မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေမြို့တစ်ဘက်ကမ်းရှိ ပေါက်တောမြို့နယ် သဲခုံကျေးရွာမှ ဆံတော်ရှင်ဘုရားသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်ရန် မြေသားလမ်းအား စတင်ဖောက်လုပ်နေပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က နိရဉ္စရာသို့ပြောသည်။
“စတင်ဖောက်လုပ်နေတာ ရက် ၂ဝ လောက်တောင်ရှိပါပြီ။ လောလောဆယ်တော့ မြေသားလမ်းဖောက်နေ တာပေါ့နော်” ဟု ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးအား နိရဉ္စရာမှ ဇွန်လ ၁၅ ရက်နေ့က မေးမြန်းစဉ် ပြောကြားသည်။
အဆိုပါလမ်းအား ကုမ္ပဏီနှစ်ခုက တာဝန်ယူဖောက်လုပ်နေခြင်းဖြစ်သည့်အတွက် များမကြာမီပြီးစီးနိုင်မည်ဟု လည်း သူက ဆိုသည်။
သဲခုံကျေးရွာမှ ဆံတော်ရှင်စေတီတော်တောင်ခြေအထိ အရှည်မိုင် ၂၂ မိုင် ၇ ဖာလုံရှိသော အဆိုပါလမ်းကို အနောက် ဖရုံကာကျွန်း ပင်လယ်ဘက်အခြမ်းမှ စတင် ဖောက်လုပ်နေခြင်းဖြစ်ပြီး ယင်းလမ်းကို ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ် ၅၈၅ သန်းကျော်ဖြင့် ဖောက်လုပ်နေခြင်းဖြစ်ကြောင်း ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါလမ်းအား လောလောဆယ်မြေသားလမ်းဖောက်လုပ်ထားမည်ဖြစ်ပြီး ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်/ မမြှင့်ဆိုသည်ကို မသိရသေးဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။
ယခုကဲ့သို့လမ်းဖောက်လုပ်လိုက်ခြင်းနှင့်ပတ်သက်ပြီး ပေါက်တောဒေသခံ ကိုအောင်သန်းထူးက “အခုလိုမျိုး လမ်းဖောက်လုပ်လိုက်တာက ကောင်းပါတယ်။ တစ်ရွာနဲ့တစ်ရွာလည်း ဆက်သွယ်သွားလာမှု လွယ်ကူ သွားမယ်လေ။ ကုန်ပစ္စည်းလေးတွေလည်း တစ်ရွာနဲ့တစ်ရွာရောင်းချလို့ရမယ်။ ဝင်ငွေတွေရလာမယ်။ အရင်ဆိုရင် အဲဒီနေရာမှာ လမ်းမရှိ လို့ တစ်ရွာဝင်တစ်ရွာထွက် သွားခဲ့ကြရတယ်”ဟု ဆိုသည်။
အဆိုပါမြေသားလမ်းမှာ များမကြာမီပြီးစီးနိုင်မည်ဖြစ်သည့်အတွက် လာမည့်ဆံတော်ရှင်ဘုရားပွဲတွင် ဘုရားဖူး များအနေဖြင့် စစ်တွေတစ်ဘက်ကမ်းရှိ သဲခုံကျေးရွာမှတဆင့် ဆံတော်ရှင်ဘုရားပွဲသို့ ယင်းမြေသားလမ်းမှ တဆင့်သွား ရောက်ဖူးမြော်နိုင်တော့မည်ဖြစ်သည်။

No comments:
Post a Comment