုံတွင် အသုံးပြုမည် နည်းပညာကို ဒေသခံများထံ ရှင်းလင်းပြခဲ့ပြီး စက်ရုံစွန့်ပစ်ပစ္စည်းများမှ ထွက်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးအတွက် အာမခံကာ စာချုပ် ချုပ်ဆိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စာချုပ်သစ်ထပ်မံ ချုပ်ဆိုရေးအတွက် တွေ့ဆုံပွဲကို တက်ရောက်လာသော ကိုယ်စားလှယ်များက မိမိတို့ ကျေးရွာရှိ လူထုနှင့် ထပ်မံ တွေ့ဆုံပြီးမှ သဘောထားရယူကာ စာချုပ်ချုပ်သင့် မချုပ်သင့်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်စင်စက်ရုံ တည်ဆောက်မည့် နေရာ အနီးတွင် ရေနီပေါက်ရွာ၊ ဝမ်ချယ်ရွာ၊ မိုင်းထမ်း၊ ချီးကွဲ့၊ နန်းနောက်၊ စောလောက်၊ ဘောလခဲ ကျေးရွာ တို့တည်ရှိသည်။

No comments:
Post a Comment